မိုင်းခုတ်မြို့ရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့ရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲကျင်းပ



MNP - ဒီဇင်ဘာ ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဦးကျောင်း၌ (၇)ရက်သားသမီး ကောင်းမှုဖြင့် တည်ထားကိုးကွယ်လျက်ရှိသော  အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အလှူရှင်များနှင့် ဧည့်ပရိသတ်အပေါင်းက နမောတသသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့၊ ဇောတိကာရုံကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝိလာသက နတ်ပင့်ဂါထာတော်ဖြင့် နတ်ဗြဟ္မာများအား ပင့်ဖိတ်တော်မူသည်။ ထို့နောက် မိုင်းဆတ်မြို့၊ မြို့ဦးကျောင်းတိုက်၊ ပြည်နယ် ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတထံမှ ဧည့်ပရိတ်သတ်အပေါင်းက ကိုးပါးသီလ ခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူသည်။ ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည်တို့ကို ယူဆောင်၍ စေတီတော်ရင်ပြင်နှင့် ပရဝုဏ်အတွင်း ပတ်ဖျန်းချည်နှောင်သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးအောင်ဟိန်းကျော်နှင့် အလှူရှင်အပေါင်းက အောင်သိဒ္ဓိ စေတီတော်မြတ်ကြီးအား ရည်မှန်း၍ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်အဆင့်ဆင့်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများအား ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး မန္တလေးမြို့၊ ကုသိုလ်တော် ရိပ်သာပရိယတ္တိစာသင်တိုက်၊ စာချနာယက၊ သာသနဓဇဓမ္မာစရိယ ဘဒ္ဒန္တဇနကထံမှ ရေစက်ချအနုမောဒနာ တရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေသည်။


ယင်းနောက် ဥပသကာကြီးများဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် အလှူရှင်များက စိန်ဖူးတော်၊ ရွှေထီးတော်နှင့် ငှက်မြတ်နားတော်များကို ပင့်ဆောင်လျက် စေတီတော်အား လက်ျာရစ်သုံးကြိမ် လှည့်လည်ပူဇော်၍ ရထားပျံစက်ယန္တရားခုံသို့ ပင့်ဆောင်သည်။ ထို့နောက် ရွှေထီးတော် တင်မင်္ဂလာအခမ်းအနားတွင် ပါဝင်ဆောင်ရွက်မည့် ဆရာတော်များနှင့် အလှူရှင်များက စေတီတော်ငြမ်း အထက်သို့ တက်ရောက်နေရာယူကြသည်။


ဆက်လက်၍ အခမ်းအနားမှူးမှ မင်္ဂလာအချိန်ကို ကြွေးကြော်သည်နှင့် အလှူရှင်များက စေတီတော်တွင် ရွှေထီးတော်၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်များတင်လှူပူဇော်ကြသည်။ ယင်းနောက် ကျိုင်းတုံမြို့၊ နာပေါ်ထေရဝါဒသာသနာပြုဌာနမှ ဆရာတော် ဘဒ္ဓမ္မဇောတိကဓဇ  ဘဒ္ဒန္တကေသကက နတ်ပို့ဂါထာတော်ဖြင့် နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပြီး အလှူရှင်များနှင့် ဧည့်ပရိသတ် အပေါင်းက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားပိတ်သိမ်းပြီး အလှူရှင်များက ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြောင်း သိရသည်။


အဆိုပါ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား (၇)ရက်သားသမီး အလှူရှင်များ၏ ထည့်ဝင်လှူဒါန်း ငွေကျပ် (၈၁၉)သိန်းကျော်နှင့် ထိုင်းဘတ်ငွေလေးသောင်းဖြင့် တည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - ယဉ်ယဉ်ဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)