(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနား ကျင်းပပြုလုပ်



MNP ၊ ဒီဇင်ဘာ ၁၅

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင် ပြည်နယ်၊ စစ်တွေမြို့ရှိ ဦးဉတ္တမခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။


ဦးစွာ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့များက တိုင်းရင်းသား လူမျိုးစုအလိုက် ရိုးရာ ယဉ်ကျေးမှု ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ် က ရခိုင်ပြည်နယ်နေ့ မိန့်ခွန်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်နယ်စီမံ ထူးချွန်ဆု(ဒုတိယ အဆင့်၊ တတိယအဆင့်) ရရှိသူများ၊ ပြည်နယ်လယ်ယာ စီးပွားထူးချွန်ဆု (ဒုတိယ အဆင့်)နှင့်ပြည်နယ်လူမှု ထူးချွန်ဆု(ဒုတိယအဆင့်) ရရှိသူများ၊ ဂုဏ်ပြုမှတ်တမ်းလွှာ ဆုရရှိသူများ၊ (၄၈)နှစ်မြောက် ရခိုင်ပြည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီ   ပြိုင်ပွဲဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအး ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊ ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ရခိုင် တိုင်းရင်းသားမျိုးနွယ်စု စုပေါင်းယိမ်းအကအဖွဲ့များက “ ပြည်ထောင်စုရဲ့ ထာဝရ အလှများ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ  များ ရိုက်ကူးကြသည်။


ယင်းနောက် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပြည်နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ စာပေနှင့်ယဉ်ကျေးမှု ပြခန်းတို့အား ကြည့်ရှုအားပေးကြသည်။


၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် အဖွဲ့ဝင်များ သည် စစ်တွေမြို့၊ ခိုင်သဇင်ပန်းခြံတွင် ပြုလုပ်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာများနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ ရခိုင်ပြည်နယ် MSME ထုတ်ကုန်ပြပွဲနှင့် ရောင်းချပွဲသို့သွားရောက်၍ ဆန်ထွက်ကုန် ပစ္စည်းများ၊ လူသုံးကုန်၊ စားကုန်၊ စိုက်ပျိုး/မွေးမြူရေး လုပ်ငန်းများ၊ စက်မှုထုတ်ကုန် ပစ္စည်းများ၊ အဝတ်အထည်နှင့် တိုင်းရင်းဆေးဝါး လုပ်ငန်းများ၊ ငါးလုပ်ငန်းထုတ်ကုန် ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးပြီး ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်း ရှင်များနှင့် တွေ့ဆုံကာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ရာနှုန်းပြည့် ထုတ်လုပ်ဆောင် ရွက်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍အဖွဲ့ဝင်များသည် ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးရှိ ဓညဝတီ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အထိမ်းအမှဝ် ပျော်ပွဲ/ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများသို့ တက်ရောက်ကြည့်ရှု အားပေးပြီး အမျိုးသား/အမျိုးသမီး ကြက်တောင်ရိုက်ပြိုင်ပွဲများ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲများနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အားကစားသမားများအား တစ်ဦးချင်း လည်ဆွဲတံဆိပ် နှင့် ငွေသားဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)