စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ကန်တော့ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ကန်တော့ပွဲကျင်းပ




MNP ၊ ဒီဇင်ဘာ ၁၈

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် စာဆိုတော်နေ့အထိမ်းအမှတ် သက်ကြီးစာပေပညာရှင်များအား ကန်တော့ပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)နှင့် အဖွဲ့ဝင်များ၊ ကန်တော့ခံ သက်ကြီးစာပေပညာရှင်များနှင့် စာရေးဆရာ၊ ဆရာမကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။


အခမ်းအနားတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သက်ကြီးစာပေပညာရှင် ပူဇော်ကန်တော့ပွဲအတွက် လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်း က ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လှူဒါန်းသည့် ငွေကျပ် ၂၄ သိန်း ၇ သောင်းကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က လက်ခံရယူသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သက်ကြီးစာပေပညာရှင်များအား ကန်တော့ပွဲ အခမ်းအနားကို ၁၉၈၀ ပြည့်နှစ်မှစတင်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူးပြီး ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၃၅)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ ၁၉၈၀ ပြည့်နှစ် တွင် သက်ကြီးစာပေပညာရှင် ၁၀ ဦးခန့်ရှိခဲ့ရာမှ ၁၉၉၆ ခုနှစ်မှ ယနေ့အချိန်အထိ သက်ကြီးစာပေ ပညာရှင်၂၄၇ ဦးခန့် ရှိပြီဖြစ်ပါကြောင်း။


စာပေမြင့်မှ လူမျိုးတင့်မည်ဆိုစကားနှင့်အညီ စာပေပညာရှင်များသည် မိမိတို့၏ ကျေးဇူးရှင်များ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် ဇနီးကလည်းသက်ကြီး စာပေပညာရှင်များကို လေးစား တန်ဖိုးထားမှုဖြင့်တစ်ဦးချင်းအလိုက် လှူဒါန်းပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်ကို ဖြည့်စွက်ပြောကြားလိုပါကြောင်း၊ စာပေဗိမာန် နှစ်ပတ်လည်နေ့ကလည်း စာရေးဆရာကြီးများကို ထိုက်တန်စွာချီးမြှင့်ခဲ့သည့် နည်းတူ ၂၀၂၀ ပြည့်နှစ် အမျိုးသား စာပေဆုနှင့် ၂၀၂၁ ခုနှစ် အမျိုး သားစာပေဆု၊ အမျိုးသားစာပေ တစ်သက်တာ စာပေဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ပါကြောင်း။


ယနေ့တွင် စာပေပညာရှင်များကို ဂုဏ်ပြုသောအားဖြင့် စာပေဗိမာန်ထက် ပိုမိုမြင့်မားသော စာဆိုဗိမာန်ကို တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေပညာရှင်များကို စိစစ်၍ ဘွဲ့ထူး၊ ဂုဏ်ထူးများကို ချီးမြှင့်လျက်ရှိပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် စာပေပညာရှင်ကြီးများကို အလေးထားသောအားဖြင့်ဘွဲ့ထူး၊ ဂုဏ်ထူးများကို ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း၊ ရိုသေလေးစားရပါသော ဆရာကြီး၊ ဆရာမကြီး များ အသက်ရာကျော်တိုင် ကလောင်ကိုင်စွဲ၍ တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်ကြပါစေကြောင်း ပြောကြားသည်။


ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ၁၉၄၄ ခုနှစ်တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်းကို စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ယနေ့အထိသက်ကြီး စာပေပညာရှင် ကန်တော့ခံ ၂၄၇ ဦးရှိပြီး နိုင်ငံ့အကျိုး၊ ပြည့်အကျိုးကို သယ်ပိုးလျက် သက်ရှည်ကျန်းမာ၍ ကိုယ်စိတ်နှစ်ဖြာ လန်းဖြာကြပါစေကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က သက်ကြီးစာပေပညာရှင်များအား ယခင်နှစ်များနှင့်မတူ လှူဒါန်းကန်တော့နိုင်မှုကြောင့် နိုင်ငံတော်အကြီးအကဲနှင့် တကွ အလှူရှင်များကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို စာပေခွန်အား၊ အနုပညာခွန်အားဖြင့် ဝိုင်းဝန်းကူညီရမည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ နိုင်ငံ့အရေးသည် နိုင်ငံသူနိုင်ငံသားအားလုံးပါဝင် ဆောင်ရွက်ရမည့် အရေးဖြစ်ပြီး နိုင်ငံတော် အေးချမ်းသာယာရေး၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေပညာ ရှင်များအနေဖြင့် ကလောင်သွားဖြင့် စာပေတန်ဆောင်မီးရှူး တန်ဆောင်အဖြစ် လမ်းပြသွားရ မည်ဖြစ်ပါကြောင်း၊လူငယ်များ၏ အတွေးအခေါ်များ မှန်ကန်သော လမ်းကြောင်းပေါ်တွင်လျှောက် လှမ်းနိုင်ရန်စာပေပညာရှင်များကလည်း တစ်ဖန်ပြန်လည် အကျိုးပြုစေလိုပါကြောင်းပြော ကြားသည်။


ထို့နောက် မြန်မာနိုင်ငံစာရေး ဆရာအသင်း၊ ဘဏ္ဍာငွေရှာဖွေရေး လုပ်ငန်းကော်မတီမှ ဦးမျိုးထွန်း (မောင်စိမ်းနောင် - လယ်ဝေး)က အလှူရှင်များစာရင်းကို ဖတ်ကြားသည်။


ယင်းနောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကန်တော့ခံသက်ကြီး စာပေပညာရှင်ကြီးများအား ကန်တော့ချိုးဖြင့် လက်အုပ်ချီ ကန်တော့ကြပြီး(ဝဲပုံ) တက်ရောက်လာကြသော ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီး ၁၂၀ အား ကန်တော့ခံပစ္စည်းများ၊ ဂါရဝပြုဂုဏ်ပြုငွေများ ပေးအပ် ချီးမြှင့်ကြသည်။


ထို့နောက် ကန်တော့ခံသက်ကြီးစာပေပညာရှင်ကြီးများကိုယ်စား စာရေးဆရာကြီး တက္ကသိုလ်မြတ်သူက ဩဝါဒစကား ပြောကြားခဲ့သည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံ၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ သဝဏ်လွှာများ ပုံနှိပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ရွေးချယ်ရေးအဖွဲ့ဝင်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ပြီး စာပေပညာရှင် ကြီးများအနေဖြင့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူငယ်များ ပါဝင်လာစေရန်အတွက် လူငယ်နှင့် ပြည်သူများ ကြိုက်နှစ်သက် သည့် စိတ်ဝင်စားဖွယ် ပြည်သူ့ အကျိုးပြုစာပေများယခုထက် ပိုမိုကောင်းမွန်စွာရေးသားထုတ်ဝေနိုင်ရေး အလေးထား ဆောင်ရွက်ပေးရန် မှာကြားကာ စာပေပညာရှင်ကြီးများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)