နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ- ကျုံကဒွန်း- ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ- ကျုံကဒွန်း- ဒေါ်ညိမ်း- အမာလမ်းပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်


MNP  - ဒီဇင်ဘာ ၂၉

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ် ဖျာပုံ-ကျုံကဒွန်း-ဒေါ်ညိမ်း-အမာလမ်းပေါ်ရှိ ဒေးဒလူတံတားဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါ တံတားအနီး မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။


ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကြည်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများ တက်ရောက်ကြသည်။


ချစ်ကြည်ရင်းနှီးမှုများပိုမိုရရှိ


ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် လူတန်းစေ့နေနိုင်ရန် အခြေခံအဆောက်အဦဖြစ်သော ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ပါဝင်သည့် လေကြောင်း၊ ရေကြောင်းနှင့် ကုန်းကြောင်းလမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် လျှပ်စစ်မီးရရှိရေးကို ဦးစားပေးဆောင်ရွက်ပေး လျက်ရှိကြောင်း၊ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ပြီး လုံခြုံချောမွေ့မှသာ တိုင်းရင်းသားပြည်သူများ အပြန်အလှန်ကူးလူး ဆက်သွယ် သွားလာနိုင်ပြီး ချစ်ကြည်ရင်းနှီးမှုများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း။


ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် လိုအပ်ချက်များထဲမှ လမ်းပန်းဆက်သွယ်ရေး လွယ်ကူလျင်မြန်ခြင်းသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍဖြစ်သည့်အတွက် မြို့ပြဒေသများသာမက ဝေးလံခေါင်းပါးသည့် ဒေသများပါမကျန် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာငွေများ သုံးစွဲရာတွင် လေလွင့်မှုမရှိစေရေး၊ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် အရည်အသွေးကောင်းမွန်ရေး၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိ ထောက်ပြဝေဖန်ပေးကြပါရန်နှင့် တည့်မတ်ပေးရန်တာဝန် ရှိသူများအနေဖြင့် ပူးပေါင်းဆောင် ရွက်ပေးကြရန်လိုကြောင်း။


အချိန်တိုအတွင်းသွားလာနိုင်


ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည်နှင့်အညီ မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသကြီးလည်း ဖြစ်ကြောင်း၊ မြေဆီဩဇာကြွယ်ဝသော မြေနုကျွန်းများ ဖြစ်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းပြီး ရေထွက်ပစ္စည်းလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ဆားလုပ်ငန်း၊ သင်ဖြူးသင်ဖျာလုပ်ငန်းနှင့် နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသည့် ပုသိမ်ထီးလုပ်ငန်းများ တည်ရှိသော တိုင်းဒေသကြီးဖြစ်ကြောင်း၊ ယခင်လမ်းပန်းဆက် သွယ်ရေးအနေဖြင့် ရေကြောင်း လမ်းကိုသာ အဓိကအားထားခဲ့ရသော်လည်း ယခုအခါ တိုင်းဒေသကြီး၏ ဒေသအသီးသီးသို့ ကုန်းလမ်းခရီးဖြင့် အချိန်တိုအတွင်း လွယ်လင့်တကူ သွားလာနိုင်ရန်အတွက် လမ်းများဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့်တံတားများ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ယနေ့ဖွင့်လှစ်လိုက်သည့် ဒေးဒလူတံတားသစ်ကြီးသည် ယခင်က တည်ဆောက်ထား ပြီး ခံနိုင်ဝန် ငါးတန်သာရှိသည့် ပေ ၄၀၀ အရှည်ရှိ တစ်လမ်းမောင်း ဘေလီတံတားအစား ယာဉ်တစ်စီးချင်း ခံနိုင်ဝန်တန် ၆၀ ရှိသည့် သံကူကွန်ကရစ် တံတားသစ်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုတည်ဆောက် ပြီးစီးခဲ့သည့် ဒေးဒလူတံတားသည် အရှည်ပေ ၈၇၀ ရှိပြီး ယာဉ်သွားလမ်း အကျယ် ၂၄ ပေ သံကူကွန်ကရစ် တံတားဖြစ်ပါကြောင်း စုစုပေါင်းငွေကျပ် သန်း ၄၂၈၀ ဖြင့် တည် ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ဒေးဒလူတံတားကြီးကို ဖွင့်လှစ် လိုက်သည့်အတွက် အမာမြို့နယ် မှ ဖျာပုံမြို့နယ်နှင့် ပုသိမ်မြို့များသို့ အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး အဆိုပါဒေသထွက်ကုန် များကို ရန်ကုန်မြို့သို့ ပို့ဆောင်၍ ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်သည့် အတွက် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ဤတံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ဒေးဒလူတံတား တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေးဒလူ တံတားကြီး တည်ဆောက်မှုနှင့် ပတ်သက်၍ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။


စက်ခလုတ်နှိပ်ဖွင့်လှစ်


ထို့နောက် တံတားဖွင့်ပွဲအခမ်းအနား အပိုင်း(၂)အစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်းတို့က တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဒေးဒလူတံတား ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။


ယင်းနောက်ဧည့်သည်တော်များက ဒေးဒလူတံတားကမ္ပည်းမော်ကွန်း ကျောက်စာတိုင်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီးတံတားပေါ်သို့ ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)