ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSMEs) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြည့်ရှုအားပေး

 



MNP - နိုဝင်ဘာ ၃၀


ပြည်နယ်၏ စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ဆောင်ရွက်ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကကျသည့်အတွက် ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် Hpa-an Silk Factory Soap ပိုးချည်မျှင်လုပ်ငန်းနှင့် ယားအူးရေချို ကရင်ငါးပိလုပ်ငန်းတို့ကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဘီးရှော့လမ်းရှိ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် မှတ်ပုံတင်ထားသော  Hpa-an Silk Factory Soap ပိုးချည်မျှင်လုပ်ငန်းသို့ရောက်ရှိပြီး ပိုးအိမ်များမှ ပိုးချည်ထုတ်လုပ်မှု၊ ပိုးဂွမ်းလက်ကျစ်ချည် ထုတ်လုပ်မှုနှင့် ဆပ်ပြာထုတ်လုပ်မှုလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး လုပ်ငန်းချဲ့ထွင် လုပ်ကိုင်နိုင်ရေး၊ ပိုးစာပင်စိုက်ခြံများဖြင့် ပိုးမွေးမြူ၍ ပိုးအိမ်ထုတ်လုပ်နိုင်ရေးဆွေးနွေး ပြောကြားကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။


ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ မြို့တော်ဦးလမ်းရှိ ယားအူး ရေချိုကရင်ငါးပိ မိသားစုတစ်ပိုင်တစ်နိုင်ထုပ်ပိုးရောင်းချရေးလုပ်ငန်းသို့ သွားရောက်ပြီး ကုန်ကြမ်းနှင့် ဈေးကွက်ရရှိမှု၊ အဆင့်မီပြင်ဆင်ထုပ်ပိုးမှု၊ Online မှတစ်ဆင့် နိုင်ငံတကာသို့ တင်ပို့ရောင်းချမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လုပ်ငန်းတိုးချဲ့နိုင်ရေး အရင်းအနှီး၊ ကုန်ကြမ်းနှင့် လိုအပ်သည့် နည်းပညာစက်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရေး မေးမြန်းဆွေးနွေးကာ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


အလားတူ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီ၏ (၁၃/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) ၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေနှင့်ပတ်သက်၍ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ထိထိရောက်ရောက်ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အရည်အသွေးမီ စားသုံးဆီများထုတ်လုပ်ရန် ရည်ရွယ်၍ ဆီစက်ချေးငွေများချေးယူလိုပါက SME ချေးငွေများကို စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနသို့ လျှောက်ထားတင်ပြနိုင်ကြောင်း၊ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နွေစပါး၊ ပဲတီစိမ်းနှင့် ဆီထွက်သီးနှံစိုက်ပျိုးသူများကို အဓိကထားထုတ်ချေးပေးခဲ့ပြီး ထပ်မံထုတ်ချေးလိုသူများအား ကွင်းဆင်းစိစစ်ပြီးပါက ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ဆက်လက်ထုတ်ချေးပေးနိုင်ရေး မြေပြင်ကွင်းဆင်းစိစစ်မှုအခြေအနေများ၊ ချေးငွေဖြင့်သီးနှံများ စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မြစိမ်းရောင်သင်တန်းပို့ချပေးနိုင်ခဲ့သည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ခရိုင်အဆင့်ဌာနဆိုင်ရာများက ခရိုင်အလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ သီးနှံစိုက်ပျိုးပြီးစီးမှု၊ ချေးငွေထုတ်ချေးပြီးစီးမှု၊ ချေးငွေရယူရန် ဆက်လက်တင်ပြတောင်းခံမှု၊ ချေးငွေဖြင့် စိုက်ပျိုးမွေးမြူပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြကာ  ပြည်နယ် ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)