မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားများသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်တို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားများသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တက်ရောက်



MNP -  ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ်၊ ဘက်စုံသုံးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ 


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က မျက်မှောက်ခေတ်တွင် ပညာရေးဖြင့်ခေတ်မီဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို လျှောက်လှမ်းရာတွင် ပညာရေးတိုးတက်မြင့်မားမှုအခန်းကဏ္ဍသည် အဓိကကျသောအခန်းကဏ္ဍမှ ရပ်တည်နေသည်ကို ကျောင်းသား၊ ကျောင်းသူများအား အသိပေးပြောကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်တွင်ထမ်းဆောင်မည့် တာဝန်သည်အဖိုးတန်သော တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ သင်ယူရမည့် အတက်ပညာ၊ အသိပညာများနှင့် ဆောင်ရွက်ရမည့် မျိုးဆက်သစ်များဖြစ်စေရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်စေခြင်းနှင့်အတူ ပညာရပ်ဝန်းများ ကောင်းမွန်စေပြီး ကျောင်းနေပျော်၍စာတော်၊ ထက်မြတ်သူ အရည်အချင်းကောင်းမွန်သူများဖြစ်စေရန် မိမိကိုယ်ကိုမိမိ လေ့ကျင့်ပျိုးထောင်စေလိုပါကြောင်း၊ နိုင်ငံတော်မှ ကြီးမားသောမျှော်လင့်ချက်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် နိုင်ငံ့အနာဂတ် သားကောင်းများဖြစ်လာစေရေးအား အဓိကထားပြီး ပညာတက်လူရည်ချွန် လူရည်မွန်များ ဖြစ်လာအောင် မိမိကိုယ်ကိုပြုစုပျိုးထောင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာတက္ကသိုလ်ပါမောက္ခချုပ်ထံ ငွေကျပ် ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က မုံရွာတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် ၁၀ သိန်းတို့အားပေးအပ်ခဲ့ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်ကျော်သင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်သော မုံရွာစီးပွားရေးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားသို့တက်ရောက်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူထံ ငွေကျပ် ၁၀ သိန်းအားပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးအေးလှိုင်က မုံရွာစီးပွားရေးတက္ကသိုလ်တွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကျပ် ၁၀ သိန်းတို့အား ပေးအပ်ခဲ့သည်။


ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသီတာကြူက သင်ကြားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စတ္ထတုနှစ်ကျောင်းသူတစ်ဦးက ကြိုဆိုနှုတ်ဆက်စကားပြောကြားကာ ပထမနှစ်ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းနားသို့တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)