လှည်းကူးမြို့နယ်တွင် မဇ္စိုမလင်္ကာရသာမဏေကျော်စာမေးပွဲကြီး ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် မဇ္စိုမလင်္ကာရသာမဏေကျော်စာမေးပွဲကြီး ဖွင့်ပွဲကျင်းပ



MNP - ဒီဇင်ဘာ  ၁၇


ရန်ကုန်တိုင်းဒေသကြီး၊  လှည်းကူးမြို့နယ်၊ မဇ္စိုမဂုဏ်ရည်မဟာစည် တောရရိပ်သာပဓာနနာယက ဆရာတော် အဂ္ဂမဟာဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ ဓမ္မာကထိ ကဗဟုဇနဟိတဓရ၊ သာသန တက္ကသီလ ဓမ္မာစရိယ၊ B.A,M.A, Ph.D (India) ဒေါက်တာဘဒ္ဒန္တကောဝိဒမှ စီမံဦးဆောင်၍ မဇ္စိုမလင်္ကာရ သာမဏေ ကျော်စာမေးပွဲကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့မှ ဒီဇင်ဘာလ(၁၉)ရက် နေ့အထိ (၃)ရက်တိုင်တိုင် မဇ္စိုမဂုဏ်ရည်မဟာစည်တောရရိပ်သာနှင့် သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦးဗိမ္မာန်တို့တွင် စာဖြေဌာနနှစ်ခုခွဲ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ယမန်နေ့က ဖွင့်ပွဲအခမ်းအနားကို နိဗ္ဗာန်ဆိပ်ဦးမဟာစည်ဗိမ္မာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေတိဂုံစေတီတော်ဘဏ္ဍာထိမ်းဂေါပကအဖွဲ့ကြီး၏ ဩဝါဒါစရိယ အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြကာ ဆုံးမဩဝါဒစကားများကို နားကြားသည်။


ဆက်လက်၍ အင်းစိန်ရွာမဆရာတော်ကြီးဘဒ္ဒန္တတိလောကာဘိဝံသ၊ မဇ္စိုမဂုဏ်ရည် မဟာစည်တောရရိပ်သာပဓာနနာယက ဆရာတော်ဒေါက်တာဘဒ္ဒန္တကောဝိဒနှင့်သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူခဲ့ကြကာ ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် အရှင်သူမြတ်(၁၅)ပါးတို့အား လှူဖွယ် ဝတ္ထုပစ္စည်းများကို တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြပြီး မဇ္စိုမလင်္ကာရ သာမဏေကျော်စာမေးပွဲကြီးကို အင်းစိန်ရွာမဆရာတော်ကြီး ဘဒ္ဒန္တတိလောကာဘိဝံသ၊ မဇ္စိုမဂုဏ်ရည် မဟာစည်တောရရိပ်သာ ပဓာနနာယ ကဆရာတော်ဒေါက် တာဘဒ္ဒန္တကောဝိဒ၊ နိဗ္ဗာန်ဆိပ်ဦးမဟာစည်ဆရာတော် နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


မဇ္စိုမလင်္ကာရသာမဏေကျော် စာမေးပွဲသို့လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၂)ခုမှ မြို့နယ်ပေါင်း (၇၅)မြို့နယ်၊ ကျောင်းပေါင်း (၁၇၇)ကျောင်းမှ စာဖြေသံဃာပေါင်း (၁၁၂၉)ပါးနှင့် စာဖြေသီလရှင်ပေါင်း (၈၁)ပါး စုစုပေါင်း(၁၂၁၀)ပါးတို့ ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုကြမည်ဖြစ်ပြီး ပထမအဆင့်စာမေးပွဲတွင် (၁၆၅) ပါး၊ ဒုတိယအဆင့်စာမေးပွဲတွင် (၅၈)ပါး၊ တတိယအဆင့်စာမေးပွဲတွင် (၉၈၇)ပါးဝင်ရောက်ဖြေဆိုမည်ဖြစ်သလို စာမေးပွဲကို ပရိယတ္တိသာသနာတော် တည်တံ့ခိုင်မြဲစည်ပင်ပြန့်ပွားစေရန်နှင့် သာသနာ့အာဇာနည် အရှင်မြတ်များ တိုးပွားစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။


သတင်း - ဇင်မင်းထိုက် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)