အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက် လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေးညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက် လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေးညှိနှိုင်းဆွေးနွေး



MNP -  ဒီဇင်ဘာ ၂၇

ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန် ယနေ့ကျင်းပသည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့်တရားမဝင်သွားရောက်လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အမှန်တကယ်ဒုက္ခရောက်နေသူများကို ခေါ်ဆောင်နိုင်မည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များစသည်တို့ကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်၍ ကူညီပေးသွားစေလိုကြောင်း၊ မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးနှင့် တရားမဝင်သွားရောက်လုပ်ကိုင်မှုများလျော့နည်းပပျောက်စေရေးနှင့် ကာကွယ်တားဆီးနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် လိုအပ်သည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးဆွေးနွေးပေးရန် ထည့်သွင်းပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာအလုပ်သမားများသည် ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေဗျနိုင်ငံစသည့် အရှေ့အလယ်ပိုင်းနိုင်ငံများသို့ အိမ်အကူလုပ်ငန်းနှင့် အခြားအထွေထွေလုပ်သားများအဖြစ် တရားမဝင်သွားရောက်လုပ်ကိုင်လျက်ရှိရာ အချို့သူများသည် အကြောင်းအမျိုးမျိုးဖြင့် လူမှုဒုက္ခများကြုံတွေ့လျက်ရှိနေကြောင်း။


ဝန်ကြီးဌာနအနေဖြင့် တရားဝင်ပြည်ပအလုပ် အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုပေးလျက်ရှိသဖြင့် တရားဝင်သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေးအသိပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာတိုင်ကြားမှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖြင့်ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဥပဒေချိုးဖောက်သူများကို ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။


ကူညီဆောင်ရွက်ပေးလျက်ရှိ


အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသူများနှင့်ပတ်သက်၍ လတ်တလောတွင် ဝန်ကြီးဌာနသို့ ဆက်သွယ်အကူအညီ တောင်းခံခဲ့သည့်အမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းများကို ကာကွယ်တားဆီးရာတွင် အသိပညာပေးခြင်း၊ အများပြည်သူသိရှိစေရေးအသိပေးကြေညာပေးခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက်များတွင် အလည်ဗီဇာဖြင့် သွားရောက်အလုပ်လုပ်ကိုင်မည့်သူများကို စနစ်တကျသေချာစွာစိစစ်ကြပ်မတ်၍ ၎င်းတို့ကို အသေးစိတ်မေးမြန်းပြီး တရားမဝင်ပို့ဆောင်သူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူသွားနိုင်ရေးဆောင်ရွက်သင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် “မြစ်နှင့်ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်သော်လည်းကောင်း၊ အခြားဘေးအန္တရာယ် တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပနယ်မြေရပ်ခြားများသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း”ဆိုသည့် လုပ်ငန်းတာဝန်နှင့်စပ်လျဉ်း၍ ကူညီထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်၍ လူကုန်ကူးခံရသူများနှင့် ရွှေ့ပြောင်းလုပ်သားများပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။


ရပ်တည်ရန်ခက်ခဲပြီး လူကုန်ကူးခံရနိုင်သည့်အခြေအနေတွင်ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ပြန်လည်လွှဲပြောင်းလက်ခံပြီးနောက် ယာယီလက်ခံစောင့်ရှောက်နိုင်ရန် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့်ရန်ကုန်မြို့တို့တွင်ဖွင့်လှစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် အခက်အခဲများကြုံတွေ့နေရသော မြန်မာနိုင်ငံသားနှင့်စပ်လျဉ်း၍ Social Media တွင် ဒူဘိုင်းနိုင်ငံမှ live လွှင့် အကူအညီတောင်းခံခဲ့သည့် လူကုန်ကူးခံရသူ အမျိုးသမီးခုနစ်ဦးကို ကူညီထောက်ပံ့ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)