ရန်ကုန်တိုင်းဒေသကြီးတွင် စာကြည့်တိုက်ပညာရပ်များ တိုးပွားစေရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးတွင် စာကြည့်တိုက်ပညာရပ်များ တိုးပွားစေရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်





MNP    -     ဒီဇင်ဘာ      ၁၉

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အားကစားနှင့်ကာယပညာ သိပ္ပံ(ရန်ကုန်)တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ပြီး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီစဉ်ဆောင်ရွက်နေမှု မှတ်တမ်းဗီဒီယိုအား ပြသခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် အချိန်တွေ၊ တာဝန်တွေမအားလပ်သော်လည်း အချိန်လု၍ စာပေ များကို ဖတ်ရှုလေ့လာသည့်အတွက် အကျိုးများစွာ ဖြစ်ထွန်းခဲ့ပါကြောင်း၊ စာဖတ်တိုင်း ခေါင်းဆောင်မဖြစ်သော်လည်း ခေါင်းဆောင်တိုင်းကတော့ စာဖတ်ကြပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ပြည်သူများ အသိပညာ၊ အတွေးအခေါ် မြင့်မားစေရေးအတွက် အထောက်အကူ ဖြစ်စေသည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်စေနိုင်ရန် ဘဏ္ဍာငွေများကို ခွင့်ပြုပေးခဲ့ကြောင်း၊ စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီနှင့် စာကြည့်တိုက်မှူးများက စာကြည့်တိုက်များ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ကြရန် ” ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်က “ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက် ဖို့အတွက် စာကြည့်တိုက်မှူး များရဲ့ အခန်းကဟာ များစွာအရေးကြီးတဲ့အတွက် အခုလို တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များမှ သင်တန်းသား(၅၀)ဦးကို ရွေးချယ်ပြီး ဒုတိယအကြိမ်အဖြစ် အခြေခံ စာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ပါကြောင်း၊ စာကြည့်တိုက်တစ်ခုဖြစ်ဖို့ဆိုတာ စံ(၅)ရပ်နှင့် ညီဖို့ များစွာ လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ စာကြည့်တိုက်တွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် တိုင်း ဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ” စသည်ဖြင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီက ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် (၅၀)တိုက်သို့ မြန်မာ့စွယ်စုံကျမ်း (အတွဲ(၁)၊ က-ကုတ် စာအုပ်(၅၀)အုပ်နှင့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး လက်စွဲစာစောင်(၁၅၀)အုပ်အား ပေးအပ်လှူဒါန်းရာ သင်တန်းသားများက လက်ခံရယူခဲ့သည်။ ထို့နောက် အခြေခံစာကြည့်တိုက်ပညာသင်တန်းအတွက် အလှူငွေများအား ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တက်ရောက်လာကြသူများသည် သင်တန်းသား/သူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာစာကြည့်တိုက်မှူးများနှင့် ဖိတ်ကြားထားသော ဧည်သည် တော်များ တက်ရောက်ခဲ့ကြပြီး အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများအား ၂၀၂၂-ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ဒီဇင်ဘာလ (၂၁)ရက်နေ့အထိ အခြေခံစာကြည့်တိုက်ပညာရပ်များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးပို့ချပေးသွားမည် ဖြစ် ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)