လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ



MNP  -  ဒီဇင်ဘာ ၂၉

လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌ ကျင်းပခဲ့သည်။


အစည်းအဝေးသို့ လာအိုအမျိုးသား မူးယစ် ဆေးဝါးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မရှင် (LCDC) အတွင်းရေးမှူးချုပ် Mr. Inpong Chanthavongsa ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) အထွေထွေ အတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်။


အစည်းအဝေးတွင် ထိုင်းနိုင်ငံ ONCB ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon က ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနယ်ပယ်များသို့ ဓာတုပစ္စည်းများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးစီမံချက်(၂၀၁၉-၂၀၂၂) အရ ဆောင်ရွက်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ပရီကာဆာဓာတုပစ္စည်းများ ပူးပေါင်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး ဆောင်ရွက်သည့် အခြေအနေနှင့် ရှေ့ဆက်တားဆီး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံအနေဖြင့် Sodium Cyanide ၊ Benzyl Cyanide နှင့် Benzyl Chloride သုံးမျိုးကို ယခုနှစ်အတွင်း ထိန်းချုပ်ထားပြီး Hydroxylimine ကို ထပ်မံထိန်းချုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ပိုမိုကောင်းမွန်သော တားဆီးနှိမ်နင်းရေး နည်းလမ်းများဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


မြန်မာနိုင်ငံ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ဆွေးနွေးရာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှု များစွာရရှိခဲ့သော်လည်း ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများ လျော့ကျသွားခြင်းမရှိသည်ကို ဖမ်းဆီးမှုဖြစ်စဉ်များအရ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့်ရှိကြောင်း၊ လူလုပ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု တားဆီးရေးအတွက် ဓာတုပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံအလိုက် တားဆီးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ များစွာအရေးပါသဖြင့် သုံးနိုင်ငံအကြား ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုသည် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှုများကို ထိထိ ရောက်ရောက် တားဆီးနိုင်မည်ဖြစ်ပါကြောင်း၊ ရွှေတြိဂံဒေသရှိ နိုင်ငံများအနေဖြင့် ပရီကာဆာဓာတု ပစ္စည်းများ ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေခြင်း ကြောင့် ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေးအတွက် လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအကြား ယခုထက် ပိုမိုပူးပေါင်းထိန်းချုပ်ရေး၊ ဖမ်းဆီးရမိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ရန် အဆင့်လိုက် Contact Person များ ထားရှိရေး၊ မြန်မာနိုင်ငံမှ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံတွင် ဖွင့်လှစ်သင်ကြားမည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းသည်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် အထောက် အကူများစွာရရှိမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။


လာအိုအမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေးကော်မရှင်(LCDC)၏ ညွှန်ကြားရေး မှူးချုပ် Mr. Inpong Chanthavongsa က မူးယစ် ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများမှာ လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံကြားသာမက အခြားကမ္ဘာ့နိုင်ငံ များ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများကို ထိခိုက်စေပါကြောင်း၊ လာအိုနိုင်ငံအနေဖြင့် ဘေးကင်းလုံခြုံသော မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစင်တာ (SMCC)မှ ပရီကာဆာ ဓာတုပစ္စည်းများ ထိန်းချုပ်ရေး လုပ်ငန်းများကို အလေးအနက်ထား ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။


အဆိုပါ အစည်းအဝေး၌ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ကဖင်းကို လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ထိန်းချုပ်ထားရှိပြီး ဖြစ်၍ ဒေသတွင်း မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံများ အတွင်း ထိန်းချုပ်နိုင်ရေးဆွေးနွေးသွားရန်၊ နိုင်ငံအလိုက် ဖမ်းဆီးရမိ ပရီကာဆာဓာတုပစ္စည်းများအား နှစ်စဉ်ဖျက်ဆီးရာတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် UNODC အပါအဝင် ကမ္ဘာ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာအဖွဲ့အစည်းများထံမှ နည်းပညာ၊ ရန်ပုံငွေနှင့် ဆက်စပ်ပစ္စည်း ကိရိယာအထောက်အပံ့ရရှိရေး ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မရှင်(CND)သို့ UNODC မှ တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များကို ထိုင်းနိုင်ငံမှ ဦးဆောင်စုစည်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးဂိုဏ်းဖွဲ့ကျူးလွန်သူများသည် မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာများကို နည်းလမ်းမျိုးစုံ သယ်ဆောင်လျက် ရှိသဖြင့် စက်ပစ္စည်းကိရိယာများ ဖမ်းဆီးရမိပါက အစိတ်အပိုင်းအလိုက် မှတ်တမ်းဓာတ်ပုံများအား သတင်းဖလှယ်မျှဝေသွားရေး၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များကို သက်သေခံပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းရာတွင် စနစ်တကျရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် ထိုင်းနိုင်ငံ ONCB မှ သင်တန်းပို့ချပေးရေးတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ယခုအစည်းအဝေး ကျင်းပခြင်းကြောင့် အနာဂတ်တွင် လာအို-မြန်မာ-ထိုင်း သုံးနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)