ရေနံချောင်းတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းတက္ကသိုလ် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

 



MNP - ဒီဇင်ဘာ ၁၈


မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းဘွဲ့ရ မောင်မယ်များအား ပထမအကြိမ် ဘွဲ့နှင်းသဘင်ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပါမောက္ခချုပ်နှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင်များ၊ ပါမောက္ခများနှင့် တွဲဖက် ပါမောက္ခများက ဝတ်ရုံများ ဝတ်ဆင်ပြီး ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ပေါ်သို့ ကြွလာချိန်တွင် မြန်မာ့ဆိုင်း တူရိယာအဖွဲ့က “ဝတ်ရုံတော်ဘွဲ့ကြိုး”ကို တီးမှုတ်ပြီး “အမျိုးသားသီးချင်း”ကို ဆက်လက်တီးမှုတ်သည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့ယူသူများအား သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ဘွဲ့အပ်နှင်းရန် ဤတက္ကသိုလ် ဘွဲ့နှင်းသဘင်ကို ကျင်းပခြင်းဖြစ် ကြောင်း ပြောကြားပြီး  မေးခွန်းများ မေးမြန်းခဲ့သည်။


ယင်းနောက် ပါမောက္ခ(ဌာနမှူး)များက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများမှ ဝိဇ္ဇာ/သိပ္ပံဘွဲ့(ဂုဏ်ထူးဘွဲ့)များနှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ ရရှိသူများအား ပါမောက္ခချုပ်ထံသို့ ဘွဲ့နှင်းသဘင် အခမ်းအနား လုပ်ထုံးလုပ်နည်း အစီအစဉ်များနှင့်အညီ ပို့ဆောင်ပေးပြီး ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ဘွဲ့များကို အသီးသီးအပ်နှင်းချီးမြှင့်ခဲ့သည်။


ထို့နောက် ပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် တက္ကသိုလ်ပညာ ရေးအဖွဲ့က သက်ဆိုင်ရာဘွဲ့များနဲ့ ထိုက်တန်တယ်လို့ ကြေညာပြီးဖြစ်တဲ့ ပုဂ္ဂိုလ်များကို ၎င်းတို့နဲ့ သက်ဆိုင်တဲ့ ဘွဲ့များ ခံယူနိုင်ကြစေဖို့ ကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားဖြစ်ကြောင်း၊ ယခုကျင်းပတဲ့ ဘွဲ့နှင်းသဘင်ရဲ့ ထူးခြားချက်ကတော့ ရေနံချောင်းတက္ကသိုလ် နေ့သင်တန်းမှ ၂၀၂၁ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဝိဇ္ဇာ/သိပ္ပံဘွဲ့၊ ဝိဇ္ဇာ/သိပ္ပံဂုဏ်ထူးဘွဲ့နဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ကျင်းပခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာ သင်နှစ် ဝိဇ္ဇာ/သိပ္ပံဂုဏ်ထူးဘွဲ့များကို တစ်ပေါင်းတည်းပေးအပ်နိုင်ခြင်းဖြစ်သလို ရေနံချောင်းတက္ကသိုလ်ရဲ့ ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခွင့်ရတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားလဲဖြစ်ပါကြောင်း၊ ရေနံချောင်း တက္ကသိုလ်အနေနဲ့ ဝိဇ္ဇာ/သိပ္ပံ ဂုဏ်ထူးဘွဲရ မောင်မယ် (၅၀)ဦးနဲ့ ဝိဇ္ဇာ/သိပ္ပံဘွဲ့ရ မောင်မယ် (၂၃၃)ဦး စုစုပေါင်း (၂၈၃)ဦးတို့ကို ပထမဆုံးအကြိမ်အဖြစ် မွေးထုတ်ပေးနိုင်ခဲ့ကြောင်းဖြင့် ပြောကြားသည်။


အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် နေ့သင်တန်းများမှ ဝိဇ္ဇာ/သိပ္ပံဘွဲ့ (ဂုဏ်ထူးဘွဲ့) များနှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ ရရှိသူဘွဲ့ရမောင်မယ် စာရင်းရှိ ၁၆၆ ဦးနှင့် အဝေးရောက် ၇ ဦး စုစုပေါင်း ၁၇၃ ဦးအနက် ၁၆၆ ဦး တက်ရောက်ခဲ့ပြီး ၂၀၂၂ ပညာသင်နှစ် အဝေးသင်သင်တန်း ဝိဇ္ဇာ/သိပ္ပံဘွဲ့များကို ယနေ့တွင် ဘွဲ့နှင်းသဘင်အခမ်းအနား ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)