ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


MNP ၊ ဒီဇင်ဘာ ၁၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန တောင်ငူပင်မ ဓာတ်အားခွဲရုံအနီးတွင် ဆောင်ရွက်လျက်ရှိသည့် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)- စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တောင်ငူပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ)ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်း အပြီးသတ်ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုဝန်အား ၁၅၀ မဂ္ဂါဝပ်ခန့် လျော့နည်းနေမည်ဖြစ်၍ ဝန်အားလျှော့ခြင်း ဆောင်ရွက်ထားရသည့်အတွက် သတ်မှတ်ထားသည့်အချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး တက်ညီလက်ညီဖြင့် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံးပစ္စည်းများ စံချိန်စံညွှန်း ပြည့်မီရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး စနစ်တကျ ဂရုပြုဆောင်ရွက်သွားရန်နှင့် ဓာတ်အားလိုင်းအနီး ပတ်ဝန်းကျင်ရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များအား ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး ဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဝန်ထမ်းများကို ဂုဏ်ပြုသစ်သီးခြင်းများ ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အား ထိန်းချုပ်ခန်းအတွင်း လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုနှင့် Switch Yard အတွင်း ဓာတ်အားလိုင်းအဝင်/အထွက်ပြုလုပ်နိုင်ရေး Switch Bay များ တိုးချဲ့တပ်ဆင် တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဓာတ်အားခွဲရုံအစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြားပြီး ဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်သည်။


အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း တည်ဆောက် ရခြင်းသည် လက်ရှိအခြေအနေတွင် ရွှေလီနှင့်ရဲရွာရေအားလျှပ်စစ်စက်ရုံများမှ ထွက်ရှိသော လျှပ်စစ် ဓာတ်အားများကို ၂၃၀ ကေဗွီ ဘဲလင်း - သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝခွဲရုံမှတစ်ဆင့် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ - သာစည် - ရွှေမြို့-ပျဉ်းမနား - သဲဖြူ - တောင်ငူ ဓာတ်အားလိုင်းတို့ဖြင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည်တောင်ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိရာ ၂၃၀ ကေဗွီ သပြေဝ - တောင်တွင်းကြီးလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူဓာတ်အားလိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့်အသတ်ရှိသဖြင့် System Break Down မဖြစ်စေရေး ဓာတ်အားစနစ်အတွင်း ဝန်အားစီးဆင်း မှုကို ထိန်းညှိ၍ ပို့လွှတ်ခဲ့ရသည်။


ယခုအခါ ၂၃၀ ကေဗွီ သပြေဝ(မိတ္ထီလာ)မှ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) ဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီဓာတ်အားလိုင်း ၁၄ မိုင် တည်ဆောက်ခြင်း၊ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း ၁၄၆ မိုင် တည်ဆောက် ခြင်းနှင့် ၅၀၀ ကေဗွီ စပါးကြွယ်(တောင်ငူ) ဓာတ်အား ခွဲရုံမှ ၂၃၀ ကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၀ မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့် တောင်ငူပင်မဓာတ်အား ခွဲရုံတွင် ၂၃၀ ကေဗွီ စပါးကြွယ်-တောင်ငူ ဓာတ်အားလိုင်း ချိတ်ဆက်နိုင်ရေးအတွက် လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းအင်အား ၃၂၅ ဦးဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။


ယခုလုပ်ငန်းများ ဆောင်ရွက်နေသည့် ၂၃၀ ကေဗွီ စပါးကြွယ် - တောင်ငူ ဓာတ်အားလိုင်း ဆောင်ရွက်ပြီးစီးပါက သပြေဝပင်မဓာတ်အားခွဲရုံမှ တောင်ငူပင်မဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ ဓာတ်အားကို တိုက်ရိုက်ချိတ်ဆက် ပို့လွှတ်နိုင်မည်ဖြစ်သဖြင့် ယခင်ကဓာတ်အားထိန်းညှိ ပို့လွှတ်ခဲ့ရသည့် ၂၃၀ ကေဗွီ သပြေဝ - တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် သပြေဝ - သာစည် - ပျဉ်းမနား - သဲဖြူ - တောင်ငူ ဓာတ်အားလိုင်းတို့အား လျှပ်စစ်ဝန်အားထိန်းညှိ ပို့လွှတ်စရာမလိုအပ်တော့ဘဲ ရွှေလီနှင့်ရဲရွာရေအားစက်ရုံမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာပြည် တောင်ပိုင်းဒေသများသို့ ဓာတ်အားပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်သဖြင့် ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုပို့လွှတ်ဖြန့်ဖြူး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)