“မြန်မာ”ဟူသော “မြန်မာစိတ်ဓာတ်” နှင့် အမျိုးသားနေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“မြန်မာ”ဟူသော “မြန်မာစိတ်ဓာတ်” နှင့် အမျိုးသားနေ့


မောင်သမ္မာဒိဋ္ဌိ

“မြန်မာ” ဟူသော အမည်သည် တိုင်းရင်းသား လူမျိုးတစ်မျိုးတည်းကို ရည်ညွှန်းကိုယ်စားပြုသည့် အမည်လုံးဝ မဟုတ်ပါ။ မြန်မာအဘိဓာန်ကျမ်းကြီး “မြန်မာနိုင်ငံအဘိဓာန်ကျမ်းကြီး” တွင် “နှစ်ရှည် ကာလရှည်စွာ အစဉ်အဆက် ပျံ့နှံ့စွာ အတူတကွ အခြေစိုက်နေထိုင်သော တိုင်းရင်းသားလူမျိုး”ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ထို့ကြောင့် “မြန်မာ” ဟူသော အမည်နာမသည် ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးနွယ်စုအားလုံးအတွက် ပေါင်းရုံး သိမ်းကျုံးကာ ခေါ်ဝေါ်သတ်မှတ်ထားသည်မှာ ထင်ရှားလှပါသည်။ အင်္ဂလိပ်ဘာသာအားဖြင့်လည်း “ပြည်ထောင်စု မြန်မာနိုင်ငံ” (Union of Myanmar) ဟု ဖွင့်ဆိုသတ်မှတ်ထားခြင်း ဖြစ်ပါသည်။


တစ်ခုတည်းသော ပိုင်နက်နယ်မြေနယ်နိမိတ်အတွင်း၌ နှစ်ပရိစ္ဆေဒရှည်ကြာလှစွာ ကတည်းကပင် ဘိုးဘေးဘီဘင် အစဉ်မပြတ် နေရာဒေသဖြန့်၍ ပျံ့နှံ့စွာ ကူးလူးသွားလာ ဆက်ဆံပေါင်းသင်း မှီတင်း အခြေစိုက် မိလိုက်ဖပါ နေထိုင်လာကြကုန်သော ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုအမည်စကားလုံး နှစ်လုံးတည်းဖြင့် ပေါင်းရုံးကာ“မြန်မာ” ဟု ခေါ်ဆိုခြင်းပင် ဖြစ်ပါသည်။


“မြန်မာစိတ်ဓာတ်”နှင့် ဝံသာနုရက္ခိတတရား


ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းတွင် ကြုံတွေ့ခဲ့ရသည့် သူ့ကျွန်ဘဝသည်လည်း မျိုးချစ် စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးကို အမြဲတစေ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ဖော်ပြ နေသည့် သမိုင်းရေးသင်ခန်းစာတစ်ခုဖြစ်ပါသည်။


မျိုးချစ်စိတ်ဓာတ်နှင့် ဝံသာနုရက္ခိတတရားကို အရင်းခံခဲ့သောကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံ တော်နှင့် မြန်မာလူမျိုးဟူ၍ တည်ရှိနေခြင်းပင် ဖြစ်ပါသည်။ အမှန်မှာ နှစ်ပေါင်းထောင်ချီ၍ ကြာရှည်တည်တံ့ခဲ့သော မြန်မာ့သမိုင်းသည် မျိုးချစ်စိတ်ဓာတ်ရှိသူများ၏ သမိုင်းသာ ဖြစ်ပါသည်။ အနော်ရထာအစ၊ ဘုရင့်နောင်အလယ်၊ အလောင်း ဘုရားအဆုံး မြန်မာ့သမိုင်းကို လက်ရုံးရည်၊ နှလုံးရည်တို့ဖြင့် ဖန်တီးတည်ဆောက်နိုင်ခဲ့ကြသူတို့သည် မျိုးချစ်စိတ်ဓာတ်၊ ဝံသာနုရက္ခိတတရားကို နှလုံးသွင်းကျင့်ကြံ ဆောင်ရွက်ခဲ့ကြသူများပင်ဖြစ်ပါသည်။ ထိုခေါင်းဆောင်ကြီးများသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် အမျိုးဘာသာသာသနာ တို့ကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြပါသည်။


အင်္ဂလိပ်ကိုလိုနီနယ်ချဲ့၏ တစ်ပါးကျွန်ဘဝမှ လွတ်မြောက်အောင် ကြံဆောင်ကြိုးပမ်းခဲ့ကြရာ တွင်လည်း မျိုးချစ်စိတ်ကို အရင်းခံ၍ ဆောင်ရွက် ခဲ့ကြပါသည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၊ သမိုင်းနှင့် ယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုးတတ်ကြသူများ၊ နိုင်ငံတော်ကို ဖန်တီးဦးဆောင် တည်ဆောက်ခဲ့ကြသူများသာ ဖြစ်ကြပါသည်။ ကမ္ဘာတည်သရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်ကြာစွာ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာလည်း မျိုးချစ်စိတ်ဓာတ်ရှိကြသူတိုင်း၏ အမျိုးသားရေးတာဝန်ကြီး တစ်ရပ်ပင် ဖြစ်ပါသည်။


အမျိုးသားရေး စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်မှုမရှိပါက မြန်မာနိုင်ငံနှင့် မြန်မာလူမျိုး ပျောက်ကွယ်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေး၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ဦးတည်ချက်များပင် ဖြစ်ပါသည်။


မိမိဇာတိ၊ မိမိအမျိုးကို မြတ်နိုးတွယ်တာခြင်း၊ တန်ဖိုးထားခြင်းသည်ပင် မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ပင်ဖြစ်ပါသည်။ မိမိနိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်လည်း မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၍ ဆောင်ရွက်မှသာ ပိုမိုထိရောက် အောင်မြင်မှုရရှိနိုင်မည် ဖြစ်ပါသည်။


မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူများသည် တိုင်းတစ်ပါးကို အထင်ကြီးကာ အမေကိုကျော်၍ ထွေးတော်ကို လွမ်းတတ်ကြပါသည်။ အမျိုးသား သစ္စာဖောက်တို့သည် မျိုးချစ်စိတ် ခေါင်းပါးသူတို့ အထဲမှ ထွက်ပေါ်လာတတ်သည့် မျိုးချစ်စိတ်ဓာတ် ခေါင်းပါးသူများ၊ အမျိုးဂုဏ် ဇာတိဂုဏ်ကို တန်ဖိုးမထားတတ်သူများသည် နိုင်ငံတော်၏အတွင်းရန်သူများဖြစ်ကြသည်။ ထိုသူတို့သည် မိမိတိုင်းပြည်နှင့် လူမျိုး ပျက်စီးရာပျက်စီးကြောင်းကို ကြံစည်ကျူးလွန် ရန်လည်း ဝန်မလေးတတ်ကြပါ။ သူခိုးကို ဓားရိုး ကမ်းရန်လည်း လက်မနှေးတတ်ကြပါ။ ဇာတ်တူ သာကိုစား၍ မျိုးဖျက်ရန်လည်း မကြောက်ရွံ့ကြပါ။


အမျိုးသားအောင်ပွဲနေ့ သို့မဟုတ် မြန်မာ့လွတ်လပ်ရေးအတွက် ပထမဦးဆုံးအမျိုးသားရေး လှုပ်ရှားမှုအောင်ပွဲကြီး


အမျိုးသားရေးလက္ခဏာများ၊ အမျိုးသား ယဉ်ကျေးမှုများ တိမ်မြုပ်ပျောက်ကွယ်ပါက မျိုးချစ် စိတ်လည်း လျော့နည်းခေါင်းပါးမည်သာဖြစ်သည်။ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးမားလွန်းလှသော အန္တရာယ်ဖြစ်သည်။ ထို့ကြောင့် တိုင်းပြည်တည်ဆောက်ရေးအတွက် မျိုးချစ်စိတ်ဓာတ်ကို အရင်းခံ၍ ဆောင်ရွက် မှသာ ပိုမိုထိရောက် အောင်မြင်မည်ဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင်လည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး အတွက် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်နေမှသာ ကာကွယ်ရေးစွမ်းရည်များ ပိုမိုထက်မြက်မည် ဖြစ်သည်။


အမျိုးသားနေ့သည် အင်္ဂလိပ်နယ်ချဲ့အစိုးရ၏ လက်အောက်ခံဘဝမှ လွတ်မြောက်ရေးအတွက် ပထမဦးဆုံး ကိုလိုနီနယ်ချဲ့သမားကို တစ်နိုင်ငံလုံး လူထုနည်းဖြင့် အမျိုးသားပညာရေးလှုပ်ရှားမှုမှ စတင်ပေါ်ပေါက်လာခဲ့သည့် အမျိုးသားအောင်ပွဲ နေ့ပင်ဖြစ်သည်။


အင်္ဂလိပ်နယ်ချဲ့အစိုးရသည် တက္ကသိုလ်ပညာရပ်များကို လွတ်လပ်စွာ သင်ယူခွင့်မပြုဘဲ ဖိနှိပ် ချုပ်ချယ်ကာ ကိုလိုနီအုပ်ချုပ်ရေးယန္တရားတစ်ခုလုံး လည်ပတ်နိုင်စေရန်အတွက်သာ တစ်ဖက်သတ် ပညာရေးဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ အင်္ဂလိပ် နယ်ချဲ့အစိုးရ၏ တက္ကသိုလ်ပညာရေးစနစ်နှင့် ပတ်သက်၍ အင်္ဂလိပ်လူမျိုးသုတေသနပညာရှင် “ဂျေအက်စ်ဖာနီဗယ်လ်” (J.S Furnivall) က “ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံ၌ ပညာရေးစနစ် ကို ကျင့်သုံးရာ၌ စာရေးစာချီ၊ ရှေ့နေရှေ့ရပ် ဖြစ်ရန်သာ ရည်ရွယ်၍ အင်ဂျင်နီယာ၊ ဆရာဝန်များ၊ သဘာဝသိပ္ပံပညာရှင်များ၊ စီးပွားရေးပညာရှင်များ ဖြစ်မြောက်စေလိုသော ရည်ရွယ်ချက်ဖြင့် သင်ကြား ပေးခြင်း အလျဉ်းမရှိပါ” ဟု သူ၏ “ကိုလိုနီဝါဒနှင့် လက်တွေ့ကျင့်သုံးမှု” (Colonial Theory and Practice) အမည်ရှိ စာအုပ်၌ ဓမ္မဓိဋ္ဌာန်ကျကျ ဝေဖန်ရေးသားဖော်ပြခဲ့သည်။


အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဥပဒေသစ်တစ်ရပ်ပြဋ္ဌာန်းခဲ့ရာ ထိုဥပဒေတွင် တက္ကသိုလ်ပညာကို ကျောင်းအိပ်ကျောင်းစား နေထိုင်သူများသာ သင်ယူခွင့်ပြုရန်၊ တက္ကသိုလ်ကျောင်းသားဦးရေကို ကန့်သတ်ရန်၊ အင်္ဂလိပ်စာ ထူးချွန်သူများကိုသာ သင်ယူခွင့်ပြုရန်၊ ဥပစာဝိဇ္ဇာ တန်း (IA) ပထမနှစ်တွင် အင်္ဂလိပ်ဘာသာ တစ်နှစ် တိတိသင်ယူရန်၊ တက္ကသိုလ်စာမေးပွဲများကို ရေးဖြေအပြင် နှုတ်ဖြေပါဖြေဆိုကြရန်၊ တက္ကသိုလ် ဝင်တန်းနှင့် တန်းမြင့်ကျောင်းထွက်လက်မှတ်ရ ကျောင်းသား ကျောင်းသူများသည် ကြားခံ တစ်နှစ်သင်ယူပြီးမှ တက္ကသိုလ်သို့ ဝင်ခွင့်ပြုရန်စသည်များ ပါဝင်သည်။


ထိုသို့ ရန်ကုန်တက္ကသိုလ်၏ ကန့်သတ်ချုပ်ချယ်မှုများကို ပြန်လည်ပြင်ဆင်ပေးရန် ဂျီစီဘီအေ (GCBA) အသင်းချုပ်ကြီးက မေတ္တာရပ်ခံခဲ့ရာ မြန်မာနိုင်ငံ ဒုတိယဘုရင်ခံချုပ် “ဆာရီဂျင်နယ် ကရက်ဒေါက်” (Sir Regionald Grackdock) က လုံးဝလက်မခံခဲ့ဘဲ အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသား ခေါင်းဆောင်များသည် သပိတ်မှောက်ရန် ညှိနှိုင်း ဆုံးဖြတ်ခဲ့ကြသည်။ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဒုတိယဘုရင်ခံချုပ် ဆာရီဂျင်နယ်ကရက်ဒေါက် ရန်ကုန်တက္ကသိုလ်ကို ဖွင့်လှစ်ရန် ရောက်ရှိလာလျှင် ကျောင်းမတက်ဘဲ သပိတ်တိုက်ပွဲဆင်နွှဲရန် အစီ အစဉ်အတိုင်း ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက် (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့) တွင် စတင်သပိတ်မှောက်ခဲ့ကြသည်။ တက္ကသိုလ် သပိတ်စခန်းကို ဗဟန်းရွှေကျင်ကျောင်းတွင် ဖွင့်လှစ်ထားရှိခဲ့သည်။


ရန်ကုန်တက္ကသိုလ်တိုက်ပွဲသည် တက္ကသိုလ်ပညာရပ် (Academic) ကို ဦးတည်ဆန့်ကျင် တိုက်ပွဲ ဝင်ခြင်းမျိုးမဟုတ်ဘဲ တစ်ဖက်သတ်ကျသော ပညာရေးဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုများကို ရုပ်သိမ်းပယ်ဖျက်ပေးရန်ကိုသာဦးတည်ကာ အမျိုးသား ပညာရေးလှုပ်ရှားသပိတ်ကို ဆင်နွှဲခဲ့ခြင်းပင် ဖြစ်ပါသည်။ ထိုစဉ်က တက္ကသိုလ်ကျောင်းသားများသည် ကျောင်းပြီးလျှင် မြို့ပိုင်၊ နယ်ပိုင်၊ အရေးပိုင်၊ ဝန်ထောက် စသည့်ရာထူးများရရှိနိုင်သော်လည်း ကိုယ်ကျိုးကို စွန့်လွှတ်ကာ ပညာရေးသပိတ်တိုက်ပွဲ ဆင်နွှဲလိုက်သောအခါ တစ်ပြည်လုံးရှိ ကျောင်းသား ကျောင်းသူများသာမက မိဘဆွေမျိုးသားချင်းများပါ ပါဝင်ဆင်နွှဲလာကြသဖြင့် တစ်မျိုးသားလုံး၏ သပိတ်တိုက်ပွဲပုံသဏ္ဌာန်သို့ ပြောင်းလဲသွားခဲ့ရာ အင်္ဂလိပ် နယ်ချဲ့အစိုးရမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ တုန်လှုပ်ချောက်ချားသွားတော့သည်။ ထို့ကြောင့် ဒုတိယဘုရင်ခံချုပ် ဆာရီဂျင်နယ် ကရက်ဒေါက်က “ဤရန်ကုန်တက္ကသိုလ် သပိတ်တိုက်ပွဲကြီးကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်လျှင် ဗြိတိသျှအစိုးရက မြန်မာပြည်ကို လက်လွှတ်ရပါလိမ့်မည်” ဟု အိန္ဒိယဘုရင်ခံချုပ်ထံ အစီရင်ခံတင်ပြခဲ့ရသည်။


ပထမအကြိမ် ရန်ကုန်တက္ကသိုလ်သပိတ်၏ အမျိုးသားပညာရေးလှုပ်ရှားမှုများကြောင့် ဗဟန်း အမျိုးသားကောလိပ်နှင့် တစ်ပြည်လုံးအနှံ့ အမျိုးသား ကျောင်းများဖွင့်လှစ်နိုင်ခဲ့သည်။ ထို့ကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို လိုက်လျော ပြင်ဆင်ပေးခဲ့ရသည်။ ၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် ဂျီစီဘီအေအသင်းကြီးက အစည်းအဝေးကျင်းပပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားသပိတ်တိုက်ပွဲ စတင်ဆင်နွှဲခဲ့သည့် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ (၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်)ကို “အမျိုးသားအောင်ပွဲနေ့” (National Day) အဖြစ် စတင်သတ်မှတ်ခဲ့ပြီး အင်္ဂလိပ်နယ်ချဲ့အစိုးရက ၁၉၄၀ ပြည့်နှစ်တွင် အမျိုးသားနေ့ကို တစ်ပြည်လုံးရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။


မျိုးချစ်စိတ်ဓာတ်နှင့် ဝံသာနုရက္ခိတတရား


စာရေးသူငယ်စဉ်ကာလ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝက ဇာတိ မွေးမြေသာယာဝတီခရိုင် စစ်ကွင်းမြို့၌ နေခဲ့စဉ်၏ အမျိုးသားအောင်ပွဲနေ့တိုင်း ပါဝင်ဆင်နွှဲခဲ့ရသော အမှတ်ရစရာ အတွေ့အကြုံများကို အနည်းငယ် တင်ပြလိုပါသည်။ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို လွတ်လပ်ရေးကျောက်တိုင်အနီးရှိ အားကစားကွင်း၌ကျင်းပပြီး ထိုစဉ်က မြို့မိမြို့ဖတစ်ဦးဖြစ်သူ ရွှေကျောက်မျက်လုပ်ငန်းရှင် ဦးသောင်ကလေးက အမျိုးသားနေ့အကြောင်းကို ကျောင်းသား ကျောင်းသူများအား ဟောပြောလေ့ရှိသည်။ ဟောပြောပွဲပြီးလျှင် အစိုးရအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်း အသီးသီးမှ ကျောင်းသား ကျောင်းသူများက အတန်းလိုက် ဖျော်ဖြေတင်ဆက်ကြရသည်။ အိုးစည်၊ ဒိုးပတ်ဝိုင်း၊ တစ်ခန်းရပ်ပြဇာတ်၊ ယိမ်းကပွဲများဖြင့် စုံလင်လှ၍ ပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှသည်။ ထိုစဉ်က သံချပ်တိုင်ရ၊ တစ်ခန်းရပ်ပြဇာတ်တွင် ဇာတ်ညွှန်းရေးတင်ပြခဲ့သည်များကို ယနေ့တိုင် မမေ့နိုင် အမှတ်တရ တသသဖြစ်နေရသည်။


ထိုအချိန် ထိုကာလက ဖဆပလအစိုးရ လက်ထက်ဖြစ်၍ ရန်ကုန်မြို့ကြီး၌ စိန့်ပေါလ်၊ စိန့်ဂျွန်း၊ စိန့်မေရီ၊ စိန့်ဩဂတ်စတင်း၊ စိန့်ဖလိုမီနာ၊ မက်သဒစ်စသည့် ပုဂ္ဂလိကစာသင်ကျောင်းကြီး များက ထင်ရှားကျော်ကြားခဲ့ပြီး ကြေးရတတ် မိဘများ၏ သားသမီးအများစု ပညာသင်ယူရာ ကျောင်းကြီးများဖြစ်ခဲ့သည်။ အချို့က ပညာရေးထက် ဂုဏ်တုဂုဏ်ပြိုင် ဂုဏ်ပကာသနဖက်ကာ သားသမီးများကို ပညာသင်ကြားစေခြင်းမျိုးဖြစ်သည်။ မိဘနှစ်ပါးစလုံးက မြန်မာ၊ သားသမီးကလည်း မြန်မာစင်စစ် ဧကန်ဖြစ်ပါလျက်နှင့် အနောက်တိုင်း ယဉ်ကျေးမှုနှင့် စရိုက်ကို ပုံတူကူးချတုပကြသောကြောင့် မြန်မာတိုင်းရင်းသား မြန်မာတိုင်းရင်း သူဘဝကို မေ့ပစ်မိကြသည်ကိုလည်း ကိုယ်တွေ့ကြုံဆုံခဲ့ရပါသည်။


စာရေးသူငယ်စဉ်က စစ်ကွင်းမြို့ရှိ ဘုန်းတော် ကြီးပညာသင်အစိုးရ မူလတန်းကျောင်းဖြစ်သည့် နိဂြောဓာရုံကျောင်းတွင် မူလတန်းပညာကို သင်ယူခဲ့ရာ စတုတ္ထတန်းစာမေးပွဲ အောင်မြင်သောအခါ စစ်ကွင်းမြို့ အစိုးရအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ကာ ပဉ္စမတန်းကို ဆက်လက်သင်ကြားရသည်။ ဘုန်းတော်ကြီးသင် မူလတန်းကျောင်းတွင် ကျောင်းနေဖက်သူငယ်ချင်းအချို့မှာ သူတို့မိဘများက ငွေကြေးကလည်း တတ်နိုင်သဖြင့် ရန်ကုန် စိန့်ပေါလ်ကျောင်း၊ စိန့်မေရီ၊ စိန့်ဖလိုမီနာ၊ မက်သဒစ်ကျောင်းများသို့ ပြောင်းရွှေ့သင်ကြားစေခဲ့သည်။


စာရေးသူတို့မှာ ဘုန်းကြီးကျောင်းထွက်ဖြစ်၍ အစိုးရအထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာသင်ကြားရသောအခါ ဘုန်းကြီးကျောင်းပရဝဏ် မြေသို့ဝင်ပြီဆိုသည်နှင့် ဖိနပ်ချွတ်ပြီး လက်ကကိုင်စဉ် စာသင်ခန်းအထိ သွားရသည့်အကျင့်က ပါနေမိသည်။ အစိုးရအထက်တန်းကျောင်း ဝင်ပေါက်သို့ရောက်သောအခါ ယခင်အတိုင်း ဖိနပ်ကိုချွတ်၍ လက်ကကိုင်ကာ စာသင်ခန်းသို့ သွားရောက်မိရာ စာရေးသူတို့ ဘုန်းကြီးကျောင်းသား တစ်စုကို “ဘုန်းကြီးကျောင်းသား သူတောင်းစား၊ အင်္ဂလိပ်ကျောင်းသား အကောင်းစား” ဟု ဝိုင်းဝန်း အော်ဟစ်လှောင်ပြောင်ကြပါသည်။ ထိုသို့ဝိုင်းဝန်း လှောင်ပြောင်ကြသူများထဲတွင် မကြာမီ ရန်ကုန်မြို့ကြီးရှိ စိန့်ပေါလ်၊ စိန့်ဩဂတ်စတင်း ကျောင်းကြီးများသို့ ပြောင်းရွှေ့ ပညာသင်ယူကြမည့် ကျောင်းနေမည့် ဘုန်းကြီးကျောင်းသားများ ပါဝင်နေသဖြင့် မခံချင်စိတ်ကြောင့် ရန်ဖြစ်ကြရာ ကျောင်းအုပ် ဆရာကြီး၏ အဆုံးအမကို ခံယူခဲ့ကြရပါသည်။


မကြာမီနှစ်များမှာပင် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ပြည်ထောင်စုကြီး ပြိုကွဲမည့်အန္တရာယ် ကြောင့် တော်လှန်ရေးကောင်စီတပ်မတော်အစိုးရက နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို မလွှဲမရှောင်သာဘဲ ရယူခဲ့ပြီးနောက် ပညာရေးစနစ်သစ်အရ ပုဂ္ဂလိကကျောင်းများကို ပြည်သူပိုင်သိမ်းကာ အစိုးရ အထက်တန်းကျောင်းများအဖြစ် ပြောင်းလဲခဲ့သည်။ သို့သောအခါ ရန်ကုန်ရောက် ပုဂ္ဂလိကကျောင်းသား ကျောင်းသူများမှာ စာရေးသူတို့ ဇာတိစစ်ကွင်းမြို့ အစိုးရအထက်တန်းကျောင်းသို့ ပြန်ရောက်လာကြတော့သည်။


ထိုစဉ်က အမျိုးသားနေ့ကျောင်းကပွဲတွင် စာရေးသူက ကျောင်းအုပ်ဆရာကြီးနှင့် အတန်းပိုင် ဆရာတို့၏ တာဝန်ပေးချက်အရ ပြဇာတ်နောက်ခံ ဇာတ်ကြောင်းပြောသူအဖြစ် သရုပ်ဆောင်ခဲ့ရသည်။ ပြဇာတ်မှာ ကျောင်းသုံးမြန်မာစာအဖြစ် ပြဋ္ဌာန်းထားသော အမျိုးသားပညာဝန် ဆရာကြီးဦးဖိုးကျား၏ ဘိလပ်ပြန် မောင်သောင်းဖေအမည်ရှိ ဝတ္ထုတို ဖြစ်သည်။ ထိုဝတ္ထု ဇာတ်လမ်းအကျဉ်းချုပ်မှာ နိုင်ငံခြားပညာတော်သင် မြန်မာကျောင်းသားတစ်ဦး မြန်မာပြည် ပြန်ရောက်လာသောအခါ မိမိ၏မူလ ဇာတိမြန်မာဘဝကို မေ့ပစ်လိုက်ကာ အနောက်တိုင်း ယဉ်ကျေးမှုကို ပုံတူကူးချပြီး ပြောဆိုဆက်ဆံနေထိုင် ဝတ်ဆင်စားသောက်ရင်း မြန်မာမက အင်္ဂလိပ်မကျ လူ့ခွစာတစ်ယောက်ဖြစ်နေပုံကို သရော်ထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။ ထိုပြဇာတ်ကို မြို့မိမြို့ဖ ပရိသတ်က နှစ်ခြိုက်သဘောကျကြ၍ ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။


အမျိုးသားနေ့ ကျောင်းကပွဲတွင် မျိုးချစ်စာဆို အမျိုးသားပညာဝန်ဆရာကြီး ဦးဖိုးကျား (၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ပထမအကြိမ် သပိတ်တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ) ၏ “ဘိလပ်ပြန်မောင်သောင်းဖေ” အမည်ရှိ ပညာပေး ဝတ္ထုတိုကို ပြဇာတ်အဖြစ် တင်ဆက်ကပြခဲ့သည့် ကျေးဇူးကြောင့်ပင် စိန့်ပေါလ်၊ စိန့်ဂျွန်း၊ စိန့်မေရီ ကျောင်းများမှ ပြန်လည်ရောက်ရှိလာသည့် ကျောင်းနေဖက်သူငယ်ချင်းများက သူတို့သည် ကျောင်းသင်ပညာသင်ကြားမှုထက် အနောက်တိုင်း ယဉ်ကျေးမှုကို ပုံတူကူးချ အတုခိုးမှားမိခဲ့ပုံကို နောင်တရပြီး စာရေးသူတို့အား ဝန်ချတောင်းပန်ခဲ့သည်ကို ဝမ်းမြောက်စွာ ကိုယ်တွေ့ တွေ့ကြုံခဲ့ရပါသည်။


အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာနှင့် မျိုးချစ်စိတ်


အင်္ဂလိပ်ကိုလိုနီစနစ်အောက် ကျရောက်ခဲ့ရ သော မြန်မာတိုင်းရင်းသားတို့သည် နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ခံရမှု၊ စီးပွားရေးအရခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ လူမှုရေးအရ ချိုးနှိမ်ခံရမှုများကို တွေ့ကြုံခံစားခဲ့ရသည့်အပြင် ဘာသာသာသနာ ယဉ်ကျေးမှုတို့မှာလည်း မှေးမှိန်လာခဲ့သည်။ အင်္ဂလိပ် နယ်ချဲ့အစိုးရအာဏာပိုင်များက မြန်မာစာပေတွင် ဗျည်းအက္ခရာ ၃၃ လုံးမှ အသံတူသော အက္ခရာ ၆ လုံးကိုဖြုတ်ကာ အက္ခရာ ၂၆ လုံးဖြစ်အောင် သတ်မှတ်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြပြန်ပါသည်။ မြန်မာအက္ခရာ ၃၃ လုံးကို အင်္ဂလိပ်အက္ခရာ ၂၆ လုံး အတိုင်းဖြစ်ရန် အဓမ္မစီစဉ်ခဲ့ကြခြင်းပင်ဖြစ်သည်။ မြန်မာမျိုးချစ်ကျောင်းဆရာ ဆရာမတို့က ဝိုင်းဝန်း ကန့်ကွက်ခဲ့၍ အင်္ဂလိပ်နယ်ချဲ့အစိုးရ အာဏာပိုင်များ၏အစီအစဉ် ပျက်ပြား သွားခဲ့ရခြင်းပင်ဖြစ်သည်။


အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၁၉၀၆ ခုနှစ်တွင် “ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး” (YMBA: Young Men Buddhist Association) ကို စတင် ဖွဲ့စည်းခဲ့သည်။ ထိုအသင်းကြီးက ဦးဆောင်၍ သမဝါယမ ငွေစုငွေချေးလုပ်ငန်းများ ကြီးပွားတိုးတက် စေရေး၊ အရွယ်ရောက်သူတိုင်း မသင်မနေရပညာရေး ဥပဒေပြဋ္ဌာန်းပေးရေး၊ ဥရောပတိုက်သားများအတွက် သီးသန့်နေရာ ခွဲခြားထားခြင်းကို ပယ်ဖျက်ပေးရေး၊ မြန်မာအမျိုးသမီးများ လူမျိုးခြားနှင့် အိမ်ထောင်ဖက်မပြုရေးကိစ္စများကို အလေးပေးဆောင်ရွက်ခဲ့သည်။


၁၉၁၈ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်ကြီး၏ စိန်ဖူးတော်မြေခခဲ့ရာ ဒုတိယဘုရင်ခံချုပ် ဆာရီဂျင်နယ်ကရက်ဒေါက်သည် ဖိနပ်လုံးဝမချွတ်ဘဲ ဘုရားရင်ပြင်တော်ပေါ်သို့ တက်ရောက်ကြည့်ရှုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနှံ့ လူထုအုံကြွ ကန့်ကွက်မှုကြီး ပေါ်ပေါက်လာခဲ့သည်။ ဝိုင်အမ်ဘီအေအသင်းကြီးက ဦးဆောင်၍ ရန်ကုန် ဂျူဗလီခန်းမ၌ အစည်းအဝေးတစ်ရပ် ကျင်းပကာ မြန်မာ့ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအစဉ်အလာအရ အခိုင်အမာရှိပြီးဖြစ်သော ဘုရားပုထိုး ရင်ပြင်တော်ပေါ်၌ ဖိနပ်စီးခြင်းကို လုံးဝခွင့်မပြုကြောင်း အဆိုတင်သွင်းပြီး ဒုတိယဘုရင်ခံချုပ်အား အပြင်းအထန် ကန့်ကွက်ပြစ်တင်ရှုတ်ချခဲ့သည်။


၁၉၁၉ ခုနှစ်တွင် ဝိုင်အမ်ဘီအေမှ ကိုယ်စား လှယ်များဖြစ်ကြသည့် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗြိတိန်နိုင်ငံ လန်ဒန်သို့ သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြန်မာနိုင်ငံအားကိုယ်ပိုင် အုပ်ချုပ်ရေးပေးရန် တောင်းဆိုခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်တွင် ဝိုင်အမ်ဘီအေအသင်းကြီး၏ ကိုယ်စား လှယ်တော်ကြီးများဖြစ်ကြသည့် ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင်တို့သည် ဒုတိယအကြိမ် လန်ဒန်သို့ သွားရောက်ကာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံအား ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးမည်ဟူသော ကတိကဝတ်ရရှိခဲ့သည်။


၁၉၂၀ ပြည့်နှစ်မှာပင် ဝိုင်အမ်ဘီအေအသင်းကြီးသည် ပြည်လုံးကျွတ်အစည်းအဝေးကျင်းပပြီး “မြန်မာအသင်းများအဖွဲ့ချုပ်” (GCBA: General Council of Burmese Association) “ဂျီစီဘီအေ” အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းကာ နိုင်ငံရေးအရ အမျိုးသားရေးလှုပ်ရှားမှုများဖြင့် နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဆင်နွှဲခဲ့သည်။


၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ပေါ်ပေါက်လာခဲ့သော ပထမအကြိမ် ရန်ကုန် တက္ကသိုလ်သပိတ်တိုက်ပွဲကြီး၏ အမျိုးသားပညာ ရေးလှုပ်ရှားမှုသည် တစ်နိုင်ငံလုံး နိုင်ငံရေးအရ လူထုနည်းဖြင့် လူထုလှုပ်ရှားမှုကြီးကို လက်တွဲညီစွာ ဆင်နွှဲနိုင်ခဲ့ခြင်းကြောင့် အင်္ဂလိပ်နယ်ချဲ့အစိုးရသည် ၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ပြင်ဆင်ပေးခဲ့ရရုံမျှမက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မုခ်တံခါးဝကို စတင်ဖွင့်လှစ်နိုင်ခဲ့သည့် အမျိုးသားရေးအောင်ပွဲကြီးတစ်ရပ်အဖြစ် သမိုင်းဝင် မော်ကွန်းတင်ခဲ့ရသည်။


အမျိုးသားအောင်ပွဲနေ့ကြီး


- စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မည်သည့်အခါမှ မစွန့်ပေ။


- ကြံကိုကြိတ်စက်ဖြင့် ကြိတ်သော်လည်း မည်သည့်အခါမျှ ချိုသောအရသာကို မစွန့်ပေ။


- ထို့အတူမှန်ကန်သော အသိ၊ မှန်ကန်သော အမြင်၊ မှန်ကန်သော ခံယူရပ်တည်ချက်နှင့် ဆင်ခြင် တုံ အသိတရားရှိကြသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် မည်သို့ပင် မက်လုံးပေး သွေးဆောင်သိမ်းသွင်းစေကာမူ မိမိတို့၏မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ဝံသာနုရက္ခိတတရားတို့ကို လက်ကိုင်ထားရှိခြင်းကြောင့် ပြည်ပဩဇာခံ မြန်မာမဟုတ်တော့သည့် သစ္စာဖောက်ဘဝနှင့် သူခိုးအား ဓားရိုးကမ်းပေးသည့် ဘဝမျိုးသို့ လုံးဝအရောက်မခံပေ။


ယင်းသမို့ကြောင့် အမျိုးသားသစ္စာဖောက်များ ဖြစ်ကြသည့် နိုင်ငံခြားတိုင်းတစ်ပါးသားတို့၏ နှာခေါင်းပေါက်ဖြင့် အသက်ရှူနေကြသူများ သို့မဟုတ် မြန်မာနိုင်ငံသားအဖြစ် ရပ်တည်နေထိုင်ရန် လုံးဝမထိုက်တန်သောကြောင့် မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံထားရသည့် မြန်မာနိုင်ငံသားမဟုတ်တော့သည့်သူများ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်၊ နိုင်ငံ့ဂုဏ်တို့ကို ဖျက်ဆီးရုံမျှမက ဘာသာဖျက်၊ သာသနာဖျက် အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ရဟန်းသံဃာတော်များ၊ ဆရာ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဘုရားဖူးများ၊ အပြစ်မဲ့ ပြည်သူများကို လက်နက်အားကိုးကာ ယုတ်မာရက်စက်စွာ အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင် နေကြသည့် အကြမ်းဖက်သမား မိစ္ဆာများ၊ ပြည်သူ ယောင်ဆောင်ထားသည့် PDF အကြမ်းဖက် မိစ္ဆာများနှင့် နိုင်ငံရေးမသမာသူများ၏ ရန်စွယ်အန္တရာယ် အသွယ်သွယ်ကို တစ်နိုင်ငံလုံး တစ်မျိုးသားလုံး အမျိုးသားကာကွယ်ရေး တာဝန်အဖြစ်ခံယူကာ တရားဥပဒေနည်း၊ လူထုတိုက်ပွဲနည်း၊ ပြည်သူ့စစ်နည်း၊ လျှို့ဝှက်ခိုင်လုံစွာ သတင်းပေးနည်းတို့ဖြင့် စုပေါင်းညီညာ ကာကွယ်တိုက်ဖျက်သွားကြပါစို့ဟု ဆန္ဒပြုတိုက်တွန်းရင်း (၁၀၂) နှစ်မြောက် အမျိုးသားနေ့‌အောင်ပွဲကြီးကို အရေးထား လေးစားစွာဖြင့် ရေးသားဂုဏ်ပြုဖော်ပြအပ်ပါသတည်း။ ။


အကိုးအထောက်


၁။         နိုင်ငံတော်ဦးတည်ချက် ၁၂ ရပ်ပြခန်းမှ တင်ပြချက်များ (မြဝတီစာပေတိုက်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ၁၉၉၆ ခုနှစ်)


၂။         ၂၁ ရာစု မြန်မာနိုင်ငံ (အမျိုးသားလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ပညာရေးဝန်ကြီးဌာန ၂၀၁၂ ခုနှစ်)


၃။         A History of Burma by Dr. Htin Aung (Columbia University Press, New York and London, 1967)


(ကူးယူဖော်ပြပါသည်။)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)