မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ (၂၁)ကြိမ်မြောက် တိရစ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်လက်မှတ်အပ်နှင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ (၂၁)ကြိမ်မြောက် တိရစ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်လက်မှတ်အပ်နှင်း


MNP  -  ဒီဇင်ဘာ ၂၅

မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ (၂၁) ကြိမ်မြောက် တိရစ္ဆာန်ဆေးကုဆရာဝန် မှတ်ပုံတင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ရေဆင်းမွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ရွှေရတုဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ ခေတ္တ ဥက္ကဋ္ဌနှင့် ကောင်စီဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် ကျောင်းသား ကျောင်းသူ မိဘများ စုံညီစွာ တက်ရောက်ကြသည်။


ဦးစွာ ဒုတိယဝန်ကြီးက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သည့် မွေးမြူရေးနှင့် ကုသရေးပညာရှင်များသည် နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အခြေခံအကျဆုံး လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ တစ်ခုတည်းသော ကျန်းမာရေး (One Health) ကို အထောက်အပံ့ဖြစ်စေသည့် တိရစ္ဆာန်ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ကျန်းမာရေးများ ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်ပေးခြင်း လုပ်ငန်းများ၌ ခေါင်းဆောင်မှုနေရာက ပါဝင်ကြရမည့်သူများဖြစ်သည့်အတွက် ဘွဲ့ရမောင်မယ်များအားလုံး နိုင်ငံနှင့်လူမျိုးအတွက် အားကိုးအားထား ပြုထိုက်သော ကျင့်ဝတ်လိုက်နာသည့် မွေးမြူရေးနှင့်ကုသရေး ပညာရှင်များဖြစ်ရန် ကြိုးစားဆောင်ရွက် ကြစေလိုကြောင်း မှာကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီခေတ္တဥက္ကဋ္ဌ ဒေါက်တာခင်ဇော်နှင့် ကောင်စီဝင်များက တိရစ္ဆာန်ဆေးကု ဆရာဝန်မှတ်ပုံတင်လက်မှတ် များကိုအပ်နှင်းပြီး မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီခေတ္တဥက္ကဋ္ဌက မိန့်ခွန်းပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ ခေတ္တဥက္ကဋ္ဌနှင့် ကောင်စီဝင်များနှင့်တွေ့ဆုံ၍ ယနေ့ခေတ်တွင် ဆေးယဉ်ပါးမှုပြဿနာသည် လူအပါအဝင် သက်ရှိသတ္တဝါများအတွက် အလွန်အရေးကြီးသော ပြဿနာတစ်ခုဖြစ်လာသောကြောင့် လယ်ယာသားငါးထုတ်ကုန်များ ထုတ်လုပ်ရာတွင် ပဋိဇီဝဆေးဓာတ်ကြွင်းများ ပါဝင်မှုကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးကို သတိမူဆောင်ရွက်ရမည့် ဖြစ်သည့်အတွက် မြန်မာနိုင်ငံ တိရစ္ဆာန် ဆေးပညာကောင်စီအနေဖြင့် ဥပဒေစည်းမျဉ်း စည်းကမ်းများကို ခေတ်နှင့်လိုက်လျောညီထွေစွာ ရေးဆွဲကြစေလိုကြောင်းမှာကြားပြီး တက်ရောက်လာသည့် မြန်မာနိုင်ငံတိရစ္ဆာန် ဆေးပညာကောင်စီခေတ္တဥက္ကဋ္ဌနှင့် ကောင်စီဝင်များမှ ဆွေးနွေးတင်ပြချက်များကို ဒုတိယဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ရေးဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်သော သီးနှံပုံစံအတွဲများ စမ်းသပ်စံပြ ၂၄ ဧက စိုက်ခင်းသို့ရောက်ရှိပြီး ညွှန်ကြားရေးမှူးချုပ်က ရေ၊ မြေနှင့် သွင်းအားစုများ စနစ်တကျ အကျိုးရှိစွာ အသုံးချနိုင်မှုကို သီးနှံပုံစံများအလိုက် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ မိုးကြိုစပါး ပြည်တော်ရင်မျိုးကို သားတက်ဆင့်ပွား နည်းပညာဖြင့် စိုက်ပျိုးထားသည့် စပါးလမိုင်းစိုက်ခင်းကိုလည်းကောင်း၊ ဖူးစားပြောင်းစိုက်ခင်းကိုလည်းကောင်း၊ မွေးမြူရေးသုတေသနဦးစီးဌာန ရုံးမြေနေရာ ရွေးချယ် ထားသည့် လျာထားမြေနေရာများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)