(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် စိတ်ပါဝင်စားသည့်ပြည်သူများ လာရောက်လေ့လာဆင်နွှဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် စိတ်ပါဝင်စားသည့်ပြည်သူများ လာရောက်လေ့လာဆင်နွှဲ



MNP  -  ဒီဇင်ဘာ ၂၇

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ဆက်လက်ကျင်းပလျက်ရှိရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များနှင့် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ကဏ္ဍအလိုက် ပါဝင်ဆင်နွှဲမည့်သူများ စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှုကြသည်။


ယနေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များ၏ ကဏ္ဍအလိုက်ဆန်းသစ်တီထွင်မှု ပြခန်းပြကွက်များဖြစ်သော လေကြောင်းမီး ထောက်လှမ်းရေးစနစ်ပြကွက်၊ ကျန်းမာရေးအတွက် အားကစား နည်းများကို အဖွဲ့လိုက်နှင့်တစ်ဦးချင်းတစ်နေရာတည်းတွင် ဆောင်ရွက်နိုင်သော Indoor Gymnasium ပြကွက်၊ လယ်သမားများအတွက် တီထွင်ထားသော ကောက်ပဲသီးနှံများ၏အခြေအနေကို နေအိမ်မှ Smartphone (သို့) Laptopမှ တစ်ဆင့်စစ်ဆေးနိုင်သည့် နည်းပညာပြကွက်၊ ပစ္စည်းများရွှေ့ပြောင်းပေးခြင်း၊ အရောင်များကို ခွဲခြားပေးနိုင်သည့် ဉာဏ်ရည်တုနည်းပညာသုံး စက်ရုပ်ပြကွက်နှင့်အပင်များကို မြေအသုံးမပြုဘဲ(မြေမဲ့)အာဟာရဖျော်ရည်ဖြင့် စိုက်ပျိုးခြင်း ပြကွက်များတွင်လူငယ်နှင့်ကျောင်းသား ကျောင်းသူများသာမက ဆရာ ဆရာမများ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများပါ စိတ်ဝင်စားစွာဖြင့် လာရောက်လေ့လာကြည့်ရှုကြသည်။


ထို့ပြင် လူနေမှုဘဝတိုးတက်မြင့်မားစေရန် ဒစ်ဂျစ်တယ် မြို့တော်တီထွင်ဖန်တီးမှုပြကွက်၊ လူနှင့်တိရစ္ဆာန်များအား Sensors များဖြင့် အပြန်အလှန်ဆက်သွယ်နိုင်သော နည်းပညာပြကွက်၊ တက်စလာကွိုင်ဖြင့် ကြိုးမဲ့ဓာတ်အားပို့ခြင်းပြကွက်၊ ရေနံချက်စက်ရုံပြကွက်၊ IT နည်းပညာကို အသုံးပြု၍ စိုက်ပျိုးရေးနှင့်မွေးမြူရေးသမားများကို စိုက်ပျိုးရေးနှင့် မွေးမြူရေးသတင်းအချက်အလက်များပေးပို့သည့် Ayeyar Farming Solution ပြကွက်၊ Network များ ချိတ်ဆက်ဆောင်ရွက်ပုံပြကွက်၊ အလိုအလျောက်အရောင်ရောစပ်ခြင်းနှင့် ဖြည့်သွင်းပေးသည့်စက်ပြကွက်၊ ရေနံချက်စက်ရုံနှင့်စွမ်းအင် ပြောင်းလဲခြင်းပြကွက်၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်ပြကွက်၊ လုံခြုံသည့်လူနေအိမ်တစ်ခုဖန်တီးနိုင်ရန် Smart Home နည်းပညာပြကွက်များ၌လည်း ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် ပြပွဲသို့ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြသည့် ပြည်သူများဖြင့်လည်း အထူးစည်ကားလျက်ရှိသည်။


စာအုပ်စာပေဖတ်ရှုရန် စိတ်အားထက်သန်ကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များအတွက်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှ စာအုပ်အရောင်းဆိုင်များဖွင့်လှစ်ထားပြီး စာပေဆုရစာအုပ်များ၊ ရသစာအုပ်များ၊ ဘဝအောင်မြင်ရေးစာအုပ်များ၊ ကျန်းမာရေးကဏ္ဍစာအုပ်များ၊ ပညာရပ်ဆိုင်ရာ စာအုပ်များ၊ ဘာသာပြန်စာအုပ်များ၊ အနုပညာစာအုပ်များ၊ ဆောင်းပါးများ၊ ရုပ်ပြစာအုပ်များ၊ စီးပွားရေးစီမံခန့်ခွဲမှုစာအုပ်များနှင့် သမိုင်းစာအုပ်များခင်းကျင်း ပြသရောင်းချလျက်ရှိရာ စာပေဗဟုသုတများနှင့် စာပေအသိဉာဏ်များစွာရရှိစေသည့်အတွက် စာပေချစ်သူများဖြင့် စည်ကားလျက်ရှိသည်။


ထိုသို့ အသိပညာဗဟုသုတရရှိစေမည့် အစီအစဉ်ကောင်းများအပြင် စိတ်ပျော်ရွှင်ချမ်းမြေ့စေပြီး နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို သိရှိစေနိုင်မည့် အထူးဖျော်ဖြေရေးအစီအစဉ်များအဖြစ်ကြီးမြတ်သောမြန်မာ၊ သူ့ကျွန်မခံပြီနှင့် ငဘရုပ်ရှင်ကားများကိုလည်း အနုပညာဆိုင်ရာအစီအစဉ်တစ်ခုအဖြစ် နေ့ရက်အလိုက်ပြသဖျော်ဖြေမှုများ၊ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၏ ချစ်စဖွယ် တိုင်းရင်းသားရိုးရာကကွက်များကြောင့်လည်း ပြပွဲကြီးကို ပိုမိုအသက်ဝင်စေခဲ့ကာ ပြပွဲလာရောက်ကြသူများကလည်း စိတ်အားထက်သန်စွာ ကြည့်ရှုအားပေးကြသည်။


ထို့ပြင် အထူးအစီအစဉ် တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကားကြီးဖြစ်သော ကြီးမြတ်သော မြန်မာ မှတ်တမ်းရသရုပ်ရှင် ဇာတ်ကားကြီးအောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့သည့် ရိုက်ကူးရေးသုံးနည်းပညာပစ္စည်းများ၊ ရိုက်ကွင်းကြိုတင် ပြင်ဆင်မှုများ၊ ရိုက်ကွင်းပုံရိပ်များကို ပြည်သူများ သိရှိနိုင်စေရန် ပြသထားပြီး သိရှိလိုသည်များကိုလည်း အနုပညာရှင်များက လိုက်လံရှင်းလင်း ပြသပေးကြသည်


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကလည်း စိတ်ဝင်စားဖွယ်အစီအစဉ်တစ်ခုအဖြစ် ပြည်သူများတီဗွီဖန်သားပြင်မှသာ တွေ့မြင်နိုင်သည့် သတင်းစတူဒီယိုအတွင်း သတင်းကြေညာသည့် ပုံစံများကိုပြပွဲသို့ လာရောက်လေ့လာကြသူများကိုယ်တိုင်ဝင်ရောက် သတင်းကြေညာဟန် သရုပ်ဆောင်နိုင်ပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည့်အတွက် လူကြိုက်များသည့် ပြခန်းတစ်ခုလည်းဖြစ်ခဲ့သည်။


သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့်လည်းပြည်တွင်းနှင့် နိုင်ငံတကာရှိသတင်းထူး၊ သတင်းဦးများကို ဖော်ပြပေးနေသည့် နေ့စဉ်ထုတ်သတင်းစာများဖြစ်သော မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar သတင်းစာများကို www.mdn.gov.mm website နှင့် Mobile Application မှ အချိန်မရွေး အခမဲ့ဖတ်ရှုနိုင်ကြောင်းကို ပြခန်းဖွင့်လှစ်၍ ပြပွဲလာသူများသိရှိနိုင်စေရန် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။


ဧရာဝတီတိုင်းဒေသကြီး ဒေသထွက်ကုန် အစားအစာနှင့်အမှတ်တရပစ္စည်းအရောင်းပြခန်း၌လည်း ပုသိမ်ထီးလက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ် တစ်ခုအနေဖြင့်ပြသပြီး ဒေသထွက်အစားအစာများဖြစ်သော ပုသိမ်ဟလဝါ၊ ခြံထွက်နွားနို့၊ ဒိန်ချဉ်၊ ငှက်ပျောကြော်နှင့် ပုသိမ်ထီးများကိုလည်း ရောင်းချခဲ့ရာ လာရောက်အားပေးဝယ်ယူသူများဖြင့်လည်း စည်ကားခဲ့သည်။


မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝ အဆင့်အတန်းမြင့်မားလာစေရေးအတွက် ဆောင်ရွက်လျက်ရှိသော အခြေအနေများကို မှတ်တမ်းမှတ်ရာများဖြင့် ပြည်သူများသိရှိစေရန် ခင်းကျင်းပြသလျက်ရှိရာ စိတ်ဝင်တစားဖြင့် လာရောက်လေ့လာကြသည်။


အဆိုပါ ပွဲတော်ကြီးသို့ လာရောက်လေ့လာဆင်နွှဲကြသည့် လူငယ်များနှင့်ကလေးငယ်များ ပျော်ရွှင်စေရန်အတွက်လည်း ဝန်ကြီးဌာနအသီးသီးအလိုက် စိတ်ဝင်စားဖွယ်ရာကစားနည်းများနှင့် ပဟေဠိကစားနည်းများကို အသိပညာပေးနည်းလမ်းများတွဲဖက်၍ ကစားစေသည့်အစီအစဉ်များကိုလည်း ထည့်သွင်းထားရာ ကျောင်းသား ကျောင်းသူများနှင့်လူငယ်များစိတ်အားထက်သန်စွာ ဝင်ရောက်ဆော့ ကစား၍ ကစားနည်းအလိုက်အနိုင်ရရှိသူများကိုလည်း ဆုများပြန်လည်ချီးမြှင့်ပေးခဲ့ရာ ပျော်ရွှင်စရာ အစီအစဉ်ကောင်းတစ်ခုအဖြစ် မြင်တွေ့ရသည်။


ထို့ပြင် “မူးယစ်ဆေးဝါးကင်းစင်ဖို့ အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့်နေပြည်တော်ရဲတပ်ဖွဲ့မှ မှုခင်းပညာပေးပြခန်းယာဉ်ကို အသိပညာပေးပြသထားပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းနှင့် စွမ်းရည်တိုးတက်မြင့်မားရေးဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးကာတွန်းပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သောဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးပြစ်မှုပြစ်ဒဏ်များကို ပြသထားရာ ကျောင်းသား ကျောင်းသူများနှင့် လူငယ်များစိတ်ပါဝင်စားစွာဖြင့် လေ့လာကြသည်။


ပြပွဲအတွင်း၌လည်း (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြပွဲနှင့် ၂၀ ရာစု စာရေးဆရာများ၏ ဓာတ်ပုံများကိုလည်း ခင်းကျင်းပြသထားလျက်ရှိရာ ဓာတ်ပုံချစ်မြတ်နိုးကြသည့် ပညာရှင်များနှင့် ဝါသနာရှင်များကလည်း စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှု လေ့လာကြသည်။


အဆိုပါ ပြပွဲအားကျောင်းသား ကျောင်းသူများနှင့် လူငယ်များစာအုပ်စာစောင်များကိုတန်ဖိုး ထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကိုသိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကိုသိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသအလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး၊ ပြည်နယ်များအပေါ်မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် ပြခန်းများခင်းကျင်း ပြသမှုများမှတစ်ဆင့်ဝန်ကြီးဌာန အသီးသီးကဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို အလွယ်တကူသိမြင်နိုင်စေရန်ဟူသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်းလည်း သိရသည်။


ထို့ကြောင့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ သိသင့်သိထိုက်သည့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စာပေနှင့်အနုပညာဆိုင်ရာအကြောင်းအရာများကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ်ပြသမည့် လူငယ်နှင့်စာပေအနုပညာပြပွဲကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်သောကြောင့် လွတ်လပ်စွာပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)