သီရိမင်္ဂလာကျေးရွာ နှင့် ကိုင်း(၃)ကျေးရွာတို့အား နိုင်ငံတော်အသိအမှတ်ပြု ကျေးရွာဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးရန် ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီရိမင်္ဂလာကျေးရွာ နှင့် ကိုင်း(၃)ကျေးရွာတို့အား နိုင်ငံတော်အသိအမှတ်ပြု ကျေးရွာဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးရန် ဆွေးနွေး

 




MNP ၊ ဒီဇင်ဘာ ၉

ယနေ့ နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီရုံးကို သီရိမင်္ဂလာကျေးရွာနှင့် ကိုင်း(၃)ကျေးရွာတို့မှ ရပ်မိရပ်ဖများ ရောက်ရှိလာပြီး နိုင်ငံတော်အသိအမှတ်ပြုကျေးရွာများဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးသည့်အပေါ် ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေနှင့် တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင်တို့က ကူညီဆောင်ရွက်ပေးနေမှုအခြေအနေကို ရှင်လင်းဆွေးနွေးခဲ့ပါတယ်။

တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လှိုင် သက်ဆိုင်ရာတာဝန်ရှိသူများထံ တင်ပြဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး အလွတ်သဘောဆွေးနွေးရာတွင် "ခင်ဗျားတို့ရဲ့ ဆန္ဒကို အစိုးရသိအောင် ပြရတယ်။ ဒါမှလည်း သူတို့က လုပ်ပေးသင့် မသင့် စဉ်းစားလို့ရမှာပေါ့ဗျာ။ ကျွန်တော်တို့ အစိုးရလက်ထက်မှာတော့ ဒါက အရေးပေါ် အလေးထားပြီး လုပ်ပေးသင့်တဲ့အလုပ်ဆိုရင် လုပ်ပေးတယ်။ အခုက ပြည်ခိုင်ဖြိုးအစိုးရမဟုတ်ဘူး။ လိုအပ်ချက်အရ ပေါ်ပေါက်လာတဲ့အစိုးရ။ အရေးပေါ်ကာလဆိုတာလည်း တရားဝင်ကြေညာထားတယ်။ ကျွန်တော်တို့ ကူညီပေးနိုင်တဲ့ အပိုင်းကို အားလုံးဆောင်ရွက်ပေးထားတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့အပိုင်း မရှိဘူး။ ဆက်လက်ဆောင်ရွက်ပေးကြပါလိမ့်မယ်။ ကျွန်တော်တို့ဘက်က ကူညီနိုင်တဲ့အတိုင်းအတာကို ကူညီသလို ခင်ဗျားတို့ ရွာသူ ရွာသားတွေအပိုင်းကလည်း ကျေးရွာလုံခြုံရေး၊ နိုင်ငံတော်ကိုအထောက်အကူပြုမယ့် လုပ်ငန်းတွေမှာ အားတက်သရော ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်ဗျာ။" ဟု ဆွေးနွေးတင်ပြသွားသည်။

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ က "ကျွန်တော်တို့က ပြည်သူတွေရဲ့ လိုအပ်ချက်ကို စေတနာအပြည့်နဲ့ လုပ်ပေးတယ်။ ငါတို့ကို မဲပေးမှ လုပ်ပေးမယ်ဆိုတာမျိုး မဟုတ်ဘူး။ ဒီနေရာမှာ ဘာလိုအပ်နေလဲ။ လုပ်ပေးနိုင်တဲ့ ကိစ္စကို ဖြူဖြူစင်စင်နဲ့ လုပ်ပေးတယ်။ သတင်းစာရှင်းလင်းပွဲမှာလည်း တင်ပြပေးခဲ့ပြီးပြီ။ နိုင်ငံတော်အနေနဲ့ ဒီနေရာကို ကျေးရွာအဖြစ် အသိအမှတ်ပြုပေးလိုက်လို့ ဘယ်လောက်တောင် နစ်နာသွားမလဲ။ ဘယ်လောက်အထိ အကျိုးရှိနိုင်လဲ။ ဒါကို သုံးသပ်နိုင်အောင်ပေါ့နော်။ လွှတ်တော်ရှိတဲ့ ကာလ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာ ဟိုးအင်္ဂလိပ်လက်ထက်ကတည်းက ရှိခဲ့တာ။ သစ်တောက ဒီရွာကို သစ်တောမြေကျူးပါတယ်ဆိုပြီး ရွာသူရွာသားတွေကို တရားစွဲဆို ထောင်ချတာတွေ လုပ်ခဲ့တယ်။ ဝန်ကြီးနဲ့ သွားတွေ့ပြီး အင်္ဂလိပ်စစ်သုံးမြေပုံနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ရှေးပဝေသဏီကတည်းက ရွာအဖြစ် ရှိခဲ့တယ်။ သစ်တောမြေလို့ သတ်မှတ်တာနဲ့ နှစ်ပေါင်း ၁၀၀ လောက် ကွာဟနေတယ်။ ဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးတင်ပြတော့ လက်ခံတယ်။ ရွာကိုလည်း အသိအမှတ်ပြုလိုက်တယ်။ ရွာသားတွေလည်း ထောင်က လွတ်သွားတယ်။ ဒီလို သာဓကလေးတွေတော့ ရှိခဲ့ပါတယ်။ အခု ကိုင်း(၃) နဲ့ သီရိမင်္ဂလာရွာကိုလည်း အလားတူပဲ ဆက်လက်ကြိုးစား ဆောင်ရွက်ပေးသွားမယ်။" ဟု ဆွေးနွေး ပြောဆိုသွားသည်။

ကိုင်း(၃) နှင့် သီရိမင်္ဂလာ ကျေးရွာများသည် နေပြည်တော် မြို့သစ်တည်ပြီး ပေါ်ပေါက်လာသော ကျေးရွာများဖြစ်သော်လည်း နိုင်ငံတော်က တရားဝင်အသိအမှတ်ပြု ကျေးရွာစာရင်းမဝင်သေးသောကြောင့် ရပ်မိရပ်ဖများအနေဖြင့် နိုင်ငံအတော်အသိအမှတ်ပြုကျေးရွာအဖြစ် တရားဝင်သတ်မှတ်ပေးရေး ဆောင်ရွက်နေကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)