နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား




MNP ၊ နိုဝင်ဘာ ၁

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။


အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ တို့တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။


အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက်လွယ်ကူစေရန် ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက် လွယ်ကူစေရန်အတွက် ခရိုင်များ ထပ်မံတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ ခရိုင်အဆင့်အနေဖြင့် အုပ်ချုပ်မှုပိုင်းဆိုင်ရာ လုပ်ငန်းများကို စွမ်းဆောင်ရည်အရ ပိုမိုထိရောက်စွာဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ထပ်မံတိုးချဲ့ခဲ့သည့် ခရိုင်များတွင် ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် မရှိမဖြစ်လိုအပ်သော ဌာနများနှင့်ရုံးများကို ဖွင့်လှစ်ပေးထားကြောင်း၊ တရားဥပဒေရေးရာ လုပ်ငန်းများဆောင်ရွက်ရန်အတွက် တရားရုံးနှင့် ဥပဒေရုံး၊ အုပ်ချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရဲတပ်ဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် ဆောက်လုပ်ရေးဦးစီးဌာနများကို ပထမဦးစားပေးအနေဖြင့် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း။


နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း(MSME)များ တိုးတက်အောင်ဆောင်ရွက်ရန်လိုအပ်


ပြီးခဲ့သည့် စက်တင်ဘာလမှစတင်၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များကို သွားရောက်ခဲ့ပြီး အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများ ပြောင်းလဲမှုများတွင် မူဝါဒကွဲပြားမှုများကြောင့် လုပ်ငန်းများ အောင်မြင်သင့်သလောက် အောင်မြင်မှု မရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ၏စီးပွားရေး မြှင့်တင်ရေးအတွက် MSME လုပ်ငန်းသည် အဓိကကျသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်ပေးထားပြီး ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။


ပြည်တွင်းကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက ပိုမိုအကျိုးရှိ


MSME လုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အဓိကထား ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်ခြင်းသည် ပိုမိုအကျိုးရှိစေကြောင်း၊ MSME လုပ်ငန်းအတွက် အဓိကလိုအပ်ချက် ၄ ခုရှိပြီး ၎င်းတို့မှာ ကုန်ကြမ်း၊ ရင်းနှီးမြှပ်နှံမှု၊ သွင်းအားစုနှင့်လူသားအရင်းအမြစ်များ လိုအပ်ကြောင်း၊ ကုန်ထုတ်လုပ်မှုအတွက် ကုန်ကြမ်းလိုအပ်မှုမရှိစေရန် ပြည်ပမှကုန်ကြမ်းများဝယ်ယူခြင်းထက် ပြည်တွင်းနှင့်ဒေသတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းများနှင့် သဘာဝသယံဇာတ ကုန်ကြမ်းများကို အသုံးပြုမည်ဆိုပါက နိုင်ငံခြားငွေကြေးသုံးစွဲမှုများကိုပါ သက်သာစေမည်ဖြစ်ကြောင်း၊ အချက်အခြာကျသည့် ဒေသများတွင် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး စက်မှုကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း။


တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် စက်မှုဇုံများအကောင်အထည်ဖော် ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ အဓိကျသည့် ခရိုင်မြို့ကြီးများတွင် ဆောင်ရွက်ရန်အတွက်လည်း မိမိအနေဖြင့် တိုက်တွန်းပြောကြားခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စက်မှုလုပ်ငန်းများဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဖြစ်ပြီး မြို့ကြီးပြကြီးများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ရမှုများ လျော့နည်းသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ခရိုင်မြို့များတွင် စက်မှုလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုကြောင်း။


ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်သည့် MSME လုပ်ငန်းသည် ပိုမိုအကျိုးဖြစ်ထွန်းသည်ကို တွေ့ရကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ကြမ်းများစွာရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလှောင်မွေးသည့် စနစ်ဖြင့်မွေးမြူမည်ဆိုပါက ပိုမိုအောင်မြင် ဖြစ်ထွန်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများမှ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့်တိရစ္ဆာန်အစာများကို ထုတ်လုပ်၍ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို စံပြအဖြစ်အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဒေသမှထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများဖြင့် အသေးစား၊ အငယ်စားနှင့်အလတ်စားစက်မှုလုပ်ငန်း (MSME)များတွင် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်၍ ဒေသတွင်းကုန်ထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေမည် ဖြစ်ကြောင်း။


နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးထားမှုနှင့် ပြန်လည်ပေးဆပ်ရန် လိုအပ်မှု


နိုင်ငံတော်မှ ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး ချေးငွေများကို ခေါင်းစဉ်အလိုက် ထုတ်ချေးပေးထားကြောင်း၊ အဆိုပါချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလကိုလည်း လုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် သတ်မှတ်ကာလတစ်ခုသို့ ရွှေ့ဆိုင်း ပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် လည်ပတ်ငွေများ ရှိနေမှသာလျင် စီးပွားရေးလုပ်ငန်းများသည်လည်း တိုးတက်ကောင်းမွန်မည်ဖြစ်သဖြင့် ချေးငွေများကို သတ်မှတ်အချိန်အတွင်း အချိန်မီပြန်လည်ပေးဆပ်ကြရန် လိုကြောင်း၊ အဆိုပါချေးငွေများ ပြန်လည်ရရှိမှသာ နိုင်ငံတော်အနေဖြင့် အခြားလိုအပ်သူများကို ထပ်မံထုတ်ချေးပေးနိုင်မည် ဖြစ်ကြောင်း၊ အားလုံးမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း။


ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုများ ရရှိရန်လိုအပ်


ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ အတွက် သွင်းအားစုများအနေဖြင့် လျှပ်စစ်ဓာတ်အားနှင့် လောင်စာများ၊ စက်သုံးဆီများ၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် တိရိစ္ဆာန်အစာများ လိုအပ်ကြောင်း၊ စက်သုံးဆီနှင့် မြေဩဇာများမှာ အဓိကလိုအပ်ချက်များ ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာများနှင့် စက်သုံးဆီများလုံလောက်စွာ ရရှိရေးအတွက် နိုင်ငံတော် အနေဖြင့် အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် မြေဩဇာသည် အရေးကြီးလိုအပ်ချက်ဖြစ်ကြောင်း၊ ပြည်တွင်း၌ မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် ဇီဝမြေဩဇာများ ရရှိရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူ၍လည်း ဇီဝမြေဩဇာများ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ ပိုးသတ်ဆေး၊ လျှပ်စစ်နှင့်လောင်စာများ လုံလောက်စွာ ရရှိရန်လိုကြောင်း၊ စွမ်းအင်အတွက် ဂတ်စ်နှင့် ကျောက်မီးသွေးများ လုံလောက်စွာ ရရှိရေး စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း၊ သွင်းအားစုများလုံလောက်စွာရရှိမှသာ ထုတ်လုပ်မှုများကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။


လူသားအရင်းအမြစ်များ လုံလောက်စွာရရှိရန်လိုအပ်


လူသားအရင်းအမြစ် လိုအပ်ချက်နှင့်ပတ်သက်၍ အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များ ရှိမှသာ အရည်အသွေးရှိသည့် လုပ်သားအင်အားများ ရရှိနိုင်မည်ဖြစ်သဖြင့် လူသားအရင်းအမြစ် ကောင်းများ ပေါ်ထွက်လာစေရေး အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အသားတင်စိုက်ပျိုးမြေဧက ၃၃ သန်း ကျော်ရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်းများစွာရှိပြီး ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ လူဦးရေတွင် အသက်၂၄ နှစ်မှ ၇၄ နှစ်အကြား အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေသည် သန်း ၃၀ ခန့်ရှိသဖြင့် လူတစ်ဦးလျှင်ပျှမ်းမျှအားဖြင့် စိုက်ပျိုးမြေတစ်ဧကကျော်ကို လုပ်ကိုင်နိုင်သည်ဟု ယေဘုယျပြောနိုင်ကြောင်း၊ ထို့ကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး ကျေးလက်ဒေသတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ် လုပ်ငန်းများအတွက် လုပ်အားများ များစွာရရှိနိုင်မည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်ရန် လိုကြောင်း။


အခြေခံလူသားအရင်းအမြစ်များရရှိရေးအတွက် ယခုအခါ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုပညာရပ်များကို အခြေခံပညာကျောင်းများတွင် တိုးချဲ့သင်ကြားပေး နိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုမှတစ်ဆင့် စိုက်ပျိုး၊ မွေးမြူရေးနှင့်စက်မှုသိပ္ပံကျောင်းများနှင့် တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်ကြောင်း၊ လူသားအရင်းအမြစ်သုံးရပ်ကို မဖြစ်မနေမွေးထုတ်ပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှလည်း လူသားအရင်းအမြစ်များရရှိရေး စနစ်တကျ တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း။


MSME လုပ်ငန်းများအတွက် နည်းပညာလိုအပ်ချက်များရှိကြောင်း၊ နည်းပညာ လိုအပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြည့်ဆည်းဆောင်ရွက်ပေး၍ရကြောင်း၊ MSME လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်များကို ကုန်စည်ပြပွဲများ ပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်ရရှိနိုင်မည်ဖြစ်သဖြင့် နိုင်ငံတော်အနေဖြင့် ကူညီဆောင် ရွက်ပေးရမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ ယခုနှစ်ဧပြီလမှ စက်တင်ဘာလအထိ ၆ လတာကာလအတွင်း ကုန်သွယ်မှုပိုငွေ ၃၅ ဒသမ ၅၁ သန်းရှိခဲ့ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများကို ပြန်လည်စိစစ်ကြည့်သည့်အခါ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ နှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း၊ ပြည်ပသွင်းကုန်များ လျှော့ချ နိုင်ရေးအတွက် MSME လုပ်ငန်းများဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကို အောင်မြင်အောင် ဆောင်ရွက်ကြနရမည် ဖြစ်ကြောင်း။


MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစီးပွားရေးဖြစ်သည့် ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်များရရှိနိုင်စေရန်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးရန်အတွက် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်ပသွင်းကုန်များကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် အရည်အသွေးမြှင့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များ ရရှိမည်ဖြစ်သဖြင့် အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း။


ပြည်ပမှစက်သုံးဆီနှင့် စားသုံးဆီများတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေ သုံးစွဲမှုကို လျှော့ချနိုင်မည်


ပြည်ပသွင်းကုန်နှင့်ပတ်သက်၍ စက်သုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ရန် လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် လျှပ်စစ်ကိုပိုမိုထုတ်လုပ်နိုင်ရန်အတွက် မိမိအနေဖြင့် တိုက်တွန်းပြောကြားခြင်း ဖြစ်ကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမှုများကို လျှော့ချနိုင်ရန်လိုကြောင်း၊ စက်သုံးဆီများ ချွေတာသုံးစွဲရန် လိုအပ်ကြောင်း၊ ကုန်စည်များ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍လည်း ရထားဖြင့် ပို့ဆောင်သည့်စနစ်ကို အဓိကထား ဆောင်ရွက်မည်ဆိုပါက စက်သုံးဆီသုံးစွဲမှုကို လျော့ကျစေမည်ဖြစ် ကြောင်း၊ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများတွင် အားနည်းချက်များရှိနေသေး ကြောင်း၊ စက်သုံးဆီသုံးစွဲမှုလျှော့ချရေးနှင့် ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့၏ နီးစပ်ရာအလိုက် စုပေါင်းအကောင်အထည်ဖော်မှုဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရန် လိုကြောင်း။


စားသုံးဆီနှင့်ပတ်သက်၍ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်းဆီထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ဆီထွက်သီးနှံများ၏ တစ်ဧကအထွက်နှုန်းကို တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဆီထုတ်လုပ် မှုများ ယခုထက်ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများ အထွက်နှုန်းတိုးတက်စေရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ စက်သုံးဆီနှင့် စားသုံးဆီများ ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများ များစွာလျော့ကျသွားမည် ဖြစ်ကြောင်း။


နိုင်ငံအတွက်လိုအပ်လျက်ရှိသည့် စက္ကူများ ထုတ်လုပ်နိုင်ရန်လိုအပ်


မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များ ရှိကြောင်း၊ နေ့စဉ်ထုတ်သတင်းစာများ နေ့စဉ်ရိုက်နှိပ် ထုတ်ဝေနေသကဲ့သို့ မဂ္ဂဇင်းများ၊ ဂျာနယ်များနှင့် ကျောင်းသုံးစာအုပ်များအတွက် စက္ကူများ လိုအပ်လျက်ရှိသဖြင့် ပြည်ပမှတင်သွင်းနေရကြောင်း၊ မိမိတို့နိုင်ငံတွင် စက္ကူထုတ်လုပ်နိုင်သည့် သစ်နှင့်ဝါးများ အလျှံပယ်ရှိသကဲ့သို့ စက္ကူစက်ရုံများ လည်းရှိပြီးဖြစ်ကြောင်း၊ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စက္ကူများ ထုတ်လုပ်နိုင်မှုမရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတွင်ရှိပြီးဖြစ်သည့် စက္ကူစက်ရုံများမှ စက္ကူများထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း၊ အလားတူစက္ကူပျော့ဖတ်များကိုလည်း ထုတ်လုပ်နိုင်ရန်လိုကြောင်း။


မိမိတို့နိုင်ငံ၌ သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းများ တဖြည်းဖြည်းကျဆင်းလာကြောင်း၊ တရားမဝင် သစ်ထုတ်လုပ်မှုများ ပိုမိုများပြားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ သစ်တောများ ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ဝါးတောများစွာရှိကြောင်း၊ ဝါးများကိုအသုံးပြု၍ စက္ကူများကိုထုတ်လုပ်နိုင်မည်ဆိုပါကများစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းများအလိုက် ဝါးထုတ်လုပ်ရေးနှင့်ပတ်သက်၍ စနစ်တကျဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ သစ်တောများပြန်လည် ဖုံးလွှမ်းရေးအတွက်လည်း ဆောင်ရွက်ကြရန် လိုကြောင်း၊ သစ်တောများ ပြန်လည်စိုက်ပျိုးရေးတွက် လာမည့်မိုးရာသီမှစ၍ အမျိုးသားရေး ရည်မှန်းချက်အဖြစ် စီမံချက်ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်း၌စက္ကူများ လုံလောက်စွာ ထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံတော်မှဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပုဂ္ဂလိကနှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန် လိုအပ်ကြောင်း။


ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ငွေများကို အကျိုးရှိစွာအသုံးချရန်လို


နိုင်ငံတော်အနေဖြင့်ကောက်ခံရရှိသည့် အခွန်ငွေများဖြင့် လုပ်ငန်းများ လည်ပတ်ဆောင်ရွက် နေရခြင်းဖြစ်သဖြင့် ဝန်ကြီးဌာနအလိုက် သုံးစွဲငွေများကို စနစ်တကျဖြင့် စိစစ်သုံးစွဲကြရန်လိုပြီး မလိုလားအပ်သည့် ငွေကြေးသုံးစွဲမှုများ မရှိစေရေး အလေးထား ကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့် ဝန်ကြီးဌာနများအနေဖြင့် အရှုံးအမြတ်များ ရှိသော်လည်း တတ်နိုင်သမျှ အရှုံးမရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက် လိုအပ်မှုမရှိသည့် လုပ်ငန်းများကို ပြန်လည်စိစစ်ပြီး တင်ပြဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့သော်ယခုအခါတွင် လိုအပ်ချက်အရသာ နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေရခြင်း ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင်လည်း ပုဂ္ဂလိကလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းများ ကျဆင်းမှုမရှိအောင်ဆောင်ရွက်၍ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။


အဖိုးတန်ရေကို ချွေတာသုံးစွဲရန်လိုအပ်


ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ယခင်နှစ်ကာလတူထက် မိုးရေချိန် နည်းပါးသောကြောင့် အချို့သော ဆည်များအတွင်းသို့ ရေဝင်ရောက်မှုများ လျော့နည်းကြောင်း၊ ထို့ကြောင့် ဆည်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ သုံးစွဲရာတွင် ထိထိရောက်ရောက်ဖြင့် စနစ်တကျ သုံးစွဲကြရန်လိုကြောင်း၊ ရေကိုအဟောသိကံ သုံးစွဲခြင်းများမပြုလုပ်ဘဲ ရေကိုချွေတာ သုံးစွဲကြရန်လိုကြောင်း၊ လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးစသည့် မြေလတ်ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ရေရရှိရေးအတွက် တာဝန်ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထားကြရန် လိုကြောင်း မှာကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာ ပေါများရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် “အဲ့ဒီတော့ ကျွန်တော့်ရဲ့ မူဝါဒမှာ ကျွန်တော်ပြောပြီးဖြစ်ပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့သည် တိုင်းပြည်က သာယာဝပြောရမယ်။ စားရေရိက္ခာပေါများရမယ်။ ကျွန်တော်တို့ လက်ရှိအထွက်နှုန်းအရ ဆိုလို့ရှိရင် ဆန်လည်းကျွန်တော်တို့ ပိုပါတယ်။ ပဲတွေ ကျွန်တော်တို့ နိုင်ငံခြား တောက်လျှောက်ပို့ပါတယ်။ ဆီထွက်သီးနှံလည်း အလားတူပို့နေတာ ရှိပါတယ်။ အဲ့ဒီတော့ ဒီထက်ပိုအောင်လုပ်နိုင်ဖို့ ကျွန်တော်တို့ အခွင့်အလမ်းရှိပါတယ်။ စောစောက ပြောတဲ့ စိုက်ဧက ၃၃ သန်း၊ အဲ့ဒီစိုက်ဧက ၃၃ သန်းမှာ သီးထပ်တို့၊ သီးညှပ်တို့ ရအောင်စိုက်မယ်ဆိုရင် ကျွန်တော်တို့ အထွက်နှုန်းတွေအများကြီး ပိုလာပါလိမ့်မယ်။ ကျွန်တော်ကလည်း မူဝါဒကတော့ စိုက်ဧကမတိုးချဲ့ဖို့ ပြောထားပါတယ်။ စိုက်ဧကကတော့ မထိခိုက်ဖို့လိုပါတယ်။ လုပ်ချင်လို့ရှိရင် မြေကွက်ဖော်၊ အသစ်ဖော်ပြီးလုပ်ပါ။ စိုက်ပျိုးမြေတော့ လာမထိပါနဲ့။ အဲ့ဒီတော့ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်နဲ့လုပ်မယ်။ သီးထပ်စားရအောင် လုပ်မယ်၊ တိုးမြှင့်အောင်လုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ တိုင်းပြည် ဒီထက်ဝင်ငွေများစွာရမှာဖြစ်ပါတယ်။ သေချာပေါက်ဖြစ်ပါမယ်။ ဒါ့ကြောင့် ဒါကိုကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများရော၊ ဝန်ကြီးချုပ်များက နေပြီးတော့ အမြဲတမ်းထည့်သွင်းစဉ်းစားပြီးတော့မှ ဦးစားပေးအနေနဲ့ စားရေရိက္ခာပေါများရေး၊ ထွက်လာတဲ့ဟာ များများရောင်းရလို့ရှိရင် တိုင်းပြည်ဝင်ငွေရရင် တိုင်းပြည်သာယာ ဝပြောမှုဖြစ်မှာပဲ။ တိုင်းပြည်သာယာဝပြော တယ်ဆိုတာ ငွေချမ်းသာဖို့လည်း ရှိလိမ့်မယ်။ စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့၊ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေး ဖြစ်ဖို့လည်းလိုတယ်။ ဒါမှတိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့ ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီး အိပ်နေရမှာပေါ့။ ငါ့ပစ္စည်း ဘယ်အချိန်ဘာလုမလဲဆိုပြီး ဖြစ်နေရမှာ။ ဒါတွေကလည်း ရှိသေးတာပေါ့။ ရည်မှန်းချက်က တကယ့်ကို တိုင်းပြည်အတွက်ဖြစ်သင့်တဲ့ ရည်မှန်းချက်ပါ။ တိုင်းပြည် သာယာဝပြောရေးနဲ့ စားရေရိက္ခာပေါများရေး။ ဒါကို ကျွန်တော်တို့ သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် စားရေရိက္ခာပေါများရေးတော့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်များရော ပြည်ထောင်စုဝန်ကြီးများရော သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ပေးကြဖို့ ကျွန်တော်ပြောလိုပါတယ်။ တိုင်းပြည်သာယာဝပြောရေး ဆိုလို့ရှိရင်လည်း တရားဥပဒေစိုးမိုးရေးနဲ့ ခုနကပြောတဲ့ ထွက်ကုန်ပစ္စည်းတွေ များများလုပ်ပြီးတော့မှ ပြည်သူလူထုဝင်ငွေရရှိရေး၊ ပြည်သူလူထုချမ်းသာရေး လုပ်ပေးဖို့က ကျွန်တော်တို့ လုပ်ဖို့လိုပါတယ်။ ဒါဆိုလို့ ရှိရင်တော့ ကျွန်တော်တို့ရဲ့ အစိုးရရဲ့တာဝန် ကျေတယ်လို့ ပြောချင်ပါတယ်။ အဲ့လိုမဟုတ်ရင်တော့ အစိုးရရဲ့တာဝန်မကျေဘူး။ ကျွန်တော်တို့ လုပ်သွားတဲ့ဟာကို မှတ်ကျောက်တင်နေတာပဲ အခုအချိန်မှာ၊ နောင်တက်လာတဲ့အစိုးရလည်း နောင်တက်လာတဲ့အချိန်မှာ ကျွန်တော်တို့ အစိုးရကို ဝေဖန်လိမ့်မယ်။ ကျွန်တော်တို့လည်း ပြီးခဲ့တဲ့ အစိုးရ ကျွန်တော်တို့ ဝေဖန်ခဲ့တယ်။ ပြီးခဲ့တဲ့ အစိုးရနှစ်ဆက်ကို ဝေဖန်ခဲ့တယ်။ အချို့ဟာတွေမှာ အရင် နဝတ၊ နယက တုန်းက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ပြောခဲ့တာရှိတယ်။ အဲ့ဒီတော့ ကောင်းတဲ့ ပြောတဲ့ ဟာမျိုးကို ခံနိုင်ဖို့ဆိုရင်တော့ ကျွန်တော်တို့ ဒီဟာကို အောင်မြင်အောင်လုပ်မှရမယ် ဆိုတာ။ ကျွန်တော်ခုနကပြောတဲ့ အကုန်လုံး ဆက်စပ်ပြီးတော့ ခြုံငုံပြီးတော့ ရှင်းပြတာပါ။ အသေးစိတ်ပြောမယ်ဆိုရင် အချက်အလက်တွေ အများကြီးရှိတယ်။ ပြောလို့လည်းပြီးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဝန်ကြီးများကို ဒီနေ့အစည်းအဝေးမှာ ဒါလေး အလေးထားပြီးတော့ ကျွန်တော် မှာချင်ပါတယ်။” ဟု ပြောကြားသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို နိုင်ငံတော်အဆင့် ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါစိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ သရုပ်ပြယာဉ်များ၊ ပြခန်းများ၊ အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နှစ်ပေါင်း ၇၅ နှစ်တွင် တစ်ကြိမ်သာရသည့်အခွင့်အရေးဖြစ်သည့်အတွက် ခမ်းနား ထည်ဝါစွာ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများကိုလည်း အဆင့်မီစွာ ကျင်းပနိုင်ရေးနှင့် အားကစားအဆင့်အတန်း ရေရှည်တိုးတက်ရေးအတွက်ပါ စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။


ဝန်ထမ်းများနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက အထက်အောက် နွေးထွေးစွာဆက်ဆံရန်နှင့် ကွပ်ကဲအုပ်ချုပ်ရာတွင် ညီညွတ်မျှတသော အုပ်ချုပ်မှုစနစ်ဖြစ်ရန်လိုအပ်ပြီး ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများကိုလည်း အသိအမှတ်ပြုရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနများအောက်ရှိ လုပ်ငန်းများသည် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဉီးစီးဌာနများအနေဖြင့် ဝန်ကြီးဌာနကချမှတ်ပေးသည့် မူဝါဒများကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအနေဖြင့် မူဝါဒများကို မှန်ကန်စွာချမှတ်ပေးရန်နှင့် အမိန့်နှင့်ညွန်ကြားချက်များ ထုတ်ပြန်ရာတွင်လည်း ပီပြင်မှုရှိရန်လိုအပ်ကြောင်း၊ လုပ်ငန်းများတွင် ရှိပြီးစက်ပစ္စည်း၊ ဝန်ထမ်းအင်အားဖြင့် ဌာနအလိုက် သတ်မှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို လုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း၊ မလိုအပ်ဘဲ ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းလုပ်ကိုင် စေခြင်း မပြုရန်လိုအပ်ကြောင်း၊ ဦးစီးဌာနနှင့် လုပ်ငန်းလုပ်ဆောင်သည့်ဌာန လုပ်ငန်းတာဝန်အလိုက် မှန်ကန်စွာလုပ်ဆောင်ရန် လိုကြောင်း၊ လုပ်ခလစာတိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ တိုင်းပြည်၏ စီးပွားရေးမတိုးတက်ဘဲ ဆောင်ရွက်ပေး၍မရပါကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရသင့်ရထိုက်သည့် ဝင်ငွေများ အပြည့်အဝရရှိရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။


လျှပ်စစ်မီးသုံးစွဲမှုနှင့်စပ်လျဉ်း၍ အမှန်တကယ်လိုအပ်သလောက်သာ သုံးစွဲကြရန်နှင့် ရုံး၊ ဌာန၊ ဆေးရုံ၊ ကျောင်းများတွင် သဘာဝအလင်းရောင်ရရှိစေရေး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ထို့ပြင်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ပြည်သူများနှင့်ပူးပေါင်းပြီး မြို့ရွာသန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ပုံမှန်ဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် ဖိဖိစီးစီး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စိုက်ဧကအမှန်ရရှိရေး စီမံဆောင်ရွက် ကြရန်လိုအပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်စိစစ် သွားရန်လိုအပ်ကြောင်း။


ဝါးထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင်ဝါးအလုံးရေ ၂၆၅ သန်းခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ဧရာဝတီတိုင်း ဒေသကြီးတို့နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့သည် ဝါးအများဆုံးထုတ်လုပ်နိုင်သည့် ဒေသများဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးမှ ထွက်ရှိသည့်ဝါးများကို ပျော့ဖတ်အဖြစ် ထုတ်လုပ်မည်ဆိုပါက ပျော့ဖတ်တန်ချိန် ၄ သန်းခန့်ရရှိနိုင်မည်ဖြစ်ကြောင်း၊ ယင်း ပျော့ဖတ်များဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့်စက္ကူကို လုံလောက်စွာ ထုတ်လုပ် နိုင်မည်ဖြစ်သကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း ပျော့ဖတ်များတင်ပို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအတွင်း တည်ဆောက်ထားရှိသည့် စက္ကူစက်ရုံများ လည်ပတ် နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်းတွက်ချက် ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း။


ပြည်ပပို့ကုန်ဆန်အထွက်နှုန်း ကောင်းမွန်တိုးတက်စေရန်အတွက် အထွက်နှုန်း ကောင်းမွန်သည့် မျိုးစပါးများကို သတ်မှတ်ထားသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် သီးထပ်စိုက်ပျိုးနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေရရှိရေးအတွက် ပြည်ပပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ ပြည်ပနိုင်ငံများ၏ လိုအပ်ချက်များကို သိရှိအောင်ကြိုးစားပြီး နိုင်ငံခြားဈေးကွက် ရရှိအောင် ဖော်ဆောင်၍ နိုင်ငံ၏စီးပွားရေးတိုးတက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)