လေဆိပ်ဝန်ထမ်းများသည် ပြည်တွင်း၊ ပြည်ပသို့တရားမဝင် ဝင်၊ ထွက် သွားလာမှုများကို တားဆီးကာကွယ်ရမည့် နိုင်ငံ၏တံခါးမှူးများဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေဆိပ်ဝန်ထမ်းများသည် ပြည်တွင်း၊ ပြည်ပသို့တရားမဝင် ဝင်၊ ထွက် သွားလာမှုများကို တားဆီးကာကွယ်ရမည့် နိုင်ငံ၏တံခါးမှူးများဖြစ်


MNP  -  ဒီဇင်ဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းအတွင်းရှိ Yangon Aerodrome Company Ltd (YACL) အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဒုတိယဌာနခွဲမှ ဝန်ထမ်းများနှင့်တွေ့ဆုံရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုလတ်က တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအင်အား၊ နိုင်ငံတကာလေကြောင်းလိုင်းများ ဝင်ရောက်ထွက်ခွာမှုနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်ထွက်ခွာမှုအခြေအနေ၊ ပြည်ပခရီးသွားများကို လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှုနှင့် ဆက်စပ်ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနမှ လေဆိပ်ဝန်ထမ်းများသည် နိုင်ငံသားများနှင့် နိုင်ငံခြားသားများ ပြည်တွင်း၊ ပြည်ပသို့ တရားဝင်ဝင်၊ ထွက်သွားလာမှုအဆင်ပြေချောမွေ့စေရေးဆောင်ရွက်ရသကဲ့သို့ တရားမဝင် ဝင်ထွက်သွားလာမှုများကို တားဆီးကာကွယ်ရမည့် နိုင်ငံ၏တံခါးမှူးများဖြစ်ကြောင်း၊ ယခုအခါ မိမိနိုင်ငံ၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု သိသိသာသာကျဆင်းလာသည်နှင့်အမျှ ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ထွက်သွားလာမှုများပြားလာသည့်အပြင် နိုင်ငံတကာလေကြောင်းလိုင်းများလည်း တိုးချဲ့ပျံသန်းနေပြီဖြစ်သည့်အတွက် ခရီးသည်များ ဝင်၊ ထွက်သွားလာရာတွင် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများကို စနစ်တကျဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အခြားသော ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ကာ လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို အထူးဂရုပြု ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းတိုင်း ဝန်ထမ်းကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံ၍ နိုင်ငံတော်အပေါ်၊ ဝန်ကြီးဌာနအပေါ်သစ္စာစောင့်သိကြရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ခရီးသွားပြည်သူများအပေါ် ဆက်ဆံရေးပြေပြစ်ကောင်းမွန်စွာဖြင့် ဝန်ဆောင်မှုပေးရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်နှင့် ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန် လိုကြောင်း ရှင်းလင်းမှာကြားကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးပြီး လေဆိပ်ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Terminal-1 ရှိ ပြည်ပထွက်ခွာနေရာ၌ ပြည်ပနိုင်ငံအသီးသီးသို့ ထွက်ခွာကြမည့်ခရီးသည်များကို လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေ၊ ဌာန၏ Server ခန်းအတွင်း အချက်အလက်များထိန်းသိမ်းထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားညှိနှိုင်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ပဆိုက်ရောက်နေရာ၌ နိုင်ငံတကာလေကြောင်း လိုင်းအသီးသီးဖြင့်ဝင်ရောက်လာကြသည့် ခရီးသွားများအား လူဝင်မှုကြီးကြပ်ရေးကောင်တာများ၌ ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ စစ်ဆေးဆောင်ရွက်နေမှု၊ ဆိုက်ရောက်ဗီဇာ (Visa On Arrival) ကောင်တာအခြေအနေနှင့် ခရီးသည်များအား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)