ရန်ကုန်မြို့တွင်းရှိ ‌YBS မှတ်တိုင်များတွင် ယာဉ်များ နှစ်ထပ်ရပ်တန့်မှုမရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တွင်းရှိ ‌YBS မှတ်တိုင်များတွင် ယာဉ်များ နှစ်ထပ်ရပ်တန့်မှုမရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိ



MNP ၊  နိုဝင်ဘာ     ၅

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ခရီးသည်တင်ယာဉ်များနှင့် တက္ကစီယာဉ်များအနေဖြင့် ‌YBS မှတ်တိုင်များ၌ နှစ်ထပ်ရပ်တန့်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ စစ်ဆေးရေးအဖွဲ့များနှင့် ‌YBS ယာဉ်လိုင်းကုမ္ပဏီများ ပူးပေါင်း၍ ရန်ကုန်မြို့ရှိ ယာဉ်ကြောမကြာခဏ ပိတ်ဆို့တတ် သည့် မှတ်တိုင်(၁၆)ခုတွင် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ သိရသည်။


“ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်အရ ‌YBS မှတ်တိုင်တွေမှာ ယာဉ်နှစ်ထပ်ရပ်တန့်ခြင်းမရှိစေရေးကို အကောင် အထည်ဖော်တဲ့အနေနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ ( YRTC )ကနေပြီး အောက်တိုဘာလ(၂၀)ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တွင်း ယာဉ်ကြောမကြာခဏ ပိတ်ဆို့ တတ်တဲ့နေရာ၊ ယာဉ်အသွားအလာများတဲ့နေရာ၊ ‌YBS ခရီးသည်တင်ယာဉ်များနှင့် တက္ကစီယာဉ်များအပါအဝင် အခြားယာဉ်များ စုပြုံပြီး ရပ်တတ်တဲ့ မှတ်တိုင်(၁၆)ခုတွင် ( YRTC )မှ စစ်ဆေးရေးအဖွဲ့များနှင့် ‌YBS ယာဉ်လိုင်း ကုမ္ပဏီများ ပူးပေါင်း၍ နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဆောင်ရွက်မှုက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရာမှာ များစွာအထောက်အကူပြုတာလည်း တွေ့ရပါတယ်။ အဲဒါကြောင့် ပထမက နှစ်ပတ်စမ်းသပ်ကာလအနေနဲ့ စတင်ဆောင်ရွက်ခဲ့ရာမှ ယခုအခါမှာတော့ ဒီစတင်ခဲ့တဲ့ မှတ်တိုင်(၁၆)နေရာ သာမကပဲ အခြားယာဉ်ကြောပိတ်ဆို့တတ်တဲ့နေရာတွေမှာပါ စဉ်ဆက်မပြတ် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။


ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ‌YBS မှတ်တိုင်များ၌ ယာဉ်နှစ်ထပ်ရပ်တန့်ခြင်းမရှိစေရေးအတွက် ပြည်လမ်းရှိ စော်ဘွားကြီးကုန်းမှတ်တိုင်နှင့် မဟာမြိုင်မှတ်တိုင်၊ ဗားကရာလမ်းရှိ မြေနီကုန်းမှတ်တိုင်၊ ကမ္ဘာအေး ဘုရားလမ်းရှိ ရှစ်မိုင်မှတ်တိုင်၊ သုဓမ္မာလမ်းရှိ မြောက်ဥက္ကလာပအဝိုင်းမှတ်တိုင်နှင့် ခြောက်ကွေ့မှတ်တိုင်၊ ဗညား ဒလလမ်းရှိ ယုဇနပလာဇာမှတ်တိုင်၊ ကျိုက္ကဆံလမ်းရှိ တာမွေဈေးမှတ်တိုင်၊ အင်းစိန်လမ်းရှိ သမိုင်းလမ်းဆုံမှတ်တိုင်၊ ပြည်ထောင်စုလမ်းရှိ ၇/၈ လမ်းဆုံမှတ်တိုင်၊ လေးထောင့်ကန်လမ်းရှိ စံပြဈေးမှတ်တိုင်၊ (သာကေတမြို့နယ်) ဧရာဝဏ်လမ်းရှိ ကျောက်တိုင်မှတ်တိုင်၊ အထက်ကြည့်မြင်တိုင်လမ်းရှိ ကြည့်မြင်တိုင်ညဈေးမှတ်တိုင်၊ ဘုရင့်နောင် လမ်းရှိ သီရိမင်္ဂလာဈေးသစ်မှတ်တိုင်နှင့် ပေါက်တောဝမှတ်တိုင်၊ အောက်မင်္ဂလာဒုံလမ်းရှိ တညင်းကုန်းလမ်းဆုံ မှတ်တိုင် စသည့်မှတ်တိုင်(၁၆)နေရာတွင် ( YRTC )မှ စစ်ဆေးရေးအဖွဲ့များနှင့် ‌YBS ယာဉ်လိုင်း ကုမ္ပဏီများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)