၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး(အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP -  ဒီဇင်ဘာ ၂၉

ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေး၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့် မြန်မာ့ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေပြီး မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။


ပိုက်ကျော်ခြင်းအားကစားနည်း


အခမ်းအနားတွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပိုက်ကျော်ခြင်းအားကစားနည်းသည် ခြင်းလုံးနှင့်ပိုက်ရှိလျှင် အလွယ်တကူကစားနိုင်သည့် အားကစားနည်း ဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုတစ်ရပ်လုံးက စိတ်ပါဝင်စားစွာ ကစားကြသည့် အားကစားနည်းတစ်ခုဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သော နိုင်ငံ့ဂုဏ်ဆောင်ပေးနိုင်ခဲ့သည့် အားကစားနည်း လည်းဖြစ်ပါကြောင်း၊ ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် အာရှနှင့် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂၀၊ ငွေတံဆိပ် ၂၃ ခုနှင့် ကြေးတံဆိပ် ၃၂ ခု စုစုပေါင်း ဆုတံဆိပ် ၇၅ ခုရရှိခဲ့ပြီး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခု ရယူပေးနိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါကြောင်း။


မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်၏ “တန်ဖိုး နည်းဝန်ပါ သင်ကျန်းမာဖို့ ပိုက်ကျော်ခြင်း ကစားကြစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေးအတွက် ဖြစ်စေ၊ အားကစားအတွက်ဖြစ်စေ လေ့ကျင့်ယှဉ်ပြိုင် ကစားနိုင်သော အားကစားနည်းလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက အာရှ အဆင့်နှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲများတွင်လည်း ဆက်လက်ပြီး အောင်မြင်မှုများ ရရှိစေရန်အတွက် ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ကိုယ်စားပြု ယှဉ်ပြိုင်သည့်အသင်း အောင်နိုင်ရေးအတွက် မိမိတို့၏ အားကစားစွမ်းရည်များကို ဖော်ထုတ်ပြသ၍ အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် အနိုင်မခံ အရှုံးမပေးဘဲ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ဖြစ်လာစေရန် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။


ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်သီချင်းသီဆိုခြင်းနှင့် အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုခြင်းတို့ကို ဆောင်ရွက်ကြပြီး ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမနေ့ပွဲစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီးအသင်းနှင့် မွန်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့သည်။


အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ပြိုင်ပွဲရုံ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင် (အမျိုးသား) အသင်း ၁၅ သင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)