ပွင့်ဖြူမြို့နယ်တွင် လာမည့် ၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံဧက ခြောက်သောင်းကျော် လျာထားစိုက်ပျိုးသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် လာမည့် ၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံဧက ခြောက်သောင်းကျော် လျာထားစိုက်ပျိုးသွားမည်

 




MNP -ဒီဇင်ဘာ ၆


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လာမည့် ၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါး၊ နွေနှမ်းနှင့် အခြားနွေသီးနှံ ဧကခြောက်သောင်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများ နွေသီးနှံအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။


ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို ဒေသခံတောင်သူများရာသီအလိုက် သီးနှံများ အဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်ရေး စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာလာမည့် ၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင်လည်း ဒေသခံတောင်သူများ နွေစပါး၊ နွေနှမ်းနှင့်အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေး ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။


"ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့လာမည့် ၂၀၂၃ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေကို သီးနှံအချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် ဖေဖော်ဝါရီလ(၁၅)ရက်နေ့စပြီးတော့ မဲဇလီရေလွှဲဆည်မှစိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဆည်ရေပေးဝေးမှုစနစ်ကတော့ တောင်မုန်းမြောင်းနဲ့ မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ နွေသီးနှံအတွက် ဆည်ရေပေးဝေမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ဒေသခံတောင်သူတွေ လယ်ယာလုပ်ငန်းခွင် ကြိုတင်ပြင်ဆင်နိုင်အောင် ကြိုတင်ပြီးအသိပေးထားပြီးဖြစ်ပါတယ်။ တစ်မြို့နယ်လုံး နွေသီးနှံလျာထားစိုက်ပျိုးမှုအနေနဲ့ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာမှာ နွေစပါး ၂၉၅၄၈ ဧကနဲ့ မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာမှာ နွေနှမ်းနဲ့အခြားနွေသီးနှံ ၃၀၈၈၀ ဧက၊ စုစုပေါင်း ၆၀၄၂၈ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်ပြီး ဒေသခံတောင်သူတွေကိုလည်း ဆည်ရေစနစ်တကျ သုံးစွဲတတ်စေဖို့အတွက် ရေအသုံးချသူများအဖွဲ့(WUG) အဖွဲ့များ ဖွဲ့စည်းပေးထားပြီးဖြစ်သလိုလိုအပ်တဲ့ စွမ်းဆောင်ရမြှင့်သင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချထားပြီဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောပြ၍ သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ်မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နွေ၊ မိုး၊ ဆောင်းတစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကိုစီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပန်းနှမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ မတ်ပဲ၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်းတို့ကို စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများက စားဖိုဆောင်သီးနှံများဖြစ်သည့် ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ဟင်းသီးဟင်းရွက်သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းနှင့် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေး လုပ်ငန်းအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)