မြန်မာ့အရေးအတွက် ကုလသမဂ္ဂရဲ့ ရပ်တည်ချက် မှန်ကန်တည့်မတ်ဖို့ လိုအပ်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ့အရေးအတွက် ကုလသမဂ္ဂရဲ့ ရပ်တည်ချက် မှန်ကန်တည့်မတ်ဖို့ လိုအပ်နေပြီ





မြန်မာ့ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး အနောက်အုပ်စုအပါအဝင် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ပြောဆိုချက်တွေဟာ ဖြစ်စဉ်ဖြစ်ရပ်နဲ့ အင်မတန်ကွဲလွဲနေတာကို တွေ့ရပါတယ်။ ကုလသမဂ္ဂဆိုတာဟာလည်း အနောက်အုပ်စုအလိုကျ လုပ်ငန်းဖော်ဆောင်ရတဲ့ အဖွဲ့လို့ မြန်မာပြည်သူတွေက မြင်လာကြပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာကတည်းက ကုလသမဂ္ဂ နဲ့ အနောက်အုပ်စုရဲ့ ရပ်တည်ချက်တွေဟာ သိသိသာသာ မှားယွင်းလာမှုတွေကြောင့် ပြည်သူတွေရဲ့ အယုံအကြည်မဲ့ခြင်းကို ခံလာရပါတယ်။ ထိုစဉ်ကတော့ ခိုးဝင်ဘင်္ဂလီအရေးကိစ္စဖြစ်ပါတယ်။ ခိုးဝင်ဘင်္ဂလီကို မြန်မာနိုင်ငံက တရားဝင်သတ်မှတ်ထားခြင်းမရှိတဲ့ လူမျိုးလိမ်အမည်နဲ့ အသိအမှတ်ပြုပေးဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရန်ဟီးလီတို့ကိုယ်တိုင်က လူမျိုးလိမ်အရေးလှုပ်ရှားသူများ အဖြစ် ပေါ်ပေါ်ထင်ထင် တစ်ဖက်စောင်းနင်း လုပ်ဆောင်ခဲ့တာတွေကြောင့် ပြည်သူလူထုရဲ့ ဆန္ဒပြကန့်ကွက် ရှုတ်ချမှုတွေကို ခံခဲ့ကြရပါတယ်။


ယနေ့ ဖြစ်ပေါ်နေတဲ့ မြန်မာ့ပြည်တွင်းရေးအခြေအနေနဲ့ ပတ်သက်လို့လည်း ကုလသမဂ္ဂအပါအဝင် အနောက်အုပ်စုဟာ ဥပဒေမဲ့ လုပ်ရပ်တွေကျူးလွန်ပြီး အာဏာရယူဖို့ကြိုးပမ်းခဲ့တဲ့ NLD ပါတီဘက်ကသာ အစဉ်သဖြင့် ရှေ့နေလိုက်ပြီး ဆောင်ရွက်နေတာကို မြင်တွေ့လာရပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကနေ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးပြဿနာဟာ NLD ပါတီရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေအပေါ်မှာသာ အလုံးစုံ မူတည်နေပါတယ်။






၂၀၂၀ ရွေးကောက်ပွဲကာလမှာ မဲလိမ် မဲခိုးမှုတွေ ကျူးလွန်ခဲ့တာကို အခြားသော ပြိုင်ဘက်ပါတီတွေက ဥပဒေဘောင်အတွင်းက ဖြေရှင်းဖို့ နည်းလမ်းတကျ တင်ပြခဲ့ကြပါတယ်။ အစိုးရတာဝန်ယူထားတဲ့ NLD က ဖြေရှင်းခြင်းမရှိခဲ့တာကြောင့် နိုင်ငံရေးပါတီတာဝန်ရှိသူများဟာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးရတဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။


တပ်မတော်အနေနဲ့လည်း မဲမသမာမှုများကို ဥပဒေနဲ့အညီ စိစစ်နိုင်ဖို့ ကြိုးပမ်းခဲ့သလို အစိုးရတာဝန်ယူထားတဲ့ NLD ကို အကြိမ် ၂၀ ထက်မနည်း ဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ ထိုစဉ်အချိန်ကတော့ ကုလသမဂ္ဂအပါအဝင် အနောက်အုပ်စု အနေနဲ့ အစိုးရတာဝန်ယူထားတဲ့ NLD ပါတီကို စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ တိုက်တွန်းပြောဆိုခဲ့တာမျိုး မရှိဘဲနဲ့ NLD အာဏာသက်ဆိုးရှည်မှသာ ငါတို့လိုသလို ကြိုးကိုင်နိုင်မှာ ဖြစ်တာကြောင့် မသိကျိုးကျွန်ပြုနေခဲ့ကြတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို NLD ပါတီက မသမာသောနည်းနဲ့ ရယူဖို့ ကြိုးပမ်းခဲ့ခြင်းဖြစ်တဲ့အတွက်ကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူလိုက်ရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကိုလည်း အာဏာလက်မဲ့ဖြစ်သွားတဲ့ NLD ပါတီက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံက ကျူးလွန်နေတာကို ပြည်သူတစ်ရပ်လုံးက သိထားပါတယ်။ ကုလသမဂ္ဂအပါအဝင် အနောက်အုပ်စုအနေနဲ့တော့ မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲကို ရှေ့တန်းတင် ရပ်တည်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုရင် CRPH, NUG တို့ရဲ့ သြဇာခံ NLD ပါတီဝင်တွေနဲ့ ဖွဲ့စည်းထားတဲ့ PDF အကြမ်းဖက်အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံအသီးသီးက အစွန်းရောက် အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ IS ၊ တာလီဘန် တို့ထက် ပိုပြီး ယုတ်မာရိုင်းစိုင်းစွာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို နေ့စဉ်ဆိုသလို သတ်ဖြတ်နေခဲ့တာ ကိန်းဂဏန်းအားဖြင့် ၄၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော်လည်း ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေးကို လေးစားပါတယ်ဆိုတဲ့ အနောက်အုပ်စုက ထုတ်ပြန်ချက်တစ်စောင် မထုတ်ခဲ့ပါဘူး။

အထူးအားဖြင့် NLD ပါတီနဲ့ တသားတည်းရပ်တည်တဲ့ အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေ (ပြည်ဖျက်မီဒီယာတွေ)ဆီက လုပ်ကြံဖန်တီးဖော်ပြထားတဲ့ သတင်းတွေကို ကိုးကားပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတွေ အစဉ်တစိုက်လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


ပိုပြီး ဆိုးတာက အမေရိကန်နှင့် ဗြိတိန်တို့ရဲ့ စနက်နဲ့ လက်ရှိနိုင်တော်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားရတဲ့ တပ်မတော်က ဦးဆောင်တဲ့ နစက အစိုးရအပေါ် မမှန်မကန် စွပ်စွဲမှုတွေဟာ ကုလသမဂ္ဂရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေပါတယ်။ ကုလသမဂ္ဂက လိုက်နာရမယ့် စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်သလို တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို အလေးထားရမယ့် အဖွဲ့အစည်းအနေနဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အလွန်အမင်း ကျူးလွန်နေသော အဖွဲ့အစည်းများဘက်ကနေ တစ်ဖက်သတ် ရပ်တည်နေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။


၂၁-၁၂-၂၀၂၂ ရက်နေ့က ကုလသမဂ္ဂမှာ ဗြိတိန်က အဆိုပြုထားတဲ့မြန်မာ့အရေး အဆိုမူကြမ်းကို  ကုလသမဂ္ဂလုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်အတည်ပြုလိုက်တယ်လို့ တွေ့ရပါတယ်။ ဒီမူကြမ်းမှာ အကြမ်းဖက်မှုတွေအားလုံး ချက်ချင်းအဆုံးသတ်ရေးနဲ့ တင်းမာမှုတွေလျှော့ချဖို့လည်းတိုက်တွန်းထားကြောင်း၊ ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံတဝန်းဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ အရပ်သားတွေအပေါ် နဲ့အရပ်ဖက်ဆိုင်ရာအခြေခံအဆောက်အဦတွေ တိုက်ခိုက်ခံရမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း စိုးရိမ်ကြောင်း ဖော်ပြထားတာကိုတွေ့ရပါတယ်။


တိုက်ဆိုင်စွာပဲ ၂၁-၁၂-၂၀၂၂ ရက်နေ့က မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်မှု ရှုတ်ချပွဲ အခမ်းအနားကို ကျင်းပသွားခဲ့ပါတယ်။ အမှန်တရားကို သိရှိနေတဲ့ ပြည်သူတွေက ကုလသမဂ္ဂနဲ့ အနောက်အုပ်စုလို မဟုတ်မမှန် လုပ်ကြံဖန်တီး စွပ်စွဲပြောဆိုခြင်း မဟုတ်ဘဲ ပကတိ အမှန်တရားကို ပြသသွားခဲ့ပါတယ်။ အဲဒါကတော့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ်နေတဲ့ NLD ပါတီက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များကို အလိုမရှိကြောင်း၊ ရဟန်းသံဃာတော်များကို လုပ်ကြံသတ်ဖြတ်နေမှုများ ရပ်တန့်ကြဖို့ အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်နေမှုများ ရပ်တန့်ကြဖို့ တောင်းဆိုသွားခဲ့ပါတယ်။ မန္တလေးမြို့မှာ ကျင်းပသွားတဲ့ အခမ်းအနားဟာ NLD ပါတီကို မထောက်ခံတဲ့သူမှန်သမျှကို သတ်ဆိုတဲ့ မူနဲ့ သွားနေတဲ့ CRPH, NUG, PDF တို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်လိုက်ကြတာပဲ ဖြစ်ပါတယ်။ တပ်မတော်ကသာ အကြမ်းဖက်မှုတွေ ကျူးလွန်နေမယ်၊ လူ့အခွင့်အရေးချိုးဖောက်နေမယ်ဆိုရင်လည်း ဒီပြည်သူတွေက နှုတ်ဆိတ်မနေကြပါဘူး။ တပ်မတော်ရဲ့ လုပ်ရပ်တွေအပေါ် ပြစ်တင် ပြောဆို ကန့်ကွက်ရှုတ်ချကြမှာပဲ ဖြစ်ပါတယ်။ ယမန်နေ့က ဆရာတော်သံဃာတော်များရဲ့ တောင်းဆိုချက်မှာဆိုရင် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေက ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေကြတဲ့အတွက်ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ အစိုးရပီပီ ရဟန်းရှင်လူပြည်သူများအပေါ် လုံလုံလောက်လောက် ကာကွယ်စောင့်ရှောက်မှုပေးဖို့ တောင်းဆိုထားတာကို ကြည့်ခြင်းအားဖြင့် တပ်မတော်က အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာလား၊ CRPH, NUG, PDF တွေက ကျူးလွန်နေသလားဆိုတာ အဖြေပေါ်ပါလိမ့်မယ်။


ကုလသမဂ္ဂအနေနဲ့ အနောက်အုပ်စုအလိုကျ လိုက်ပါလုပ်ဆောင်ရင်း သိက္ခာကျခဲ့ရပေါင်းလည်း များလှပါပြီ။ ဗြိတိန်က တင်သွင်းတဲ့ အဆိုမူကြမ်းကို အတည်ပြုလိုက်တဲ့အချိန်မှာ ဖမ်းဆီးထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ဆိုတာကိုလည်း တွေ့ရပါတယ်။ ဆိုတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူတွေဟာ နိုင်ငံရေးပုဒ်မများနဲ့ ဖမ်းဆီးထားခြင်းမဟုတ်ဘဲ သူတို့ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုတွေ၊ အလွဲသုံးစားလုပ်မှုတွေကြောင့် ရာဇဝတ်မှုများနဲ့ စွဲဆိုခံထားရတာကို နိုင်ငံရေးခေါင်းစဉ်တပ်ပြီး တောင်းဆိုဖို့ မသင့်ပါဘူး။ တောင်ကိုရီးယားလို နိုင်ငံမှာ အဂတိလိုက်စားမှုကြောင့် သမ္မတတောင် တရားစွဲဆိုခံခဲ့ရတာ ရှိသလို အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ဝန်ကြီးချုပ်ရဲ့ အဂတိလိုက်စားမှု၊ အလွဲသုံးစားလုပ်မှုတွေကို အရေးယူဆောင်ရွက်ခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ 


အစိုးရတာဝန်ကို NLD ပါတီက ရရှိထားတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၊ ဝန်ကြီးဌာနများမှာ တာဝန်ယူခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အဂတိလိုက်စားမှုတွေ မျက်ကွယ်ပြုပေးရမယ်လို့ တောင်းဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ နောက်တစ်ချက်က NLD ဦးဆောင်သူများကိုယ်တိုင် ဦးစီးပြီးဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်သမားများ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်လို့လည်း နိုင်ငံရေးခေါင်းစဉ်တပ်လို့ မရပါဘူး။ လူသတ်မှုဟာ ရာဇဝတ်မှုပဲဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူပေါင်းများစွာကို သေကြောင်းကြံစည်မှုကတော့ သေဒဏ်ထိုက်တဲ့ ပြစ်မှုဖြစ်ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ လူပေါင်းရာနဲ့ချီပြီး သတ်ခဲ့တဲ့ အကြမ်းဖက်ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ဂျင်မီ(ခ) ကျော်မင်းယု၊ မောင်ကျော်(ခ) ဇေယျာသော်တို့ကဲ့သို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ရာထောင်ချီပြီး သေကြောင်းကြံခဲ့တဲ့ အထဲမှာ ပါတဲ့ ဝင်းမြတ်အေး၊ လွင်ကိုလတ် တို့လို ပုဂ္ဂိုလ်တွေဟာ ထွက်ပြေးလွတ်မြောက်နေကြဆဲ ဖြစ်ပါတယ်။


ဗြိတိန်က တင်သွင်းတဲ့ အဆိုမူကြမ်းက လက်ရှိနိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တိုက်တွန်းပြောဆိုရမှာ မဟုတ်ဘဲ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အလွန်အမင်း ကျူးလွန်နေတဲ့ NLD ပါတီက ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF တို့ကို တိုက်ရိုက်ပြောဆိုရမှာ ဖြစ်ပါတယ်။ CRPH, NUG အကြမ်းဖက်အဖွဲ့ဝင်များရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေ၊ ပြည်ဖျက်မီဒီယာတွေက မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေသာ မလုပ်ကြဘူးဆိုရင် ဗြိတိန်ရဲ့ အဆိုမူကြမ်း တစ်ဝက်လောက် အောင်မြင်ပါပြီ။ CRPH, NUG နဲ့ ပြည်ဖျက်မီဒီယာအုပ်စုရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေကို အဟုတ်ထင်ပြီး ဆင်ကန်းတောတိုးမိုက်မဲ နေကြတဲ့ PDF အကြမ်းဖက်သမားလေးတွေသာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ပစ်မှတ်ထားလုပ်ကြံသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေ စွန့်လွှတ်လိုက်ကြမယ်ဆိုရင် အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အလုံးစုံ ဆိတ်သုဉ်းသွားမှာ ဖြစ်ပါတယ်။  


ပြည်ဖျက်မီဒီယာတွေကို မဟုတ်မမှန် လုပ်ကြံဖန်တီးရေးသားမှုတွေ ပြုလုပ်နိုင်အောင် ထောက်ပံ့ပေးနေပြီး လူ့အခွင့်အရေးကို အလွန်အမင်းချိုးဖောက်သော အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတဲ့ CRPH, NUG, PDF အစရှိသော အကြမ်းဖက်အဖွဲ့တွေကို ကူညီပံ့ပိုးပေးနေမယ်၊ ကာကွယ်ရပ်တည်နေမယ်ဆိုဖြင့် အဆိုတင်သွင်းမှုဟာ ပြည့်စုံမှန်ကန်မှု မရှိသော လုပ်ကြံဖန်တီးမှုကြီးပဲ ဖြစ်ပါလိမ့်မယ်။ 


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)