နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး အာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး အာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြောကြား










MNP ၊ ဒီဇင်ဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တပ်မတော်(ရေ)၏ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့တွင် နိုင်ငံတော်၏ရေကြောင်းဆိုင်ရာ အကျိုး စီပွားများနှင့် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အား အပြည့်အဝ ကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းနှင့် မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့သို့ လွှဲပြောင်းတပ်တော်ဝင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ်(၃)ရေတပ်ဆိပ်ခံတံတား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။


နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အကောင်းဆုံး အာမခံချက်မှာ စွမ်းရည်ထက်မြက်သည့် ကာကွယ်ရေးအင်အားစု တည်ဆောက် ပိုင်ဆိုင်ခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို တည်ဆောက်ရာတွင် အဆင့်လိုက် မျှော်မှန်းချက်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်ဖြစ်သည့် မြန်မာ့ ပင်လယ်ပြင် သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်သည့် သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသော တိုက်ပွဲဝင်အသင့်ရေတပ် (Three Dimensional Combat Ready Navy)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ်ပင်လယ်ပြင်များသို့ အင်အား ဖြန့်ကြက်နိုင်စွမ်းရှိသည့်ရေတပ် (Adjacent Force Projection Navy/ Regional Navy)အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ ရေရှည်မျှော်မှန်းချက်အနေဖြင့် မိမိ အကျိုးစီးပွားများဆက်စပ်တည်ရှိရာ ရေပြာသို့ အင်အားပို့လွှတ်နိုင်သည့်ရေတပ် (Blue Water Navy Ambition) အဖြစ် မျှော်မှန်းတည်ဆောက်သွားမည်ဖြစ်ကြောင်း။


ရေယာဉ်များ တည်ဆောက်ဖြည့်တင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ရေတပ်သင်္ဘောကျင်းဌာနချုပ်ကို အဆင့်ဆင့် အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ ကြောင်း၊ ရေယာဉ်တည်ဆောက်မှု အတွေ့အကြုံ များပြားလာသည်နှင့်အမျှ အရည် အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ကြောင်း၊ စွမ်းရည်ထက်မြက်သည့် တိုက်ပွဲ ဝင် စစ်ရေယာဉ်များ ဖြစ်စေရေးအတွက် စစ်ရေယာဉ် တစ်စီးချင်းစီ၏ စွမ်းဆောင် နိုင်မှုများ တိုးတက်ကောင်းမွန်လာစေရေး ဆက်လက် ကြိုးပမ်း တည်ဆောက်သွားရ မည်ဖြစ်ကြောင်း၊ ထိုသို့စစ်ရေယာဉ် တည်ဆောက်ရေး တာဝန်များကို ထမ်းဆောင် ခဲ့ကြသည့် တပ်မတော်(ရေ)မှ တာဝန်ရှိသူများ၊ အင်ဂျင်နီယာများ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်အားလုံးကို ချီးကျူး မှတ်တမ်းတင် ဂုဏ်ပြုကြောင်း။


တစ်ဖက်တွင်လည်း ဒုတိယအဆင့် မြန်မာ့ပင်လယ်ပြင်နှင့်ဆက်စပ် ပင်လယ်ပြင် များသို့ အင်အားဖြန့်ကြက်နိုင်စွမ်းရှိသည့် ရေတပ်(Adjacent Force Projection Navy/ Regional Navy) ဖြစ်ရန် ပင်လယ်ပြင်တွင် ရေရှည်ရပ်တည်နိုင်စွမ်းရှိပြီး တိုက်စွမ်းအား ပြည့်ဝသည့်စစ်ရေယာဉ်ကြီးများရှိမှသာ အကောင်အထည်ဖော် တည်ဆောက်နိုင်မည် ဖြစ်ကြောင်း၊ ဒုတိယအဆင့်ရည်မှန်းချက်ကို ပြည့်မီရန်ဒေသတွင်း အင်အားဖြန့်ကြက် နိုင်စွမ်းရှိသည့် စစ်ရေယာဉ်ကြီးများကို ဆက်လက်တည်ဆောက်သွားရမည်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံသည် ပင်လယ်ပြင်အကျယ်အဝန်း စတုရန်းရေမိုင် ၁၄၀၀၀၀ ကျော် ရှိပြီး ကမ်းရိုးတန်းအရှည် ရေမိုင် ၁၃၀၀ ခန့်ရှိသည့်အတွက် ဆိပ်ကမ်းကြီးများနှင့် ပင်လယ်ပြင်ဆက်သွယ်ရေးလမ်းကြောင်း (Sea Line of Communication) များကို အပြည့်အဝအသုံးချပြီး သမုဒ္ဒရာဖြတ်ကျော် ရေကြောင်းကုန်သွယ်မှုလုပ်ငန်း (Seaborne Trade)များကို ထိထိရောက်ရောက်ဖော်ဆောင်ရန် အခွင့်အလမ်းများရှိ ကြောင်း၊ မိမိတို့နိုင်ငံ၏ ရေကြောင်းဆိုင်ရာအမျိုးသားအကျိုးစီးပွားများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ တတိယအဆင့် ရေရှည်မျှော်မှန်းချက်ဖြစ်သည့် မိမိတို့၏ အကျိုးစီးပွားများရှိရာ ရေပြာသမုဒ္ဒရာများဆီသို့ အင်အားပို့လွှတ်နိုင်သည့် ရေတပ် (Blue Water Navy Ambition)အဖြစ် အဆင့်လိုက် မျှော်မှန်းတည်ဆောက် သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)၏ ရည်မှန်းချက်အဆင့်တိုင်းကို အကောင် အထည်ဖော်ဆောင်နိုင်ရန် တိုက်စွမ်းရည်မြင့်မားသည့် စစ်ရေယာဉ်ကြီးများ လိုအပ် သကဲ့သို့ ယခုစစ်ရေယာဉ်ကြီးများကို ကိုင်တွယ်မောင်းနှင်နိုင်မည့် တိုက်စွမ်းရည်ပြည့်ဝ သော ရေတပ်စစ်သည်တော်များဖြစ်စေရေး အမြဲတမ်းလေကျင့်နေရန် လိုအပ်မည် ဖြစ် ကြောင်း။

တိုက်စွမ်းရည်ပြည့်ဝစေရန်အတွက် တိုက်ပွဲဝင်စစ်ရေယာဉ်များတွင် တာဝန်ထမ်း ဆောင်မည့် စစ်သည်တော်များကိုလည်း အရည်အချင်းပြည့်ဝသည့် စစ်သည်တော် ကောင်းများဖြစ်အောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးလျက်ရှိကြောင်း၊ ထိုသို့လေ့ကျင့် သည့်အခါတွင် တစ်ဦးချင်းအရည်အချင်း တိုးတက်စေရန်အတွက် ပြည်တွင်းသင်တန်း များ၌ ထူးချွန်စွာအောင်မြင်ကြသည့် အရာရှိ၊ စစ်သည်များကို ပြည်ပနိုင်ငံများသို့ စေလွှတ်တက်ရောက်စေလျက်ရှိရာ ရုရှား၊ တရုတ်၊ အိန္ဒိယ စသည့်နိုင်ငံများအပါအဝင် နိုင်ငံအများအပြားသို့ အရာရှိ၊ စစ်သည်များ စေလွှတ်တက်ရောက်စေခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှစတင်ပြီး ပြည်တွင်း၌လည်း Mobile Training Team နည်းပြများအား ခေါ်ယူသင်ကြားစေလျက်ရှိရာ အရာရှိ၊ စစ်သည်အများအပြားကို လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ရေတပ်သားများ လေ့ကျင့်ရေးဆိုင်ရာ တိုးတက်မြင့်မားစေရန် အတွက် လေ့ကျင့်ရေးသင်ထောက်ကူ Simulator နှင့် Trainer များ ဖြည့်ဆည်း ပေးခြင်း၊ လေ့ကျင့်ရေးအထောက်အကူပြု အဆောက်အဦများ တိုးချဲ့ တည်ဆောက် ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အဖွဲ့လိုက်စွမ်းရည် တိုးတက်စေရေး အတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများ၊ Sea Shield လေ့ကျင့်ခန်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ပူးတွဲကင်းလှည့်မှုလေ့ကျင့်ခန်းများ၊ ပြည်ပ နိုင်ငံများနှင့် ရေကြောင်းလုံခြုံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလေ့ကျင့်ခန်းများကို နှစ်စဉ်ပုံမှန် ဆောင်ရွက်စေလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်စေခြင်းဖြင့် နိုင်ငံတကာ ရေတပ်များနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေသကဲ့သို့ တပ်ဖွဲ့အချင်းချင်း အတွေ့ အကြုံများဖလှယ်နိုင်ခြင်း၊ အပြန်အလှန်ယုံကြည်မှုရရှိစေနိုင်ခြင်း၊ ပင်လယ်ပြင် တာဝန် ထမ်းဆောင်နိုင်မှုအတွေ့အကြုံ၊ သမုဒ္ဒရာဖြတ်ကျော်မောင်းနှင်ရသည့် အတွေ့အကြုံ များ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေကြောင်း၊ လူ့စွမ်းအားအရင်း အမြစ်နှင့် ပတ်သက်ပြီး အမျိုးသားအရာရှိ၊ စစ်သည်များသာမက အမျိုးသမီးအရာရှိ၊ စစ်သည်များကိုပါ လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ အမျိုးသမီး အရာရှိ၊ စစ်သည် များကို စစ်ရေယာဉ်များတွင် တာဝန်ပေးအပ်ပြီး ပင်လယ်ပြင်စစ်ဆင်ရေးနှင့် လေ့ကျင့် ရေး များတွင်ပါ လက်ရှိတာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း။


ယနေ့တပ်တော်ဝင်ခဲ့သည့် Super Dvora အမြန်သွားကင်းလှည့် ရေယာဉ်များ ကို ပြည်ပမှနည်းပညာလွှဲပြောင်းရယူခဲ့ပြီး တပ်မတော်(ရေ) အင်ဂျင်နီယာပညာရှင်များ ကိုယ်တိုင် နည်းပညာမြင့်တည်ဆောက်နိုင်ခဲ့သည့် ရေယာဉ်များဖြစ်ပြီး ရေမိုင် ၄၀ ကျော် မြန်နှုန်းမြင့်ခုတ်မောင်းနိုင် ကာ ရန်သူ့ရေတပ်ဖွဲ့ကို Swarming Tactics နှင့် ကြားဖြတ်တိုက်ခိုက်ရေး တာဝန်များကိုပါ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ကျွန်းပေါင်း ၁၄၀၀ ကျော်ရှိသည့် ကမ်းရိုးတန်းရေပြင်တွင် မည်သည့် ကျူးကျော်မှုမျိုးကိုမဆို ကျွန်းကြိုကျွန်းကြားမှ စစ်နည်းဗျူဟာမြောက် မြန်နှုန်းမြင့် မောင်းနှင်ပြီး တားဆီးချေမှုန်းတိုက်ခိုက်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းပင် ဖြစ်ကြောင်း၊ Super Dvora တည်ဆောက်ခဲ့သည့် အတွေ့အကြုံ များစွာ ရှိပြီးဖြစ် သဖြင့် ယခုထက် အရွယ်ပမာဏပိုမိုကြီးမားပြီး စွမ်းဆောင်ရည်မြင့်သည့် သင်္ဘောမျိုး တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွားရန်လိုကြောင်း။


မျက်မှောက်ခေတ် ကြုံတွေ့နေရသည့် စစ်ဆင်ရေး သဘောသဘာဝအရ တပ်မတော်(ရေ)အနေနဲ့ သမားရိုးကျစစ်ဆင်ရေးများအတွက် ပင်လယ်ပြင်တိုက်ပွဲဝင် နိုင်ရေး (Open Sea Battle) ကို ပြင်ဆင်နေရသကဲ့သို့ လက်ရှိလုံခြုံရေးအခြေအနေ များအရ မြစ်တွင်းစစ်ဆင်ရေးကိုလည်း အထူးအလေးထား ဆောင်ရွက်လာရ ကြောင်း၊ ယခုတပ်တော်ဝင်သည့် ၂၃ မီတာ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်များကို မြန်မာ့ရေမြေ လိုအပ်ချက်အတိုင်း ဆန်းသစ်တီထွင်ကာ ပိုမိုတောင့်တင်းခိုင်မာသည့် Armor Plate များနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး မြစ်တွင်းစစ်ဆင်ရေး၊ လုံခြုံရေးနှင့် တပ်ဖွဲ့တင် တိုက်ခိုက်ရေးတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် အဓိကရည်ရွယ်ခြင်းဖြစ် ကြောင်း၊ ယခုစစ်ရေယာဉ်များပေါ်တွင် ခြေလျင်တပ်ဖွဲ့များတင်ဆောင်ပြီး ရေကြောင်း ပစ်ကူပေးနိုင်ရန်နှင့် ကမ်းထိုးကမ်းတက် စစ်ဆင်ရေးများဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး တည်ဆောက်ပေးခဲ့ခြင်း ပင်ဖြစ်ကြောင်း၊ ထို့အပြင် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ တင်ဆောင်ကာ ဘက်စုံသုံးတပ်ဖွဲ့တင် ကမ်းထိုးရေယာဉ်တာဝန်များကိုပါ ထမ်းဆောင် သွားနိုင်မည် ဖြစ်ကြောင်း၊ ဧရာဝတီ၊ ချင်းတွင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ ရှည်လျားလှသည့် မြစ်ကြီးများအတွင်း ရေကြောင်းလုံခြုံရေးများ၊ စစ်ဆင်ရေးများ ထိ ရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရေတိမ်မြစ်တွင်းသွား စစ်ရေယာဉ်များကိုလည်း တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း။

ဟန်ချက်ညီသည့် ရေတပ်တစ်ခုတည်ဆောက်ရာတွင် သီးသန့်စီးပွားရေးဇုန် ကာကွယ်နိုင်ရေး၊ ကမ်းရိုးတန်းရေပြင်နှင့် မြစ်တွင်းစစ်ဆင်ရေးများကိုပါ ဆင်နွှဲနိုင်ရေး အတွက် ဖရီဂိတ်စစ်ရေယာဉ်ကြီးများ၊ ကော်ဗက်စစ်ရေယာဉ်များအပါအဝင် အမြန် သွားကင်းလှည့်ရေယာဉ်၊ တပ်ဖွဲ့တင်ကမ်းထိုးရေယာဉ်၊ အုပ်ချုပ်ထောက်ပံ့ရေးရေယာဉ် များကိုပါ အချိုးအစားမျှတစွာ လိုက်လျောညီထွေရှိအောင် စနစ်တကျ တည်ဆောက် ပေးလျက်ရှိကြောင်း။


ပင်လယ်ပြင်သည် နိုင်ငံတော်၏ အနာဂတ်အကျိုးစီးပွားကို ပုံဖော်နေသည့် အတွက် ပင်လယ်ပြင်ကို ကာကွယ်စောင့်ရှောက်ရေး၌ တပ်မတော်(ရေ)၏ အဓိက တာဝန်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက် မြန်မာ့ပင်လယ်ပြင် ရေကြောင်းလုံခြုံရေး အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်(ရေ)သည် ယခုအခါ (၇၅)နှစ်မြောက်စိန်ရတုသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ် လျှောက် တပ်မတော်(ရေ)၌ တာဝန် ထမ်းဆောင်ခဲ့ကြသည့် တပ်မတော်(ရေ)၏ ပဲ့ကိုင်ရှင်များ၊ လက်တွဲဆောင်ရွက်ခဲ့ကြသည့် စစ်သည်တော်များ၏ ကြိုးပမ်းတည် ဆောက်ခဲ့မှု အစဉ်အလာကောင်းများကြောင့် နိုင်ငံတော်နှင့် တပ်မတော်က အားထား ရသည့် ပြည်သူက အားကိုးရသည့် စွမ်းအားနှင့်စွမ်းရည်ပြည့်ဝသော ရေတပ်တစ်ခု အဖြစ်သို့ တက်လှမ်းနေပြီဖြစ်ကြောင်း။


ယနေ့အခါသမယတွင် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့်အရာရှိ၊ စစ်သည် များအနေဖြင့် ရှိရင်းစွဲသမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)၌ ပါဝင်ထမ်းဆောင်ခွင့်ရရှိသူများအဖြစ် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်သွားကြရန် တိုက်တွန်း ကြောင်းဖြင့်ပြောကြားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)