ဒီလိုပွဲတွေကိုကျင်းပပေးတဲ့အတွက် လူငယ်တွေ စာပေအနုပညာတွေကိုလည်း သိရှိသွားစေတဲ့အပြင် ဗဟုသုတတွေလည်းများစွာရရှိစေလို့ အလွန်ကောင်းမွန်ပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီလိုပွဲတွေကိုကျင်းပပေးတဲ့အတွက် လူငယ်တွေ စာပေအနုပညာတွေကိုလည်း သိရှိသွားစေတဲ့အပြင် ဗဟုသုတတွေလည်းများစွာရရှိစေလို့ အလွန်ကောင်းမွန်ပါတယ်



MNP  ဒီဇင်ဘာ ၂၆

လူငယ်နှင့်စာပေအနုပညာပြပွဲကို ယနေ့မှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပလျက်ရှိသည်။







အဆိုပါပွဲတော်ကြီးတွင် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စာပေဆိုင်ရာအကြောင်းအရာများ၊ အနုပညာရပ်ဆိုင်ရာအကြောင်းအရာများ ပါဝင်သည့် ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသထားပြီး နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်း၊ သမိုင်းဖြစ်ရပ်များကို သိရှိနိုင်စေမည့် ရုပ်ရှင်ဇာတ်ကားကောင်းများကိုလည်း ထည့်သွင်းပြသလျက်ရှိရာ စိတ်အားထက်သန်စွာ လာရောက်လေ့လာကြသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ ရင်တွင်းခံစားချက်များကို အများပြည်သူသိရှိနိုင်စေရန် ရေးသားဖော်ပြလိုက်ရပါသည်။


ဦးအုန်းမြင့် (သယံဇာတရေးရာ ဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့)


ကျွန်တော်တို့ တိုင်းဒေသကြီး အနေနဲ့ပုသိမ်မြို့မှာ နာမည်ကြီးတဲ့ ပုသိမ်ထီးလုပ်ငန်းရယ်၊ ဧရာဝတီ တိုင်းကထွက်တဲ့ ဟာလဝါ၊ ငှက်ပျောကြော်၊ ဒိန်ချဉ်၊ နွားနို့ စတာတွေကို သင့်တင့်မျှတတဲ့ အရင်းအတိုင်း ဈေးနှုန်းများနဲ့ ရောင်းချပေးပါတယ်။ ပြပွဲမှာ ပုသိမ်ထီးပြုလုပ်ပုံ အဆင့်ဆင့်ကို လည်းပြသထားပါတယ်။ မြန်မာ့ ရိုးရာ ပုသိမ်ထီးလုပ်ငန်းဟာ နှစ်ပေါင်းများစွာကြာပြီး နာမည် လည်းရှိပြီးဖြစ်ပါတယ်။ ဒါကို မတိမ်ကော မပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ လူငယ် တွေအနေနဲ့ မြန်မာ့ရိုးရာထီး လုပ်ငန်းလက်တွေ့လုပ်ဆောင်တာ တွေ့မြင်သွားမယ်၊ ဗဟုသုတ လည်းရသွားမယ်၊ နောက်ပြီး ဧရာဝတီတိုင်းဒေသကြီးရဲ့ SME ထွက်ကုန်တွေကိုလည်း သိရှိသွား ပါမယ်။ အဓိကအားဖြင့် လူငယ် တွေမြန်မာ့ရိုးရာ လက်မှုလုပ်ငန်းကို ဗဟုသုတအနေနဲ့ သိရှိစေဖို့ ဖြစ်ပါတယ်။


ကျွန်တော်ပြခန်းတွေကို လိုက်ကြည့်တဲ့အခါ လူငယ်တွေ အတွက် တီထွင်ထားမှုတွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်မှာရှိတဲ့ ရေကြောင်းတက္ကသိုလ်၊ လေကြောင်းတက္ကသိုလ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ကဆောင်ရွက်ထားတဲ့ ပုံစံငယ်ပြကွက်တွေဟာ လူငယ်တွေအတွက် ဗဟုသုတများစွာရရှိစေမှာဖြစ်ပါတယ်။ စာအုပ်စာပေတွေ မှာဆိုရင်လည်း အရင်ကမဖတ် ဖူးသေးတဲ့ စာအုပ်စာတမ်းတွေကိုတင်ပြထားတဲ့အတွက် ကျောင်းသား ကျောင်းသူတွေနဲ့ ကလေးငယ်များအတွက်လည်း အသိပညာတွေ တိုးပွားစေမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ပြပွဲမှာ ဧရာဝတီတိုင်းဒေသကြီးက ထွက်ကုန်တွေကို ပြသခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။


ဦးနေဝင်း (ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန)


ပြပွဲမှာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အားကစားသမားတွေရဲ့ ရုပ်တုတွေကို ပြသထားပါတယ်။ ဒါတွေကိုကြည့်ပြီး လူငယ်တွေအနေနဲ့သူတို့လို နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ အားကစားသမားတွေကို အားကျပြီး ကြိုးစားလိုစိတ်ပေါ်ထွန်းလာအောင် ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။ နောက်ပြီးလူငယ်တွေဟာ နိုင်ငံရဲ့ အနာဂတ်ခေါင်းဆောင်ကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒါကြောင့်လူငယ်ရေးရာ ဦးစီးဌာနအနေနဲ့ ခေါင်းဆောင် ကောင်းတွေ ဖြစ်လာနိုင်စေဖို့အတွက် ဆောင်ရွက်ရမယ့်အရာ တွေကို ကူညီပံ့ပိုးပေးဖို့နဲ့ ဗလ ငါးတန်ပြည့်စုံပြီး နိုင်ငံအကျိုး သယ်ပိုး ထမ်းဆောင်နိုင်တဲ့အထိဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုပြပွဲပြုလုပ်ပေးတာ လူငယ်တွေအတွက် ကောင်းမွန်ပါတယ်။ လူငယ်တွေဟာ အခုအချိန်မှာ စာပေ၊ အားကစားနဲ့ အနုပညာတွေကို စိတ်ပါဝင်စားပြီး တစိုက်မတ်မတ် ဆောင်ရွက်မယ်ဆိုရင် လမ်းမှားမရောက်ရှိတော့ဘဲ နိုင်ငံချစ်စိတ်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒီလိုပွဲတော်တွေကို မကြာခဏပြုလုပ်ပေးဖို့နဲ့ လူငယ်နဲ့ပတ်သက်တဲ့ စာပေဝိုင်းတွေကိုလည်း ဆက်လက်ဆောင်ရွက် စေလိုပါတယ်။


ဒေါ်စောနန်းနွယ် (ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန)


ဒီနေ့ပြပွဲမှာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ အစီအစဉ်ငါးမျိုးပါဝင်ပါတယ်။ ကျောင်းသူကျောင်းသား လူငယ်တွေအတွက် ဉာဏ်စမ်းပဟေဠိ ဖြေဆိုတဲ့ ပြကွက်တွေကို ထည့်သွင်းထားပါတယ်။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက် ဦးစီးဌာနမှာ ထိန်းသိမ်းထားတဲ့ မှတ်တမ်းမော်ကွန်းတွေထဲက လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့သမိုင်းတွေ၊ အကြောင်းအရာတွေ၊ ကြေညာစာတမ်းတွေ၊ မှတ်တမ်းမော်ကွန်းတွေ၊ မြန်မာနိုင်ငံရဲ့ခေတ်အဆက် ဆက်အသုံးပြုခဲ့တဲ့ အလံသမိုင်း၊ ၁၉၄၈ ခုနှစ်ကစတင်ပြီး၂၀၂၂ ခုနှစ်အထိ ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးအပ်တဲ့တံဆိပ်တွေ၊ အကြောင်းအရာတွေကို ပြသထားပါတယ်။


မြန်မာ့ အာမခံလုပ်ငန်းအနေနဲ့ ကျောင်းသားလူငယ်များ ဗဟုသုတရရှိစေဖို့ရည်ရွယ်ပြီး မိုဘိုင်း အက်ပလီကေးရှင်းနဲ့ မြန်မာ့အာမခံလုပ်ငန်းက ထုတ်ကုန်တွေကို ဝယ်ယူနိုင်တဲ့အကြောင်း  သရုပ်ပြပေးသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်ဦးစီးဌာနအနေနဲ့ မြန်မာအောင်ဘာလေထီဆု ဖွင့်လှစ်ခြင်းကို သရုပ်ဖော်သွားမှာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဒီလိုပွဲတွေကို ကျင်းပပေးတဲ့အတွက် လူငယ်တွေ စာပေအနုပညာတွေကိုလည်း သိရှိသွားစေတဲ့အပြင် ဗဟုသုတတွေလည်း များစွာရရှိ စေလို့ အလွန်ကောင်းမွန်ပါတယ်လို့ ပြောချင်ပါတယ်။


ဒေါက်တာရွှေဝါဝင်း (ဒုတိယ ညွှန်ကြားရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာန )


ဒီနေ့ပြပွဲအတွက် ကျွန်မတို့ဝန်ကြီးဌာနအနေနဲ့ လာရောက်လေ့လာတဲ့လူငယ်နဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်သာမက တခြား လူကြီးတွေအတွက်ပါ ကျန်းမာရေး အသိပညာကိုရရှိစေပြီး လက်တွေ့ကျင့်သုံးလိုက်နာဆောင်ရွက်ဖို့အတွက် ရည်ရွယ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကလေးတွေအတွက်လိုအပ်တဲ့ အသိပညာပေးဖို့ အချက်အလက်တွေရယ်၊ ပျော်ပွဲရွှင်ပွဲ ဉာဏ်စမ်းကစားပွဲလေးရယ် ပါဝင်ပါတယ်။ လူငယ်တွေအတွက် ဆေးလိပ်၊ အရက်၊ မူးယစ်ဆေး အန္တရာယ်ကြောင့် ဘာတွေဖြစ်လာ နိုင်သလဲဆိုတာကို လူသားကိုယ်တွင်းအင်္ဂါတွေနဲ့ နှိုင်းယှဉ် ပြသသွားမှာ ဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းကျန်းမာရေးမှာ ဆိုရင်ပါဝင်လှုပ်ရှားနိုင်ဖို့ လုပ်ငန်းစဉ်ကိုးရပ်နဲ့ ဆောင်ရွက်နေကြောင်းကိုလည်း သိစေချင်ပါတယ်။ ကျန်းမာသွက်လက် ဉာဏ်ထက်မြက်ဖို့ အာဟာရစုံအောင် စားကြစို့၊ အစာအုပ်စုစုံအောင် စားကြစို့ဆိုပြီး အစာအုပ်စုတွေကို ပြသထားပါတယ်။ လူငယ်တွေ အားလုံး စုစုစည်းစည်းနဲ့ ရောက်လာပြီး သိချင်တဲ့အကြောင်းအရာ တွေကို ကျန်းမာရေးဝန်ကြီးဌာန တင်မကဘဲ ဝန်ကြီးဌာနပေါင်းစုံက လုပ်ကိုင်တဲ့လုပ်ငန်းတွေ၊ စာပေဗဟုသုတတွေ၊ ပြင်ပဗဟုသုတတွေ၊ တကယ်လိုက်နာရမယ့် အလေ့အထတွေအားလုံးကိုပါ လိုက်နာနိုင်တဲ့အတွက် ဒီပြပွဲက အလွန် ကောင်းမွန်ပါတယ်။ အနာဂတ်ကာလအတွက်လည်း အသိပညာတွေ များများရရှိသွားမယ်ဆိုရင် ဘဝအတွက် ပိုမိုကောင်းမွန်မယ်လို့ ယုံကြည်မိပါတယ်။


ဦးလှဦး (ညွှန်ကြားရေးမှူး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန)


သစ်တောဦးစီးဌာနနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနကဆောင်ရွက်ချက်တွေကို ခွဲခြားပြီး ပြသသွားမှာဖြစ်ပါတယ်။ သစ်တော ဦးစီးဌာနအနေနဲ့ သစ်ပင်စိုက်ပျိုး ရေး၊ သစ်တောထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ အသိပညာပေးခြင်း ပြကွက်တွေနဲ့ ပြသသွားမှာ ဖြစ်ပါ တယ်။ သစ်တောဦးစီးဌာနအနေနဲ့ သစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်း ခြင်းလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာကို လူငယ်တွေကို ပြသပညာပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်တွေက သစ်တောသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းတွေမှာ စိတ်ပါဝင်စားစွာနဲ့ လုပ်ဆောင်လာကြမယ်လို့ ထင်ပါတယ်။


ဒီလိုပြပွဲတွေ ကျင်းပပေးတာအလွန်ကောင်းမွန်ပါတယ်။ နောင်အနာဂတ်ကို ဖန်တီးပုံဖော်ကြမယ့် လူငယ်တွေရဲ့လက်ထဲကိုအသိပညာတွေပေးရတာ ကျွန်တော်တို့ ဌာနအနေနဲ့သော်လည်းကောင်း၊ နိုင်ငံအနေနဲ့သော်လည်းကောင်း အလွန်ဝမ်းသာစရာကောင်းတဲ့ လုပ်ရပ်တစ်ခုလို့ ထင်မြင်မိပါတယ်။ သစ်မဟုတ်တဲ့အခြား သစ်တောထွက်ပစ္စည်းတွေနဲ့ လူသုံးကုန်ပစ္စည်းတွေကို မြင်တွေ့ခြင်းအားဖြင့် သစ်သားနဲ့မှမဟုတ်ဘဲ အခြားသစ်တောထွက်ပစ္စည်းတွေကိုလည်း ပြုလုပ်လို့ရတယ်ဆိုတဲ့ အသိလေးရလာပြီး သဘာဝတောကြီးထဲကနေ အဖိုးတန်သစ်တွေ ထုတ်ယူသုံးစွဲမှုကို လျှော့ချ နိုင်မှာဖြစ်တဲ့အတွက် ပျက်စီးပြုန်းတီးမှု လျော့နည်းသွားစေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော့်အနေနဲ့သစ်ပင်စိုက်ပါ၊ သစ်တောတွေကို ထိန်းသိမ်းပါလို့ စကားလက်ဆောင် ပါးချင်ပါတယ်။


ဦးကြာညို (ဒုတိယ ညွှန်ကြားရေးမှူး၊ နေပြည်တော်ပညာရေးမှူးရုံး)


(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ဒီပြပွဲကို ကျောင်းသူ ကျောင်းသားတွေ လာရောက် လေ့လာခွင့်ရတဲ့အတွက် လွတ်လပ်ရေးနေ့ရဲ့ အနှစ် သာရတွေကို ပိုမိုသိရှိစေပါတယ်။ နောက်ပြီး ဝန်ကြီးဌာနပေါင်းစုံက ပြခန်းတွေလည်းပါဝင်တဲ့ အတွက် ဗဟုသုတများစွာရရှိမယ်လို့ ယုံကြည်ပါတယ်။ မျိုးဆက်သစ် တွေအနေနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းရမယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ မျိုးချစ်စိတ်ဓာတ်တွေ တိုးပွားမယ်လို့ ယုံကြည်ပါတယ်။ ဒီပြပွဲကြီးကို ခမ်းခမ်းနားနား နိုင်ငံတော်အဆင့် ကျင်းပပေးတဲ့အတွက်ကြောင့် အလွန်ဝမ်းမြောက်စရာ ကောင်းပါတယ်လို့ပြောချင်ပါတယ်။


ဦးကျော်ဇေယျာမြင့် (ဦးစီးအရာရှိ၊ ပြန်ကြားရေးဝန်ကြီးဌာန)


သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း အနေနဲ့လူငယ်တွေ အင်တာနက် အသုံးပြုမှုများလာတဲ့ နောက်ပိုင်း မှာ စာပေတွေ၊ သတင်းတွေကို ဖုန်းရှိရုံနဲ့ ဖတ်ရှုလို့ရအောင် ရည်ရွယ်ပြီး Myanmar Digital News webportal ကို သိရှိအောင် ပြသထားပါတယ်။ နေ့စဉ်ထုတ် သတင်းစာတွေကိုလည်း လူငယ် တွေဖုန်းကနေတစ်ဆင့် ဖတ်ရှုလို့ရအောင် လာရောက်အသိပေး ပြသခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့ Myanmar Digital News ကို အများစုက သိပြီးသားဖြစ်ပေမယ့် လူငယ်တွေမသိသေးပါဘူး။ ဒါကြောင့် ဒီပြပွဲမှာလူငယ်တွေကို အဓိကထားပြီး Myanmar Digital News ကိုပြသခြင်းဖြစ်ပါတယ်။


ဒီပြပွဲမှာ ခင်းကျင်းပြသထားတာတွေက လူငယ်တွေအတွက် စေတနာထားပြီး ပြုလုပ်ပေးထား တာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပွဲတွေကို အမြဲတမ်းလိုလို ပြုလုပ်သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်း အားဖြင့်လည်း လူငယ်တွေအချင်းချင်း တွေ့ဆုံမယ်။ နောက်ပြီး အနုပညာပြပွဲလည်း ပါဝင်တဲ့အတွက် ဂန္ထဝင်ရုပ်ရှင်ကားတွေ ကြည့်ခွင့်ရမှာ ဖြစ်တဲ့အတွက် လူငယ်တွေအတွက် တော်တော်လေးအကျိုး ရှိပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)