ကဗျာတစ်ပုဒ်၏ ရာဇဝင် ရှင်းတမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဗျာတစ်ပုဒ်၏ ရာဇဝင် ရှင်းတမ်း



ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင် နဲ့ ကျွန်တော်နဲ့ က မရင်းနှီးပါဘူး။ ဒီအချိန်မှာ ကျွန်တော်တို့က မီဒီယာနယ်ပဲထဲမှာ ရှိနေပြီး လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင် က ပါတီတာဝန်တွေကို စဉ်ဆက်မပြတ် ပြန်လည်ဆောင်ရွက်လာတဲ့အခါမှာ တွေ့ဖြစ် ဆုံဖြစ်လာပါတယ်။ 


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရဲ့ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ တာဝန်ယူထားသလို ၂၀၂၂ ခုနှစ် တတိယအကြိမ်မြောက် ပါတီညီလာခံအပြီးမှာ တောင်သူလယ်သမားရေးရာ ဥက္ကဋ္ဌ တာဝန်ကို ပြန်လည်ထမ်းဆောင်လာတာကို တွေ့ရပါတယ်။


ဦးမြင့်လှိုင် နဲ့ ပထမဆုံး ဆုံတွေ့တာက နေပြည်တော်ဥပ္ပာတသန္တိစေတီတော်မြတ်ကြီးရှေ့ မှာရှိတဲ့ တပေါင်းကွင်းမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ထောက်ခံကြိုဆိုဂုဏ်ပြုပွဲမှာ ဖြစ်ပါတယ်။ အကြမ်းဖက် အန္တရာယ်တွေ ကင်းဝေးစေဖို့ နစက ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထောက်ခံကြိုဆိုဂုဏ်ပြုပွဲမှာ ပြည်ထောင်စုဝန်ကြီးဟောင်းကို တွေ့ခဲ့ရတာက ပြည်သူတွေနဲ့တသားတည်း ပါတီဝင်တွေနဲ့အတူ ပရိတ်သတ်ထဲကနေ အားပေးနေတာကို တွေ့ခဲ့ရပါတယ်။ ဟောပြောမယ့် စင်မြင့်ပေါ်ကိုတောင် မတက်ဘဲ ပရိတ်သတ်များထဲမှာ ဦးမြင့်လှိုင်၊ ဦးသောင်းအေး တို့ အတူတကွ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို အားပေးထောက်ခံခဲ့ကြတဲ့ ရိုးရှင်းတဲ့ မြင်ကွင်းပဲ ဖြစ်ပါတယ်။ သွားရောက်နှုတ်ဆက်တဲ့အခါ ပြုံးပြရုံကလွဲပြီး ဘာမှ မပြောဖြစ်ခဲ့ပါဘူး။


အဲဒီနောက်ပိုင်းမှာတော့ ဦးမြင့်လှိုင်က ပြည်ထောင်စုနယ်မြေအတွင်း ပါတီရေးရာကိစ္စဆောင်ရွက်ချက်များ၊ ပညာရေးရန်ပုံငွေ ထောက်ပံ့ပွဲများကို သတင်းလာရောက်ရယူပေးနိုင်ဖို့ ဖိတ်ခေါ်တဲ့အတွက် သွားရောက်သတင်းရယူဖြစ်ခဲ့ပါတယ်။ ပါတီတွင်း အခမ်းအနားတွေမှာ ခရိုင်၊ မြို့နယ်အဆင့် ပါတီဦးဆောင်သူများနဲ့ တွေ့ဆုံတဲ့အခါတိုင်း တိုင်းပြည်မှာ ကြုံတွေ့နေတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို တပ်မတော်နဲ့အတူ လက်တွဲပြီး ညီညီညွတ်ညွတ်ကာကွယ်ကြဖို့၊ အကြမ်းဖက်နှိမ်နင်းရေးအပိုင်းကို အလေးထား လုပ်ဆောင်ဖို့ အဓိက ဆွေးနွေးပြောဆိုတာကို တွေ့ရပါတယ်။ 


အခမ်းအနားတွေမှာ မကြာခဏ သတင်းသွားယူပေးဖြစ်တဲ့အခါကြတော့ ရင်းနှီးလာပါတယ်။ တစ်နေ့မှာတော့ အခမ်းအနား မစတင်မီ စကားလက်ဆုံပြောဖြစ်ကြရင်း ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင် က "ထမင်းတစ်နပ်လျှော့စား" ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြန်လည်ပြောပြလာပါတယ်။ ဦးမြင့်လှိုင်က ပြုံးရယ်လျှက် "ငါဝန်ကြီးတာဝန်ထမ်းဆောင်နေစဉ် က ထမင်းတစ်နပ်လျှော့စားဆိုပြီး မီဒီယာတွေက ဖွခဲ့ကြတာကွ။ အဲဒီအခမ်းအနားမှာ တက်ရောက်ကြတဲ့ လယ်သမားတွေက ငါပြောတဲ့ ဆိုလိုရင်းကို သိတယ်။ သူတို့လည်း လက်ခံတယ်။ မီဒီယာတွေမှာ အဲဒီလို ရေးသားပြောဆိုလာတော့ လယ်သမားတွေက မကျေနပ်လို့ သွားရှင်းမယ်ဆိုပြီး လုပ်ကြတာ။ ငါ့ကိုလည်း လူကြီးတွေက ဘယ်လိုဖြစ်တာလဲ ၊ ဘာလဲ မေးကြတာပေါ့ကွာ။ ငါပြောတဲ့ သဘောက ကြွေးတင်ရှင်ဘုရင်ဆပ်ဆိုပြီး နေလို့ မရဘူး။ သံသရာကြွေးပါသွားရင် မကောင်းဘူး။ နိုင်ငံတော်ရဲ့ ကြွေးမြီကိုလည်း မှန်မှန်ကန်ကန် ပေးဆပ်ရမယ်ဆိုတာကို နားလည်အောင် ပြောပြတာ။ ငါက တပ်ထဲမှာနေလည်း အဲဒီလိုပဲ။ တခါတလေ ချေးငွေထုတ်ပေးတာတွေ ရှိတယ်ကွာ။ ထုတ်ချေးပေးတဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဒါကို ထုတ်ယူပြီးရင် မလိုအပ်တဲ့နေရာတွေမှာ မသုံးကြဖို့ တပ်မတော်သားတွေကိုလည်း ငါဒီလိုပဲ မှာတာပဲ။ လယ်သမားတွေကိုလည်း နိုင်ငံတော်က ချေးငွေရတဲ့အခါ ဆိုင်ကယ်လေး ဝယ်လိုက်မယ်၊ နှစ်လုံး သုံးလုံး ထိုးလိုက်မယ် မလုပ်ကြနဲ့။ လယ်ယာမြေထဲကိုပဲ ထည့်ပြီး ရင်းနှီးမြှုပ်နှံကြ။ ငါ့အပေါ် ကြွေးရှိနေရင် ငါက ညနေစာ ထမင်းတစ်နပ်လျှော့စားပြီး ကြွေးရအောင်စပ်မယ်ဗျာ လို့ ပြောပြခဲ့တာ။ အဲဒါ မင်းတို့ မီဒီယာတွေက ရေးတော့ ပြည်ထောင်စုဝန်ကြီးက ထမင်းတစ်နပ်လျှော့စားဖို့ ပြောတယ် ဖြစ်သွားရော" ဟု ပြုံးပြုံးရွှင်ရွှင်ပဲ ပြောပါတယ်။


အဲဒီအချိန်တုန်းက ဝန်ကြီးရဲ့ အဲဒီစကားကို ဘယ်သတင်းဌာနတွေက အဓိက ဖွခဲ့ကြသလဲဆိုတာကိုလည်း ကျွန်တော် သိပါတယ်။ အခု ထုတ်ဝေခွင့် ပိတ်သိမ်းခြင်း ခံထားရတဲ့ သတင်းဂျာနယ်တွေ က အဓိက ဖွခဲ့ကြတာပဲ ဖြစ်ပါတယ်။ 

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင် က "မင်းတို့ကို ငါပြောရင် ငါအပြောဖြစ်နေလိမ့်မယ်။ အဲဒီအခမ်းအနားကို တက်ရောက်တဲ့ လယ်သမားတွေနဲ့ မင်းတို့ကို ဆုံပေးအုံးမယ်။ လယ်ယာမြေဥပဒေ ထွက်ခါနီး ဓနုဖြူမြို့မှာ ကျင်းပတဲ့ တောင်သူလယ်သမားများနဲ့ တွေ့ဆုံပွဲမှာ ဥပဒေထွက်တော့မှာ ဖြစ်တဲ့အကြောင်း ရှင်းပြရင်း ငါက အကြွေးတင်မခံဖို့ ပြောခဲ့တာကို ကျေးဇူးတင်တဲ့ လယ်သမားကြီးတစ်ယောက်က ချက်ချင်း ကဗျာဆပ်ပြီး ငါ့ကို လာပြတာ။ ငါလည်း သဘောကျသွားတာ။ အဲဒါလေးက အမှတ်တရပဲ။ ငါလည်း အရမ်းသဘောကျပြီး အိပ်ကပ်ထဲ ရှိသမျှ ပိုက်ဆံစွဲထုတ်ပြီး ဆုချီးမြှင့်ပေးထားခဲ့တာ။" လို့ ပြောပြပါတယ်။


၃-၁၁-၂၀၂၂ ရက်နေ့က နေပြည်တော် ပြည်ထောင်စုနယ်မြေ တပ်ကုန်းမြို့နယ် ပါတီဝင်သစ်များအား အသိအမှတ်ပြု ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ တောင်သူလယ်သမားဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ လယ်သမားကြီး ဦးသိန်းအောင် တကုတက တက်ရောက်လာခဲ့ပါတယ်။ ၂၀၁၀ မှ ၂၀၁၅ ပြည်ခိုင်ဖြိုးပါတီ က ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ အစိုးရ အဲဒီကာလက တည်ရှိခဲ့တဲ့ လွှတ်တော်က တောင်သူလယ်သမားတွေရဲ့ အကျိုးအတွက် ဥပဒေနှစ်ရပ် ပြဋ္ဌာန်းပေးခဲ့တာကို ရှင်းလင်းပြောဆိုပြီး သူရေးစပ်ခဲ့တဲ့ ကဗျာလေး အကြောင်းကိုလည်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

လယ်သမားကြီး ဦးသိန်းအောင်ရဲ့ ရှင်းလင်းပြောဆိုချက်က မာန်ပါလွန်းလှပါတယ်။ နှစ်ပေါင်း ၅၀ ကျော်ကြာ တောင်သူလယ်သမားတွေမှာ လယ်ယာမြေပိုင်ဆိုင်ခွင့်မရခဲ့တဲ့ အခြေအနေကနေ ခေတ်ကြီး လုံးဝပြောင်းလဲသွားတယ်။ ကျေးဇူးတရား က ကြီးလည်း ကြီးတယ်၊ နီးလည်း နီးတယ်။ လယ်သမားတွေမြင်ကြရဲ့လားဗျာ။ အကျိုးတရားကို တခါတည်း ရလိုက်တယ်။ လယ်သမားတွေ မသိလိုက်ဘူးဗျာ လို့ ရှင်းလင်းပြောဆိုသွားပါတယ်။

လယ်သမားကြီး ဦးသိန်းအောင် ရဲ့ ကဗျာ က -

အရိပ်လိုလူ ဦးမြင့်လှိုင် 


သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းခို

ရှေးဟောင်းအဆို ခုလည်းပဲ မြရိပ်ညို

နားလို့သာခို။


စိမ်းစိုစို ချမ်းမြမြ

ကြုံရသူသဘောကျ။


မနောလှ သဒ္ဓါပို

မေတ္တာရိပ်ခို။


အရိပ်လိုစွမ်းနိုင်သား

ထူးတဲ့လူသား။   ။

ဒါကတော့ သူ့ဗျာ မူရင်းအတိုင်းလေးပါ။


ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင်ရဲ့ အခမ်းအနားတွေ လိုက်ပါသတင်းရယူပါ များလာတော့ လယ်သမားတွေရဲ့ အကျိုးအတွက် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ဘက်ဂျက်အကန့်အသတ်ကြားကနေ တောင်သူလယ်သမားတွေ အကျိုးဖြစ်ထွန်းအောင် နည်းပေးလမ်းပြ ဆောင်ရွက်နိုင်ခဲ့တဲ့ အခြေအနေကို သိခွင့်ရခဲ့တယ်။ ယခုလက်ရှိ အချိန်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ မူဝါဒတွေနဲ့ အကောင်းဆုံး ဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို မကြာခဏ ရှင်းလင်းပြောဆိုတာကို တွေ့လာရပါတယ်။


အသက်အရွယ်ကြီးရင့်လာပေမယ့် ၇၅ ရာခိုင်နှုန်းသော တောင်သူတွေရဲ့ အကျိုးကို အပြောမဟုတ် လက်တွေ့ ဆောင်ရွက်ပြလိုသေးတယ်။ စိုက်ပျိုးရေးကို အခြေခံပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ဖို့ စိုက်ပျိုးရေးကဏ္ဍမှာ မျိုးကောင်းမျိုးသန့်များ ရရှိပြီး စိုက်ပျိုးနိုင်ရေးကနေစပြီး လိုအပ်တဲ့ နည်းပညာ ပံ့ပိုးမှု၊ သွင်းအားစုများ ပြည့်စုံဖူလုံရေး၊ ထွက်ကုန်များ အရည်အသွေးပြည့်မီစေရေး၊ နောက်ဆုံး အာမခံချက်ရှိတဲ့ ဈေးကွက်ထဲကို ပို့ဆောင်နိုင်သည်အထိ စိုက်ပျိုးရေးကဏ္ဍမှာ A to Z လုပ်ဆောင်သင့်သည်များကို ပါတီတွင်း တွေ့ဆုံဆွေးနွေးမှုတွေမှာ အလေးထားပြောဆိုလာတာမျိုးကို တွေ့ရပါတယ်။


အများပြည်သူ အကျိုးအတွက် ရှေးရှုဆောင်ရွက်ခဲ့ပေမယ့် မီဒီယာက အများပြည်သူ အထင်အမြင်လွဲမှားအောင် ဖန်တီးရေးသား ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။ သို့ပေသော်လည်း သူရဲ့ အများအကျိုးကို လိုလားတဲ့ စိတ်အားထက်သန်မှုနဲ့အတူ တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌအဖြစ် ပြန်လည်တာဝန်ယူဆောင်ရွက်လာတာဟာ လယ်သမားတွေအတွက် သူစွမ်းဆောင်နိုင်သမျှ အကျိုးဖြစ်ထွန်းအောင် လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။


၃-၁၁-၂၀၂၂ ရက်နေ့က ကျင်းပသွားခဲ့တဲ့ တပ်ကုန်းမြို့ ပါတီဝင်သစ်များ အသိအမှတ်ပြု ကတ်ပြားပေးအပ်ပွဲ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြင့်လှိုင် က "လယ်ယာစိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ပြီးတော့မှ ဆင်းရဲနေကြရတယ်။ ဒီဘဝကနေ လွတ်မြောက်ဖို့ဆိုရင် လွတ်မြောက်ဖို့နည်းလမ်းတွေ ကြိုးပမ်းရှာဖွေပြီးတော့ လက်တွေ့ဆောင်ရွက်ဖို့ လိုတယ်။ လက်တွေ့ ဘယ်လိုကြိုးပမ်းဆောင်ရွက်မလဲ။ ဦးတည်ချက်ကတော့ နိုင်ငံတကာမှ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ကနေ ဘဝအတွက် အောင်မြင်မှု အသီးအပွင့်တွေ၊ ဘဝ အာမခံချက်ခိုင်မာဖို့ ငွေကြေးအကျိုးအမြတ်တွေ ဖြစ်ထွန်းဖို့ ဆိုတဲ့ ဦးတည်ချက်ကို ကျွန်တော်တို့ သွားရမှာ"  လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။


တောင်သူလယ်သမားတွေရဲ့ အကျိုးကို ပြန်လည်ဆောင်ရွက်နိုင်ပေးနိုင်ဖို့ ဆိုတာကတော့ နိုင်ငံတော်တာဝန်များကို USDP အနေနဲ့ ပြန်လည်ဦးဆောင်ခွင့် ရမှာသာ ဦးဆောင်လမ်းပြပြီး ဆောင်ရွက်ပေးနိုင်မှာဖြစ်လို့ နစက ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ ပြန်လည်အောင်နိုင်ရေးကို အဓိက ထားပြီး လုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။ ဒီနေ့ ဒီအချိန် အာဏာလက်မဲ့ ဖြစ်သွားသူတွေရဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဆူပူ အကြမ်းဖက်လုပ်ရပ်တွေ ကြားမှာ တိုင်းပြည်ရဲ့ မဝေးလှသေးတဲ့ အတိတ်ကာလကို ပြန်လည်ဆန်းစစ်ကြည့်ကြမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဒီမိုကရေစီစနစ်ကို စတင်ဖော်ဆောင်ခဲ့ရာမှာ အစိုးရနှစ်ရပ်ကို မြင်တွေ့ခဲ့ရပါတယ်။ USDP မှ ဦးသိန်းစိန် ဦးဆောင်သော အစိုးရနဲ့ NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတို့ပဲ ဖြစ်ကြပါတယ်။ ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်မှာ တိုင်းဖျက် ပြည်ဖျက် လုပ်ပြီး ပြည်ပမှာ ခိုလှုံနေကြတဲ့သူတွေကို အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ်အောက်ကနေ ဖိတ်ခေါ်ခဲ့သလို တိုင်းဖျက် ပြည်ဖျက် လှုံ့ဆော်ရေးသားနေကြတဲ့ ပြည်ဖျက် မီဒီယာတွေကိုလည်း ပြည်တွင်းမှာ အခြေစိုက်ခွင့် ပြုပေးခဲ့ပါတယ်။ လယ်သမားကြီး ဦးသိန်းအောင် ပြောခဲ့သလိုပဲ တောင်သူလယ်သမားများအတွက် လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ ပြဋ္ဌာန်းပေးခဲ့တာလည်း ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ ဖြစ်ပါတယ်။ ပြည်သူများအားလုံး mobile ဖုန်း အသုံးပြုနိုင်အောင် ပြုပြင်ပြောင်းလဲ ပေးခဲ့တာလဲ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ ဖြစ်ပါတယ်။


အစိုးရ နှစ်ရပ် ပေါ်ပေါက်ခဲ့တဲ့ ကာလတစ်ခုကို သုံးသပ်ကြည့်မယ်ဆိုရင်ပဲ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လယ်သမားများအအတွက်သာ မကဘဲ ပြည်သူတစ်ရပ်လုံးအတွက် ကျေးဇူးတရားတွေက ကြီးလည်း ကြီးပါတယ်၊ နီးလည်း နီးပါးတယ်။ သို့ပေသော် ပြည်သူများဟာ လယ်သမားကြီး ဦးသိန်းအောင် ပြောခဲ့သလိုပဲ မမြင်ခဲ့ကြပါဘူး။


ဒီမိုကရေစီဆိုတာ ပြည်သူ့ဆန္ဒကို အလေးထားခြင်း ဖြစ်ပါတယ်။ ပြည်သူများဟာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် ဆူပူ အကြမ်းဖက် လုပ်မယ့် အစိုးရမျိုးကို ရွေးချယ်ကြအုံးမှာလား။ တိုင်းပြု ပြည်ပြု သာသနာပြုမယ့် အစိုးရမျိုး ပေါ်ပေါက်စေချင်တာလား။ ဒါကတော့ ပြည်သူတွေရဲ့ ရွေးချယ်မှုက အဖြေပေးမှာပဲ ဖြစ်ပါတယ်။ မိမိတို့နဲ့ ထိုက်တန်တဲ့ အစိုးရမျိုးကို ရတာပါ ဆိုတဲ့ စကားရပ်နဲ့ ပြန်လည်နှိုင်းချိန် စဉ်းစားလိုက်ရင် ပြည်သူအများစုဟာ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်မယ့်သူတွေကို အားကိုး ယုံကြည်ခဲ့မိခြင်းကြောင့် ယနေ့ အချိန်မှာ မိမိကိုဘယ်အကြမ်းဖက်သမားကများ လာပြီး လုပ်ကြံသတ်ဖြတ်လေမလဲ။ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေ ဘယ်နေရာမှ အသတ်ခံရအုံးမလဲ စိုးရိမ်သောကတွေနဲ့ ရှင်သန်နေကြရတယ် မဟုတ်ပါလား။ ပြည်သူ အများစုရဲ့ ဆန္ဒပြမှာ တိုင်းပြု ပြည်ပြု သာသနာပြုမယ့် အစိုးရကို လိုလားနှစ်သက်တယ်ဆိုရင်ဖြင့် နစက ကျင်းပပေးမယ့် ရွေးကောက်ပွဲကြီးကနေ ထွက်ပေါ်လာမယ့် အစိုးရတစ်ရပ်ဟာ တိုင်းပြု ပြည်ပြု သာသနာပြု အစိုးရ ဖြစ်ပါလိမ့်မယ်။ ပြည်သူ အများစုက တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ ဆန္ဒနဲ့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေရဲ့ သွေးဆောင်စည်းရုံးရာကို လိုက်ပါ နေကြအုံးမယ်ဆိုရင်ဖြင့် မြန်မာပြည်ရဲ့ အနာဂတ် ဟာ ရွှေပြည်တော် မျှော်တိုင်းဝေး ဖြစ်နေအုံးမှာပါပဲ။


နောင်တော်လေး (ဘိုကလေး)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)