စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ




MNP ၊ နိုဝင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွှဲ (၃) နာရီအချိန်ခန့်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက “စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် သဘာဝ သယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသော တိုင်းကြီးတစ်တိုင်းဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ ရုပ်ကြွင်းလောင်စာစွမ်းအင် ရယူသုံးစွဲမှု မြင့်တက်လာခြင်း၊ နေအိမ်များ၊ ဈေးများ၊ ဆေးရုံများနှင့် လုပ်ငန်းအမျိုးမျိုး၊ ထုတ်လုပ်မှု ကဏ္ဍအသီးသီးမှ စွန်းပစ်ပစ္စည်း၊ စွန့်ထုတ်အရည်၊ အနံ့အသက်၊ ထုတ်လွှင့်အခိုးအငွေ့၊ အသံများကြောင့်လည်း ပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပြီး လေထုညစ်ညမ်းမှု၊ မြေဆီလွှာညစ်ညမ်းမှု၊ ဇီဝဆိုင်ရာညစ်ညမ်းမှု၊ ရေဒီယိုသတ္တိကြွ ညစ်ညမ်းမှုများဖြစ်ပေါ်ကာ ကမ္ဘာမြေကြီးနှင့် သဟဇာတဖြစ်နေသော ဂေဟစနစ်ကို တဖြည်းဖြည်း ယိုယွင်းပျက်စီးလာစေပါကြောင်း၊ အဆိုပါသယံဇာတများကို စနစ်တကျ ထုတ်ယူအသုံးပြုနိုင်မှု အားနည်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျထိန်းချုပ်နိုင်မှု အားနည်းခြင်းတို့မှလည်း ပတ်ဝန်းကျင်အပေါ် သဘာဝအလျောက် ပျက်စီးမှုနှုန်းထက် အဆများစွာ ထိခိုက်စေလျက်ရှိပါကြောင်း၊ လေထုအတွင်း မှန်လုံအိမ် အာနိသင်ဓာတ်ငွေ့များ ပိုမိုမြင့်မားလာပြီး Global Warming ဖြစ်စဉ်ကြောင့် ရာသီဉတုပြောင်းလဲ ဖောက်ပြန်မှုများကိုလည်း တစ်နှစ်ထက်တစ်နှစ် ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါကြောင်း။


ကော်မတီဝင်များအနေဖြင့် လူသားတွေအပါအဝင် သက်ရှိတွေရဲ့ဘဝ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ကောင်းမွန်သန့်ရှင်းပြီး စဉ်ဆက်မပြတ် ရေရှည်တည်တံ့တဲ့ ပတ်ဝန်းကျင်ဖြစ်ဖို့ ဘက်ပေါင်းစုံကနေ ထိန်းသိမ်းကာကွယ်ရမှာ ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားပေါင်းစပ် ဆောင်ရွက်လျက်ရှိသလို ကျွန်တော်တို့တိုင်းဒေသကြီးအနေဖြင့်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုစီးပွားရေး၊ ကျန်းမာရေးထိခိုက်မှု အနည်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက်သွားကြဖို့ လိုပါကြောင်း။


ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရန်အတွက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လုပ်ငန်းအဖွဲ့အသီးသီး၊ ဌာနဆိုင်ရာများအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုခံယူပြီး စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်သွားကြပါရန်” တိုက်တွန်းအမှာစကား ပြောကြားခဲ့သည်။


ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက “တိုင်းဒေသကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆုံးဖြတ်ရန်အချက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများပါဝင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက အထွေထွေဆွေးနွေးတင်ပြခြင်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်များ အတည်ပြုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းကဏ္ဍအသီးသီးအလိုက် လိုအပ်ချက်များ၊ အခက်အခဲများအား တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)