MNP - နိဝင်ဘာ ၄
အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်၊ စီမံခန့်ခွဲရေးကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ ပညာရေးကဏ္ဍ၊ စစ်ဆေးရေးကဏ္ဍနှင့် စာရင်းအင်းကဏ္ဍတို့တွင် စွမ်းဆောင်ရည်နှင့် အသိပညာများ တိုးတက်ရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဌာနမှ ဆောင်ရွက်သည့် မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲ့မှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်မြလင်းက အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းအကြောင်းအရင်းနှင့် အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသူများနှင့် တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများမှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာဘာသာရပ်အလိုက် ဦးဆောင်ဆွေးနွေးမည့် ဆရာကြီး(၃)ဦးတို့က စီမံခန့်ခွဲရေးဘာသာရပ်၊ ဘဏ္ဍာရေးဘာသာရပ်၊ ပညာ ရေးဘာသာရပ်၊ စစ်ဆေးရေးဘာသာရပ်၊ စာရင်းအင်းဘာသာရပ်များကို နိုဝင်ဘာလ(၃)ရက်နေ့မှ နိုဝင်ဘာလ(၅)ရက်နေ့အထိ ဆွေးနွေးသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲသို့မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၆)ဦး၊ အလယ်တန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၃၃)ဦး၊ မူလတန်းကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီး(၁၅၈)ဦး စုစုပေါင်း (၂၀၇)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
သတင်း - စိုင်းအယ်ဘဲ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment