သာစည်မြို့နယ် သပြေဝ ပင်မဓာတ်အားခွဲရုံမှ တောင်ငူဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ် သပြေဝ ပင်မဓာတ်အားခွဲရုံမှ တောင်ငူဓာတ်အားခွဲရုံသို့ ဓာတ်အားချိတ်ဆက် ပို့လွှတ်ဖြန့်ဖြူး


MNP  -   ဒီဇင်ဘာ ၂၉

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းဟန်နှင့် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသူရအောင်ဘိုက ၅၀၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ဓာတ်အားထိန်းချုပ်ခန်းအတွင်း (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အား ခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါး ကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် ဓာတ်အားချိတ်ဆက်ပို့လွှတ်ပေးရန်အတွက် ပြည်ထောင်စု ဝန်ကြီးက Control Panel ကို စက်ခလုတ်နှိပ်၍ စတင်ပို့လွှတ်ပေးပြီး ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနေမှုကို လှည့်လည်ကြည့်ရှုကြသည်။


အဆိုပါ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်း တည်ဆောက် ရခြင်းသည် လက်ရှိအခြေအနေတွင် ရွှေလီနှင့် ရဲရွာရေအားလျှပ်စစ်စက်ရုံများမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို ၂၃၀ ကေဗွီ ဘဲလင်း-သပြေဝ ဓာတ်အားလိုင်းဖြင့် ၂၃၀ ကေဗွီ သပြေဝခွဲရုံမှ တစ်ဆင့် ဓာတ်အားပို့လွှတ်ရာတွင် ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းနှင့် ၂၃၀ ကေဗွီ သပြေဝ-သာစည်-ရွှေမြို့-ပျဉ်းမနား-သဲဖြူ-တောင်ငူ ဓာတ်အားလိုင်းတို့တွင် ဝန်အားစီးဆင်းမှု အကန့်အသတ်ရှိသဖြင့် System Break Down မဖြစ် စေရေး ဓာတ်အားစနစ်အတွင်း ဝန်အားစီးဆင်းမှုကို ထိန်းညှိ၍ ပို့လွှတ်ခဲ့ရသည်။


ယခုအခါ သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲ ရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးနိုင်ခြင်းဖြင့် ရန်ကုန်မြို့နှင့်တကွ မြန်မာနိုင်ငံတောင် ပိုင်းဒေသများသို့ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းသက်သာပြီး ဗို့အားပြည့်ဝတည်ငြိမ်စွာဖြင့် ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။


ယခုအခါတွင် ၂၃၀ ကေဗွီ သပြေဝ(မိတ္ထီလာ)မှ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) ဓာတ်အားခွဲရုံသို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၄ မိုင် တည်ဆောက် ခြင်း၊ ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ)-စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း ၁၄၆ မိုင် တည်ဆောက်ခြင်းနှင့် ၅၀၀ ကေဗွီ စပါးကြွယ်(တောင်ငူ) ဓာတ် အားခွဲရုံမှ ၂၃၀ ကေဗွီ တောင်ငူခွဲရုံအထိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း ၁၀ မိုင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်သဖြင့် သပြေဝ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံမှ တောင်ငူ ၂၃၀ ကေဗွီ ပင်မဓာတ်အားခွဲရုံသို့ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ)-စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းဖြင့် စတင်ချိတ်ဆက်နိုင်ခဲ့ပြီ ဖြစ်သည်။


ထို့ကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိ ဓာတ်အား ပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားများကို တောင်ငူခွဲရုံမှတစ်ဆင့် ရန်ကုန်မြို့နှင့်တကွ မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ ဓာတ်အား ပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည့်အပြင် ဓာတ်အားလိုင်းတွင် ဖြစ်ပေါ်နေသည့် ဓာတ်အားပျောက်ဆုံးမှုများလည်း လျော့နည်းသက်သာသွားမည်ဖြစ်သဖြင့် လျှပ်စစ်မီးရရှိသုံးစွဲသူ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုပို့လွှတ်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)