ဂျပန် - မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းမှ လှူဒါန်းသည့် ဂျပန်ချယ်ရီပန်းပျိုးပင်များ စိုက်ပျိုးသည့် အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန် - မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းမှ လှူဒါန်းသည့် ဂျပန်ချယ်ရီပန်းပျိုးပင်များ စိုက်ပျိုးသည့် အခမ်းအနားကျင်းပ


MNP  -  ဒီဇင်ဘာ ၂၅

ဂျပန် - မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းမှ လှူဒါန်းသည့် ဂျပန်ချယ်ရီပန်းပျိုးပင်များ စိုက်ပျိုးသည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်း၌ ကျင်းပသည်။


အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုးထွဋ်၊ ဦးအေးထွန်းနှင့် ဒေါက်တာ မိုးဇော်ထွန်း၊ တပ်မတော်မှ အရာရှိကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဂျပန်နိုင်ငံအောက် လွှတ်တော်အမတ် Mr.Hiromichi Watanabe ၊ ဂျပန် - မြန်မာယဉ်ကျေးမှု မြှင့်တင်ရေးအသင်း ဥက္ကဋ္ဌ Mr.Fumio Usui နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆို၍ မေတ္တာပွားများပူဇော်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဂျပန် - မြန်မာယဉ်ကျေးမှု မြှင့်တင်ရေးအသင်းက လှူဒါန်းသည့် ဂျပန်ချယ်ရီပန်းပျိုးပင်များကို နေပြည်တော်၏ အထင်ကရနေရာ တစ်နေရာဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်းတွင် စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း။


ကမ္ဘာ့အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ဆစ် ရုပ်ပွားတော် တစ်ဆူဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းတွင် လှူဒါန်းစိုက်ပျိုးခဲ့သည့် ချယ်ရီပန်းပင်များ ရှင်သန်ကြီးထွားလာပြီး ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးသည့်အခါ လာရောက်ဖူးမြော်ကြမည့် ခရီးသွားဧည့်သည်များအတွက် အရိပ်အာဝါသနှင့် စိတ်နှလုံးအေးချမ်းမှုတို့ကို ပေးနိုင်မည်ဟု မျှော်လင့်ကြောင်း၊ ဂျပန်ချယ်ရီပန်းပင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြမည့် မြန်မာလူမျိုးများကိုသာမက ဂျပန် နိုင်ငံသားများနှင့် ကမ္ဘာအနှံ့မှ ခရီးသွားဧည့်သည်များ လေ့လာမြင်တွေ့ခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား အထိမ်းအမှတ် တစ်ခုအဖြစ်တည်ရှိနေမည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ အနေဖြင့် ဂျပန်နိုင်ငံ အစိုးရနှင့် ဂျပန်ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုများကို အလေးထားပါကြောင်းနှင့်ဂျပန်ချယ်ရီပန်းပင်များ စိုက်ပျိုးခြင်းမှသည် နောင်အနာဂတ်ကာလတွင် မြန်မာ - ဂျပန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ အဓွန့်ရှည်တည်တံ့ခိုင်မြဲ တိုးတက်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Mr.Hiromichi Watanabe က အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဂျပန်နိုင်ငံအောက် လွှတ်တော်အမတ် Mr.Hiromichi Watanabe ၊ ဂျပန် - မြန်မာယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ Mr.Fumio Usui နှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာများအလိုက် ဂျပန်ချယ်ရီပန်း ပျိုးပင်များကို စိုက်ပျိုးကြပြီး မြေဆီ၊ မြေဩဇာများ ကျွေး၍ ရေစင်ရေသန့်များဖြင့် သွန်းလောင်းပေးကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဂျပန်နိုင်ငံအောက် လွှတ်တော်အမတ် Mr.Hiromichi Watanabe တို့နှင့်အတူ အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက် ပူဇော်နေမှု အခြေအနေများကို လှည့်လည်လေ့လာကြည့်ရှုကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)