ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ


MNP -  ဒီဇင်ဘာ ၂၇

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၄)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (နေပြည်တော်)၌ ကျင်းပသည်။


အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်၍ သင်တန်းသားသင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။


အဆိုပါ သင်တန်းသို့ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများအောက်ရှိ ဌာနအဖွဲ့အစည်းများမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၃၂ ဦး တက်ရောက်ကြသည်။


သင်တန်းတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာအခြေခံသိကောင်းစရာများ၊ အခွန်ပေးဆောင်ရာ၌ လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာအခွန်ကိစ္စရပ်များ၊ စီမံကိန်းရေးဆွဲခြင်း၊ ဘတ်ဂျက်ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်း၊ ပြည်ပချေးငွေနှင့် ပြည်ပအကူအညီရယူခြင်း၊ နိုင်ငံခြားငွေသုံးစွဲခြင်း၊ ငွေတိုက်လုပ်ငန်းဆိုင်ရာဘဏ္ဍာရေး သတင်းအချက်အလက်များ၊ စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းစသည့် ဘာသာရပ်များကို စာတွေ့၊ လက်တွေ့နှင့်ယှဉ်၍ ဆွေးနွေးပို့ချခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တလေးပတ်ကြာမြင့်ခဲ့သည်။


ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ဒီဇင်ဘာ ၂၂ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၃ ရက်နံနက်ပိုင်းတွင် အကောက်ခွန်ဦးစီးဌာနရုံးချုပ်၌ တင်ဒါလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဌာနဆိုင်ရာစုံစမ်းစစ်ဆေး ရေးခုံရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အေးရှားဝေါလ်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းကိုလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီးလိုအပ်သည်များ မှာကြားသည်။


ဒုတိယဝန်ကြီးသည် ဒီဇင်ဘာ ၂၄ ရက်နံနက်ပိုင်းတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်၌ ကျင်းပသည့် ဘဏ်၏ပထမလေးလပတ်နှင့် ဒုတိယလေးလပတ်ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများကို စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာချေးငွေကိစ္စများ အသေး စိတ်ဆွေးနွေးမှာကြားခဲ့သည်။


မွန်းလွဲပိုင်းတွင် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့သွားရောက်၍ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)