မိုင်းယောင်း၌ “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ” အကြောင်း ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ” အကြောင်း ဆွေးနွေးပွဲကျင်းပ




MNP - နိုဝင်ဘာ   ၂


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက “အိုးစည်ဗုံမောင်း ခြိမ့်ခြိမ့်သဲကာ ဆင်နွှဲကြသည့် မြန်မာ့ရိုးရာကထိန်ပွဲ” အကြောင်း ဆွေးနွေးပွဲ Talk Show ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်ဇော်လင်းက တန်ဆောင်မုန်းလသည် မြန်မာတို့၏ တစ်ဆယ့်နှစ်လရာသီတွင် ရှစ်လမြောက်ဖြစ်ပါတယ်။ မိုးလေကင်းစင်၍ နက္ခတ်တာရာစုံ ထွန်းပသောလလည်းဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင်ဖြစ်ကြောင်း၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်သည့် ပွဲတော်ဖြစ်သကဲ့သို့ ကထိန်သင်္ကန်းကပ်လှူသော နေ့တစ်နေ့ပင်ဖြစ်ကြောင်း ဆွေးနွေးသည်။


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က မြန်မာလူမျိုးများ၏ ၁၂ ရာသီပွဲတော်တွေမှာ တန်ဆောင်တိုင်ပွဲတော်နဲ့အတူ ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ပြုကြတဲ့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကထိန်ရာသီပွဲတော်သည်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပတဲ့ပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ အထွတ်အမြတ်ပွဲတော်များပင်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။


ယင်းနောက် အငယ်တန်းစာရေး ဦးထွန်းမြင့်လှိုင်နှင့် လုပ်သားရုပ်သံ ဒေါ်ဝေဝေခိုင်တို့က ဒေသတစ်မျိုးနဲ့တစ်မျိုး ကထိန်ပွဲတော် ကျင်းပပုံတွေမှာ နှစ်သက်စရာကောင်းလှကြောင်း၊ အများအားဖြင့် ဒေသအများစုမှာ ပဒေသာပင်များကို အိုးစည်ဗုံမောင်းများဖြင့် စီတန်းလှည့်လည်လေ့ရှိကြောင်း၊ ဒါတွေဟာ မြန်မာတို့ရဲ့ ချစ်စရာဓလေ့ရိုးရာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း အိုးစည်ဗုံမောင်းများ ခြိမ့်ခြိမ့်သဲကာ မပျက်ဆင်နွှဲလာကြတဲ့ လတန်ဆောင်တိုင်ပွဲတော်ရဲ့ အစဉ်အလာဖြစ်ပါကြောင်း၊ တန်ဆောင်မုန်းလတွင် ရှေးအစဉ်အလာမပျက် တန်ဆောင်တိုင် မီးထွန်းပွဲတော်များ၊ ကထိနစီဝရလို့ဆိုတဲ့ ကထိန်သင်္ကန်းကပ်လှူပွဲများ၊ မသိုးသင်္ကန်းရက်လုပ်ပူဇော်ပွဲများ၊ မီးပုံးပျံလွှတ်ပွဲများ၊ မဲဇလီဖူးသုပ်ဝေငှခြင်းများနှင့် ကျီးမနိုးပွဲတော်များကို နှစ်စဉ်နှစ်တိုင်း ရိုးရာထုံးတမ်းမပျက် ဆင်နွှဲကျင်းပလျက်ရှိကြောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။


သတင်း - ထွန်းမြင့်လှိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)