အလုပ်သမားများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးနိုင်ရန် ငွေစုငွေချေးအသင်းများ တည်ထောင်ပေးပြီး ၅ဘီလီယံ ရင်းနှီး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မြင့် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်သမားများအား အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးနိုင်ရန် ငွေစုငွေချေးအသင်းများ တည်ထောင်ပေးပြီး ၅ဘီလီယံ ရင်းနှီး ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မြင့် ပြောကြား








MNP ၊ ဒီဇင်ဘာ ၂၈

ယနေ့ နေ့လည်ပိုင်းက ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေရုံးတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မြင့် နှင့် ပါတီပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေတို့က အလုပ်အကိုင် အခွင့်အလမ်း လိုအပ်လျှက်ရှိသော လူငယ်များနှင့် တွေ့ဆုံပြီး ပြည်တွင်း/ ပြည်ပ အလုပ်အကိုင် ရရှိရေးကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ချေးငွေထုတ်ပေးနိုင်ရေး ငွေကျပ် ၅ဘီလီယံ ရင်းနှီးဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း တွေ့ဆုံရှင်းလင်း ပြောဆိုသွားသည်။


ယနေ့ အခမ်းအနားသို့ ပြည်တွင်း/ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေနေသည့် လူငယ် ၁၅၀၀ ဝန်းကျင်ခန့် တက်ရောက်ခဲ့ပြီး ပြည်တွင်းအလုပ်အကိုင်၊ ပြည်ပ အလုပ်အကိုင်များတွင် ထိုင်းနိုင်ငံ နှင့် ဂျပန်နိုင်ငံတို့တွင် သွားရောက် အလုပ် လုပ်ကိုင်လိုသူများအတွက် ပြည်ခိုင်ဖြိုးပါတီ အလုပ်သမားရေးရာကော်မတီ မှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။


အလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဦးမောင်မြင့် က" ကျွန်တော်လုပ်ရမယ့်ကိစ္စတွေကို ကျွန်တော် စဉ်းစားတာပေါ့။ စဉ်းစားတဲ့အခါကြတော့ လေးချက်လောက် သွားတွေ့တယ်။ နံပါတ်တစ်အချက်က ပြည်တွင်းမှာ အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်တွေရှိတယ်။ အစိုးရဝန်ထမ်းအဖြစ်နဲ့ အလုပ်အကိုင်ရှာဖွေနေတဲ့ လူငယ်တွေပေါ့။ အဲဒီလူငယ်တွေကို အစိုးရဝန်ထမ်းဖြစ်အောင် ကျွန်တော်တို့ ကြိုးစားပေးမယ်။ ကျွန်တော်တို့ရဲ့ တာဝန်တစ်ခုပေါ့။ ဒုတိယတစ်ချက်က နိုင်ငံခြားကို အလုပ်ထွက်လုပ်ချင်သူတွေ ရှိတယ်။ ဒါပေမယ့်လည်း ဘယ်လို လုပ်လို့ လုပ်ရမယ် မသိဘူး။ တချို့ကလည်း အကြီးအကျယ် အလိမ်ခံရတဲ့သူတွေ ရှိတယ်။ အလိမ်မခံရသော်လည်း ပုံမှန်ကုန်ကျစရိတ်ထက် အများကြီးအကုန်အကျ ခံသွားနေရသူတွေ ရှိတယ်။ အဲဒါတွေကိုလည်း အထိရောက်ဆုံးနဲ့ အသက်သာဆုံး၊ အမြန်ဆုံးသွားလို့ရအောင် စီစဉ်ဆောင်ရွက်ပေးမယ်။ နံပါတ်သုံးအချက်က စက်မှုဇုန်တွေမှာ အလုပ်သမား သန်းနဲ့ချီပြီး ရှိတယ်။ အဲဒီအလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေ အခွင့်အရေးတွေ ရအောင် ကြိုးစားပေးမယ်။ ဘယ်လို ကြိုးစားပေးမှာလည်းဆိုရင် သူတို့ရဲ့ စားဝတ်နေရေး၊ လူမှုရေးအတွက် ဖူလုံတဲ့ လုပ်ခလစာရအောင် ကျွန်တော်တို့က အစိုးရကို တောင်းဆိုရမှာပေါ့။ ဒါကိုလည်း လုပ်နေပါတယ်။ အခု အခြေခံ လစာက ၄၈၀၀ ပဲ ရတယ်။ အဲဒါက ၂၀၁၈ ခုနှစ်က စရတာ။ မတိုးဘူး။ သူ့ရဲ့လစာက ၄၈၀၀ ပဲ ကုန်ဈေးနှုန်းတွေက တက်နေတယ်။ မတိုးတဲ့အခါကြတော့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက အများကြီး ကြပ်တည်းလာတာပေါ့။ အကြွေးတွေ လည်ပင်းခိုက်နေပြီ။ တချို့လည်း အကြွေးထဲ မြုပ်သွားပြီ။ အလုပ်သမား လုပ်ခလစာ ဥပဒေဆိုတာ ကျွန်တော် အလုပ်သမားဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့စဉ်တုန်းက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေပဲ။ အဲဒီ ဥပဒေအရဆိုရင် ၂နှစ် တစ်ခါ ပြန်သုံးသပ်ပြီးတော့မှ လုပ်ခလစာ တိုးမြှင့်ရေးကို ဆောင်ရွက်ရမှာ။ ၂၀၁၈ ခုနှစ်ကတည်းက ရပ်ထားတာ အခုဆို ၅နှစ်ရှိပြီ။ မတိုးပေးဘူး။ ဦးမောင်မြင့် လွှတ်တော်တက်နေတုန်းက မလုပ်ပေးဘူးလား မေးရင် လုပ်ခဲ့တာပေါ့။ လစာတိုးပေးဖို့ အဆိုတင်တယ်။ ဆွေးနွေးတယ်။ မအောင်မြင်ဘူး။ အခု က လွှတ်တော်ကိုယ်စားလှယ်မဟုတ်တော့ဘူး။ ပါတီမှာ တာဝန်ထားတယ်။ အလုပ်သမားတွေကို ကျွန်တော်က ပုခုံးနဲ့ထမ်းတင်ရမယ့်သူ ဖြစ်တဲ့အတွက်ကြောင့် အလုပ်သမားတွေရဲ့ အခြေခံလစာတိုးမြှင့်ရေး ကြိုးစားဆောင်ရွက်မယ်။ နောက်ဆုံးအချက်ကတော့ အလုပ်သမားတွေက ပိုက်ဆံမရှိဘူးလေ။ မရှိတော့ ရှိတာ ပေါင်မယ်။ ပေါင်စရာမရှိတော့ ချေးတာပေါ့ဗျာ။ ပေါင်စရာ ရှိရင်တော့ အတိုးနှုန်းက ထိုက်သင့်သလောက်ပဲပေါ့။ အလွတ်ချေးပြီဆိုရင် အတိုးက ကြီးသွားပြီ။ အလုပ်သမားတွေ အကြွေးနွံမှာ နစ်နေတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ ကြိုးစားပေးမယ့်ဟာက ဘာလဲဆိုရင် ငွေစုငွေချေးအသင်းဆိုတာတွေကို စက်ရုံတွေအလိုက် အကောင်အထည် ဖော်ပေးမယ်။ အတိုးနှုန်းက သက်သက်သာသာလေးနဲ့ လုပ်လို့ ရတယ်။ အတိုးတွေကလည်း ဘယ်သူကမှ ယူသွားလို့ မရဘူး။ ရန်ပုံငွေအဖြစ်နဲ့ တဖြည်းဖြည်းတိုးလာမှာ။ အဲဒါမျိုးဖြစ်အောင် ကြိုးစားနေတယ်။ ပါတီဥက္ကဋ္ဌ ကြီးကိုလည်း တင်ပြထားပါတယ်။ ပါတီဥက္ကဋ္ဌကြီးကတော့ အတိုးလည်း မရဘဲ ဘဏ်မှာ အပ်ထားတဲ့ ငွေ ၅ဘီလီယံ ရှိတယ်။ အဲဒါနဲ့ စလုပ်မယ်လို့ အကြမ်းမျဉ်းပြောတယ်။" ဟု ရှင်းလင်း ပြောကြားသွားသည်။


ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးလှဆွေမှ ပြည်တွင်း အလုပ်အကိုင် ရရှိလိုသူများ ဝန်ကြီးဌာနများတွင် အလုပ်လျှောက်ထားလိုသူများအတွက် အခမဲ့ ရာထူးဝင်ခွင့် သင်တန်းများ ပို့ချပေးမည် ဖြစ်ကြောင်း၊ ရေးဖြေအတွက် အခမဲ့ သင်တန်းပို့ချပေးမည်ဖြစ်ပြီး အလုပ်အကိုင် ရရှိလိုသူများကလည်း မိမိတို့ လျှောက်ထားလိုသည့် ရာထူးဌာအလိုက် သတ်မှတ်ချက် ပြည့်မီရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးကို ပါတီဘက်မှ ၇၅ ရာခိုင်နှုန်း ပံ့ပိုးပေးမည် ဖြစ်ပြီး အလုပ်အကိုင် ရရှိလိုသည့် လူငယ်များက ၂၅ ရာခိုင်နှုန်း အားထုတ် ကြိုးစားကြဖို့ လိုအပ်ကြောင်း ရှင်းလင်း ပြောကြားသွားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)