ရန်ကုန်မြို့တွင်းရှိ ‌YBS မှတ်တိုင်များတွင် ယာဉ်များ နှစ်ထပ်ရပ်တန့်မှုမရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့တွင်းရှိ ‌YBS မှတ်တိုင်များတွင် ယာဉ်များ နှစ်ထပ်ရပ်တန့်မှုမရှိစေရေး စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်



MNP - နိုဝင်ဘာ   ၅


ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ခရီးသည်တင်ယာဉ်များနှင့် တက္ကစီယာဉ်များအနေဖြင့် ‌YBS မှတ်တိုင်များ၌ နှစ်ထပ်ရပ်တန့်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် ယာဉ်လမ်းအန္တရာယ် ကင်းဝေးစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ စစ်ဆေးရေးအဖွဲ့များနှင့် ‌YBS ယာဉ်လိုင်းကုမ္ပဏီများပူးပေါင်း၍ ရန်ကုန်မြို့ရှိ ယာဉ်ကြောမကြာခဏ ပိတ်ဆို့တတ်သည့် မှတ်တိုင်(၁၆)ခုတွင် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။


“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ အစည်းအဝေးဆုံးဖြတ်ချက်အရ ‌YBS မှတ်တိုင်တွေမှာ ယာဉ်နှစ်ထပ်ရပ်တန့်ခြင်းမရှိစေရေးကို အကောင် အထည်ဖော်တဲ့အနေနဲ့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) ကနေပြီး အောက်တိုဘာလ (၂၀) ရက်နေ့မှစတင်ကာ ရန်ကုန်မြို့တွင်း ယာဉ်ကြောမကြာခဏ ပိတ်ဆို့တတ်တဲ့နေရာ၊ ယာဉ်အသွားအလာများတဲ့နေရာ၊ ‌YBS ခရီးသည်တင်ယာဉ်များနှင့် တက္ကစီယာဉ်များအပါအဝင် အခြားယာဉ်များ စုပြုံပြီး ရပ်တတ်တဲ့ မှတ်တိုင်(၁၆)ခုတွင် (YRTC)မှ စစ်ဆေးရေးအဖွဲ့များနှင့် ‌YBS ယာဉ်လိုင်း ကုမ္ပဏီများ ပူးပေါင်း၍ နေ့စဉ်နံနက်(၈)နာရီမှ ညနေ(၆)နာရီအထိ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီဆောင်ရွက်မှုက ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရာမှာ များစွာအထောက်အကူပြုတာလည်း တွေ့ရပါတယ်။ အဲဒါကြောင့် ပထမက နှစ်ပတ်စမ်းသပ်ကာလအနေနဲ့ စတင်ဆောင်ရွက်ခဲ့ရာမှ ယခုအခါမှာတော့ ဒီစတင်ခဲ့တဲ့ မှတ်တိုင်(၁၆)နေရာသာမကပဲ အခြားယာဉ်ကြောပိတ်ဆို့တတ်တဲ့နေရာတွေမှာပါ စဉ်ဆက်မပြတ် ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။


ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ‌YBS မှတ်တိုင်များ၌ ယာဉ်နှစ်ထပ်ရပ်တန့်ခြင်းမရှိစေရေးအတွက် ပြည်လမ်းရှိ စော်ဘွားကြီးကုန်းမှတ်တိုင်နှင့် မဟာမြိုင်မှတ်တိုင်၊ ဗားကရာလမ်းရှိ မြေနီကုန်းမှတ်တိုင်၊ ကမ္ဘာအေး ဘုရားလမ်းရှိ ရှစ်မိုင်မှတ်တိုင်၊ သုဓမ္မာလမ်းရှိ မြောက်ဥက္ကလာပအဝိုင်းမှတ်တိုင်နှင့် ခြောက်ကွေ့မှတ်တိုင်၊ ဗညားဒလလမ်းရှိ ယုဇနပလာဇာမှတ်တိုင်၊ ကျိုက္ကဆံလမ်းရှိ တာမွေဈေးမှတ်တိုင်၊ အင်းစိန်လမ်းရှိ သမိုင်းလမ်းဆုံမှတ်တိုင်၊ ပြည်ထောင်စုလမ်းရှိ ၇/၈ လမ်းဆုံမှတ်တိုင်၊ လေးထောင့်ကန်လမ်းရှိ စံပြဈေးမှတ်တိုင်၊ (သာကေတမြို့နယ်) ဧရာဝဏ်လမ်းရှိ ကျောက်တိုင်မှတ်တိုင်၊ အထက်ကြည့်မြင်တိုင်လမ်းရှိ ကြည့်မြင်တိုင်ညဈေးမှတ်တိုင်၊ ဘုရင့်နောင်လမ်းရှိ သီရိမင်္ဂလာဈေး သစ်မှတ်တိုင်နှင့် ပေါက်တောဝမှတ်တိုင်၊ အောက်မင်္ဂလာဒုံလမ်းရှိ တညင်းကုန်းလမ်းဆုံ မှတ်တိုင် စသည့်မှတ်တိုင်(၁၆)နေရာတွင် (YRTC)မှ စစ်ဆေးရေးအဖွဲ့များနှင့် ‌YBS ယာဉ်လိုင်း ကုမ္ပဏီများ ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှု မရှိဘဲ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။


သတင်း - နိုင်လင်းအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)