နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား







MNP ၊ ဒီဇင်ဘာ ၂

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြု စစ်ရေးပြအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် စစ်တက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊  ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်းတပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၆၄)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၀၃၅၊ ဗိုလ်လောင်း ထွန်းလင်းကျော်၊ လေ့ကျင့်ရေး ထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၀၄၂၊ ဗိုလ်လောင်း နေလင်းစိုး၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၄၉၈၅၊ ဗိုလ်လောင်း ဇွဲညီမင်းပိုင်၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၂၁၄၊ ဗိုလ်လောင်း မျိုးမင်းအောင်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၂၂၄၊ ဗိုလ်လောင်း သူရိန်စိုး တို့အား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း ပြောကြားရာတွင် “တပ်မတော် (ကြည်း၊ ရေ၊ လေ) အတွက် လိုအပ်သည့် လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသော အရာရှိကောင်းများ မွေးထုတ်ပေးရန်” ဟူသည့် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ် လိုက်ခြင်းသည် တိုင်းပြည်တာဝန်၊ နိုင်ငံ့တာဝန်ကို တပ်ရင်း၊ တပ်ဖွဲ့များတွင် အခြေခံကျကျ တာဝန်ထမ်းဆောင်နိုင်စေရန် ဖြစ်ကြောင်း၊ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းနှင့်အတူ ယှဉ်တွဲပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်ကြောင်း၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) အဖြစ် တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသားတပ်မတော် (BNA)၊ မျိုးချစ်ဗမာ့တပ်မတော် (PBF)၊ ဗမာ့တပ်မတော် (Burma Army) အဖြစ် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး များမှ လွတ်လပ်ရေးရသည်အထိ ပြည်သူကိုဦးဆောင်လက်တွဲ တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်ကြောင်း။


စစ်တက္ကသိုလ်မှ နိုင်ငံတော်တာဝန်များ ထမ်းဆောင်ရန်အတွက် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးလိုက်ခြင်း သည် အခြေခံမျှသာဖြစ်ကြောင်း၊ မိမိတို့ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့နယ်ပယ်တွင် ယင်းပညာရပ်များကိုအခြေခံပြီး လက်တွေ့ဘဝနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် တပ်မတော်က ချမှတ်ထားသည့် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆)ရပ်နှင့်အညီ ကျင့်ကြံကြိုးစားလုပ်ဆောင်ရန် လိုအပ်ကြောင်း။


မိမိတို့တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်က ချမှတ်ထားသည့်ဥပဒေနှင့် စည်းကမ်းများ ကိုလည်း နိုင်ငံသားတစ်ဦးအနေဖြင့် လိုက်နာ ကြရသူများဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာတွင် လက်ခံ ကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေသများကိုလည်း သိရှိလိုက်နာကြရကြောင်း၊             တစ်ဦးချင်းတစ်ယောက်ချင်း စည်းကမ်းကောင်းမွန်မှုရှိမှသာ တပ်မတော်၏အားကို တည်ဆောက်နိုင်ပြီး တိုင်းရင်းသားပြည်သူ အားလုံး၏ ယုံကြည်ကိုးစားမှုကိုရရှိစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများကိုလေးစား လိုက်နာမှု၊ စိတ်ဓာတ် စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုများနှင့် မိမိတို့၏ဘဝကို ကြိုးစားမြှင့်တင် သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် စည်းကမ်းကောင်းသည့် တပ်မတော်၊ စည်းကမ်းရှိသည့် အဖွဲ့အစည်း၊ စည်းကမ်းအရာတွင် စံနမူနာဖြစ်သည့် အဖွဲ့အစည်းအဖြစ် တပ်မတော်၏ အစဉ်လာကောင်းများကို ဆက်လက်ထိန်းသိမ်းရန်လည်း မှာကြားလိုကြောင်း။


တပ်မတော်သားများသည် သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုပြီး အဓိဋ္ဌာန်ပြုနေ ကြသူများဖြစ်ကြောင်း၊ မည်သူကပင် ကြားဝင်သွေးခွဲပြီး တပ်မတော်ပြိုကွဲအောင် သွေးဆောင်ဖြားယောင်းသည်ဖြစ်စေ မယိုင်မလဲ လေးနက်ခိုင်မာသည့် အမျိုးသားရေး စိတ်ဓာတ်အပြည့်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သွားကြရန် လိုသည်ဟု တိုက်တွန်းပြောကြားလိုကြောင်း၊ လက်ရုံးရည်ပြည့်ဝစေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရမည် ဖြစ်သကဲ့သို့ နှလုံးရည်ပြည့်ဝစေရန်လည်း ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်၊ ဗဟုသုတများရရှိအောင် သုတ၊ ရသစာအုပ် စာပေများကိုအမြဲ ဖတ်ရှုလေ့လာ နေရမည်ဖြစ်ကြောင်း။


စာပေကပေးသည့် အသိအမြင်၊ အတွေးအခေါ်များသည် စိတ်ဓာတ်ခံယူချက်များကို မြင့်တက်လာစေမည် ဖြစ်သဖြင့် စာကောင်းပေမွန်များကို ဖတ်ရှုခြင်းအားဖြင့် မိမိကိုယ်ကို ထိန်းသိမ်းလာနိုင်ပြီး စိတ်ဓာတ် စည်းကမ်းများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ တပ်မတော်တစ်ရပ်အရည်အချင်း ပြည့်ဝရန် အတွက် လေ့ကျင့်ရေးသည် မရှိမဖြစ်လိုအပ်သည့် အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်အတွက် အရေးကြီးဆုံး လုပ်ငန်းလည်း ဖြစ်ကြောင်း၊ “ချွေးထွက်များမှ သွေးထွက်နည်းမည်” ဟူသည့် လေ့ကျင့်ရေး ဆောင်ပုဒ်အတိုင်း မိမိကိုယ်ကိုလေ့ကျင့်သားပြည့်ဝသူများဖြစ်အောင် အားထုတ် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိ ရှိရမည်” ဟူသည့် တပ်မတော်၏ လေ့ကျင့်ရေးမူဝါဒများနှင့်အညီ စိတ်ပိုင်း၊ ရုပ်ပိုင်း အစဉ်ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ်လေ့ကျင့် နေကြရန်မှာကြားလိုကြောင်း၊ ထို့ကြောင့် “လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှယုံကြည်၊ ယုံကြည်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်” ဟူသည့် ဆောင်ပုဒ်အတိုင်း အောင်မြင်မှု၏သော့ချက်ဖြစ်သည့် လေ့ကျင့်ရေးကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးအနက်ထား ကြိုးစားလုပ်ဆောင်သွားရန် မှာကြားလိုကြောင်း။


တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြို ကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေး မူဝါဒအဖြစ် အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊ ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်ဟူသည့် တပ်မတော်၏ အဓိက လုပ်ငန်း တာဝန် ၃ ရပ်ကို အစဉ်တစိုက် ထမ်းဆောင်လျက်ရှိကြောင်း။


နိုင်ငံတော်တွင် မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဆက်လက် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးသည် အနိမ့်ဆုံးအဆင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုးသားရေး တာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်ရန်ဖြစ်ပြီး တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ အများအကျိုး အတွက် ကာကွယ်ရေးတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း။


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (စ) အရ ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်နှင့်တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ (Guardian) အဖြစ် ယင်းတာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံ၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိကတာဝန်ရှိကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက် အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူမှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်းသည် သမိုင်းပေးတာဝန် ထမ်းဆောင်ခြင်းသာဖြစ်ကြောင်း။


တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ခေတ္တတာဝန်ယူနေစဉ်အတွင်း၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုချမှတ်ကာ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေး လုပ်ငန်းစဉ် ၂ ရပ်အဖြစ် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အားသွန်ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ် ငြိမ်းချမ်းရေး အတွက် ယခုနှစ်မှစတင်၍ ခြေလှမ်းသစ်များဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလို ကြောင်း။


တပ်မတော်ကပြည်သူလူထု လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်စေရန်အတွက် ခိုင်ခိုင်မာမာ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးပြီးနောက်ပိုင်း အချို့နိုင်ငံရေးကိစ္စများတွင် အစိုးရနှင့်တပ်မတော်အကြား သဘောထားမတိုက်ဆိုင်သည်များ တွေရှိခဲ့သော် လည်း တိုင်းပြည်တိုးတက်ရေးအတွက် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တပ်မတော်က နိုင်ငံရေးအရ ဖြစ်ပေါ်လာခဲ့သည့် အရေးပေါ် အခြေအနေများအရ နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူရပြီးနောက်ပိုင်းတွင် တိုင်းပြည်ပျက် စီးရာပျက်စီးကြောင်း လုပ်နေသည့်သူများ ကိုလည်း အရေးယူခဲ့ရသည်ကိုတွေရှိရကြောင်း။


နိုင်ငံရေးအရ အရေးယူခြင်းမဟုတ်ဘဲ ၎င်းတို့ကျူးလွန်ခဲ့သည့် ဥပဒေချိုးဖောက်မှု များကြောင့်ပင် ဥပဒေအရသာ အရေးယူခဲ့ရခြင်း ဖြစ်ကြောင်း၊ ဥပဒေအထက်တွင် မည်သူမျှ မရှိသည်ကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း။


အလားတူ ဥပဒေကြောင်းအရ အရေးယူခဲ့သည့် သူအချို့ကိုလည်း အရေးယူပြီး နောက်ပိုင်းတိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတွင် အတူပူးပေါင်းဆောင်ရွက်နိုင်စေရန်ပြစ်ဒဏ် လျော့ပေါ့ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း များအား ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်အနေဖြင့် သဘောထား ကြီးမားစွာနှင့် နိုင်ငံ့အကျိုးရှေးရှုပြီး ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည့် လာမည့်ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိသည်မှာ (၇၅) နှစ် တာကာလရောက်ရှိပြီဖြစ်ကြောင်း။


လွတ်လပ်ရေးရရှိစဉ်မှစ၍ ယနေ့အထိ အစိုးရအမျိုးမျိုး၊ စနစ်အမျိုးမျိုးဖြင့် နိုင်ငံတော်ကို ကြိုးစားတည်ဆောက် ခဲ့ကြကြောင်း၊ နိုင်ငံတော်အကျိုးကို ကျရာတာဝန်မှ ကြိုးပမ်းဆောင်ရွက်ခဲ့ကြမှုများသည် သမိုင်းတွင် မှတ်တိုင်အဖြစ်ရှိနေကြကြောင်း၊ ထို့ကြောင့်(၇၅)နှစ်တာကာလအတွင်း နိုင်ငံအကျိုးသယ်ပိုးခဲ့သူများကို ထိုက်တန်စွာ အသိမှတ်ပြု ဂုဏ်ပြုသည့်အနေဖြင့် ဘွဲ့ထူး၊ ဂုဏ်ထူး၊ ဆုတံဆိပ်များကို နိုင်ငံတော်က ချီးမြှင့်ခဲ့ကြောင်း၊ မည်သို့သော သဘောထားကွဲလွဲမှုများဖြစ်ပါစေ နိုင်ငံအကျိုးဖော်ဆောင်ခဲ့သူများ ဖြစ်သည်ဆိုသည်ကို ပြောလိုကြောင်း။


(၇၅)နှစ်တာကာလအတွင်းတွင်လည်း နိုင်ငံရေးစနစ်အမျိုးမျိုး ကျင့်သုံးခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို တည်ဆောက်ရာတွင် ပါတီစုံဒီမိုကရေစီစနစ် တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်းသား အားလုံးပေါင်းစည်းနေထိုင်ပြီး အခွင့်အရေးမျှဝေခံစားနိုင်သည့် ပြည်ထောင်စုစနစ် တည်ဆောက်သွားခြင်းသည် မိမိတို့နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်သည်ကို တွေ့ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း။


ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့ကို ကိုယ်စားပြုသည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ မတူကွဲပြားနေသည့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် လူမျိုးများ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း။


ထို့ကြောင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ဟုဆိုရာတွင် ပြည်ထောင်စုအတွင်း ရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့်အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စုတစ်ဝန်းလုံးရှိ တိုင်းရင်းသား ပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ပြဋ္ဌာန်း ခွင့်များရရှိမည်ဖြစ်ကြောင်း။


မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ တာဝန်ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရန်အခြေခံသည် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဖြစ်ကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ရရှိလာသည့်ရလဒ်များအရ လွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းတည်ဆောက်ပြီး နိုင်ငံတော်ယန္တရားကို လည်ပတ်ကြရကြောင်း။


ထို့ကြောင့် နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင် တိုင်းရင်းသားများ၊ ဒေသများနှင့် နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုသည့်သူများ ဝင်ရောက်အရွေးချယ်ခံနိုင်ရန်နှင့် နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးလုပ်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်သည့် တိုင်းပြည်တည်ဆောက် ရေးကို ပုံဖော်နေခြင်းဖြစ်ကြောင်း။


ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ အလှမ်းဝေးနေမည် ဖြစ်သကဲ့သို့ ဒေသခံပြည်သူများ ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များလည်း နိမ့်ကျနေမည်ပင်ဖြစ်ကြောင်း၊ တိုင်းရင်းသား ပေါင်းစုံနှင့် စုစည်းထားသည့် မိမိတို့တပ်မတော်အနေဖြင့် လူမျိုးရေးခွဲခြားမှုဆိုသည်မှာလုံးဝမရှိဘဲ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွားတိုးတက်မှုကိုသာ အဓိကလိုလားသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။


ထို့ကြောင့် မိမိတို့တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို ချမှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်အရင်းခံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန်ခွန်စိုက်ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း။


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင်လည်း တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဟူသည့် အခြေခံအချက် ၂ ခုအပေါ်တွင် အခြေခံပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်လာနိုင်စေရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိရာတွင် ပြည်ထောင်စု စိတ်ဓာတ်ကိုအခြေခံပြီး ဒေသနှင့် တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးလျက် ရှိကြောင်း၊ ထိုသို့ ဆွေးနွေးရာတွင်လည်း ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလဒ်ကောင်းများရရှိခဲ့ကြောင်း။


ထို့ပြင် နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံပြီး ဆောင်ရွက်သွားမည်ဖြစ်ခြင်း ကြောင့် NCA မှာ လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုလည်း တပ်မတော် အနေဖြင့် တံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးမူဝါဒကို လေးစားတန်ဖိုးထားပြီး ပေါင်းစည်းညီညွတ်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ဖော်ဆောင်နိုင်ရန်အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် မိမိကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်း။


ခေါင်းဆောင်ငယ်များ ဖြစ်လာကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ ကျင့်ကြံ အားထုတ်နေထိုင်ပြီး အမိစစ်တက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြား သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲများ၏ အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြ အခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။


စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ၅ ဦးကို တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။


ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်းတက်ရောက်ရသည့် ၄ နှစ်တာကာလ တစ်လျှောက်လုံး စာပေပညာ၊ စစ်ပညာတို့တွင် ကြိုးစားအားထုတ်ခဲ့မှု၊ စည်းကမ်းကောင်းမွန်မှုတို့ကြောင့် ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိဘဝတိုးတက်မှုရှိစေရေး ကြိုးစားအားထုတ်နိုင်မှု၊ မိမိကိုယ်ကို ထိန်းသိမ်းနိုင်မှု၊ စည်းကမ်းကောင်းမွန်မှု စသည့်အခြေခံ အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ် သွားကြရမည်ဖြစ်ကြောင်း၊ကြိုးစား အားထုတ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မှုမရှိပါက ပန်းတိုင်မရောက်မီ လမ်းခုလတ်၌ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေနိုင်သည့်အတွက် မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ မျှော်မှန်းချက်များ မဆုံးရှုံးစေရန်၊ တိုင်းပြည်နှင့် တပ်မတော်အတွက် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် မိမိကိုယ်ကိုထိန်းသိမ်းနေထိုင်၍ ဆက်လက်ကြိုးစားအားထုတ် သွားကြရမည်ဖြစ်ကြောင်း။


ခေါင်းဆောင်မှုကောင်းမှသာလျင် နိုင်ငံတစ်ခု၊ တပ်မတော်တစ်ခုကို ဦးဆောင်နိုင်မည်ဖြစ်ပြီး နောက်လိုက် ကောင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြားပေးလိုက်သည့် ရလာဒ်ကောင်းများကို ဘဝတစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း၊ ပြန်တမ်းဝင် အရာရှိခန့်အပ်ပွဲပြီးပါက Under-Training ကာလပြီးဆုံးပြီဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်မှု Self-Control ဖြင့်သာ ဘဝကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ မိမိကိုယ်ကို စောင့်ထိန်းနိုင်မှုသည် အရေးကြီးပြီး စောင့်ထိန်းနိုင်မှုမရှိခြင်းကြောင့် ဆုံးရှုံးမှုကြီးမားခဲ့မှုများ များစွာရှိကြောင်း။


ထူးချွန်ဆုရ ဗိုလ်လောင်းများ၏ မိဘများသည် တောင်သူလယ်သမားများ၊ သာမာန်အခြေခံမိသားစုများပင် ဖြစ်သည်ကို တွေ့ရှိရပြီး ယခုကဲ့သို့ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရေး ငယ်စဉ်ကတည်းကပင် ကျွေးမွေး ပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ၏ ကျေးဇူးကိုသိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့အတူ ဗိုလ်လောင်းသင်တန်းလေးနှစ်တာကာလအတွင်း တပ်မတော်၏ ခေါင်းဆောင်ငယ်များ ဖြစ်လာစေရေး လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် တပ်မတော်နှင့် အမိစစ်တက္ကသိုလ်၏ ကျေးဇူးကိုလည်း မမေ့ရန်လိုကြောင်း၊ မိဘများ၏စကားကို နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာ အောင်ထားရှိခြင်း၊ မိမိတတ်နိုင်သရွေ့ ကျွေးမွေး စောင့်ရှောက်ခြင်းတို့သည် မိဘကျေးဇူးကို ဆပ်ခြင်းပင်ဖြစ်သကဲ့သို့ မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်းတစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံတော်နှင့်တပ်မတော်၏ ကျေးဇူးကိုဆပ်ရာ ရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင် ရတနာသုံးပါးလည်း မမေ့ရန်နှင့် စောင့်ထိန်းအပ်သည်များကို စောင့်ထိန်းလိုက်နာရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။


ရှေ့ဆက်လျှောက်လှမ်းရမည့် ဘဝတစ်လျှောက်လုံးတွင် မိမိကိုယ်ကိုအလိုမလိုက်ရန်နှင့် မိမိလက်အောက်ကို လည်း အလိုမလိုက်ရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်ပီသစွာဖြင့် စံနမူနာပြဖြစ်အောင် နေထိုင်ပြုမူပြီး မိမိလက်အောက်ကို ထိန်းသိမ်းစောင့်ရှောက်ကာ လိုအပ်သည်များ ထိန်းကြောင်းပေးရမည် ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)