စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ဘက်ပွဲကြည့်စဉ် ဖွင့်ပွဲအခမ်းအနား၊ ဌာနပေါင်းစုံ အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားများ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ဘက်ပွဲကြည့်စဉ် ဖွင့်ပွဲအခမ်းအနား၊ ဌာနပေါင်းစုံ အားကစားပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားများ တက်ရောက်





MNP  -   ဒီဇင်ဘာ ၂၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ တောင်ဘက်ပွဲကြည့်စဉ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် အဆိုပါ အားကစားကွင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အားကစားကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့အားကစားအဆင့်အတန်း မြင့်မား လာစေရေးအတွက် မူဝါဒများ ချမှတ်ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း နိုင်ငံတော်၏ အားကစားမူဝါဒများကို အကောင်အထည် ဖော်နိုင်ရန်အတွက် အစွမ်းကုန် ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အားကစားကွင်း/ရုံများကိုလည်း မိမိကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထားပြီး သန့်ရှင်းသပ်ရပ်စေရေး လုပ်ငန်းများအား အမြဲဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ အားကစားများတွင် ထူးချွန်သန်စွမ်း ကျန်းမာသည့် အားကစားသမားကောင်းများဖြစ်အောင် လေ့ကျင့်သွားကြရန်နှင့် တည်ဆောက်ပြီးစီးခဲ့သည့် ပွဲကြည့်စဉ်အား စနစ်တကျနှင့် ရေရှည်တည်တံ့အောင် စောင့်ရှောက်ထိန်းသိမ်းပြီး ထူးချွန်သည့် တိုင်းဒေသကြီး ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ သည်။


ယင်းနောက် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက တောင်ဘက်ပွဲကြည့်စဉ် ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးတို့က တောင်ဘက်ပွဲ ကြည့်စဉ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ တောင်ဘက်ပွဲကြည့်စဉ်သည် အလျား - ၁၆၀ ပေ၊ အနံ - ၃၀ ပေရှိရာ အားကစားသမားတည်းခိုဆောင် အခန်း ၃ ခန်းပါဝင်သည့် ၂ ထပ်ပွဲကြည့်စဉ်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ဘက်ဂျက်ဖြင့် ငွေကျပ် - ၂၁၀ သန်းဖြင့် တည်ဆောက်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် တိုင်းအဆင့် ဌာနပေါင်းစုံ အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ စဉ်အဖြစ် လုံ/နယ် ၁ အသင်းနှင့် စည်ပင်သာယာရေးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု အားပေးပြီး စည်ပင်သာယာရေးအသင်းမှ လုံ/နယ် ၁ အသင်းအား ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိသွား သည်။


ယင်းနောက် ဆုချီးမြင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးအေးလိူင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဥဏ်မြင့်ကျော်တို့က Fitness Dance အကပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်း နှင့် စီးပွားရေးရာန်ဝန်ကြီး ဒေါ်ရီရီသန်းတို့က ပူးတွဲနှစ်သိမ့်ဆုရရှိကြသည့် အသင်းများအား ဂုဏ်ပြုဆုငွေကျပ် - ၃ သိန်းစီအား အသီးသီးချီးမြှင့်ကြသည်။


ဆက်လက်၍ တိုင်ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက တတိယဆုရရှိသော တိုင်းရဲတပ်ဖွဲ့အသင်းအား ဂုဏ်ပြုဆုငွေကျပ် - ၅ သိန်း နှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ဒုတိယဆုရရှိသော သယံဇာတ အသင်းအား ဂုဏ်ပြုဆုငွေကျပ် - ၇ သိန်းနှင့်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ကြသည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စုပေါင်းတံခွန်စိုက်ဆုရရှိသော စည်ပင်သာ ယာရေးအသင်းအား ဂုဏ်ပြုဆုငွေကျပ် - ၁၀ သိန်းနှင့် တံခွန်စိုက်ဒိုင်းဆုအား ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ဂေါက်ကလပ်ကွင်းတွင် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့အထိမ်းအမှတ် မြို့နယ်ပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက် ရောက်ရာ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့က ဂေါက်သီးရိုက်ပြိုင်ပွဲတွင်ဆုများ အသီးသီးရရှိကြသူများအး တစ်ဦးချင်းဆုတံများအား လည်း ကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်က   အသင်းလိုက် အကျောပေး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ငွေသားဆုငွေနှင့် တစ်ဦးချင်း ဆုတံဆိပ်များအား အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။


ထို့နာက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသင်းလိုက်အကျောမဲ့ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ငွေသားဆုငွေနှင့် တစ်ဦးချင်းဆုတံဆိပ်များအား အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဆုရရှိသူများအတူ ညစာသုံးဆောင်ခဲ့ကြောင်း သိရသည်။    


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)