နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ မြစ်သားမြို့နယ် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ မြစ်သားမြို့နယ် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ရောက်


MNP -  ဒီဇင်ဘာ ၂၉

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် တေစိုးကျေးရွာအနီးရှိ အဆိုပါ ဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြု အမှာစကားပြောကြားပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ရခြင်း၏ အကျိုးကျေးဇူးများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက စက်ရုံတည်ဆောက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။


ယင်းနောက် Green Power Energy Co.,Ltd မှ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြောကြားသည်။


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဆက်လက်၍ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် Green Power Energy Co.,Ltd မှ တာဝန်ရှိသူတို့က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်နှင့် ဦးစိုင်းလုံးဆိုင်တို့က တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ကမ္ပည်းကျောက်စာ မော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ပြီး နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို လှည့််လည်ကြည့်ရှုကြသည်။


၄၀၆၉၃ ရွာ လျှပ်စစ်ဓာတ်အားရရှိ


ယခု တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ ၂၀ မဂ္ဂါဝပ်ဖြစ်ကာ မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည် ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး အဆိုပါစီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၂၁၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၅၀၈ မြို့၊ ကျေးရွာပေါင်း ၄၀၆၉၃ ရွာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး အိမ်ထောင်စုပေါင်း ၆၉၅၆၂၉၅ စုကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုအချိုးအနေဖြင့် နိုင်ငံ့လူဦးရေ၏ ၆၄ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)