ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ညှိနှိုင်းအစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကျင်းပ



MNP  -  ဒီဇင်ဘာ ၂၇

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂)လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။   


ရှေးဦးစွာ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် မိမိတို့ညှိနှိုင်းပေါင်းစပ်ရေးကော်မတီအပါအဝင် လုပ်ငန်းကော်မတီလေးခု၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လက်ရှိဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကို အပြီးသတ်ဆောင်ရွက်နိုင်ရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်ကောင်းမွန် ထိရောက်သည့်ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက်ဆောင်ရွက်ရေးနှင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ယနေ့ညှိနှိုင်းအစည်းအဝေးမှရရှိလာသည့် ကောင်းမွန်သည့် သုံးသပ်အကြံပြုချက်များအပေါ်အခြေခံ၍ အကျိုးရှိထိရောက်သည့် ဆုံးဖြတ်ချက်များကို တစ်ပါတည်းချမှတ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ဒုတိယဥက္ကဋ္ဌ (၁)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂)ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြန်လည်ဝင်ရောက်လာသူများကို လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။


ဆက်လက်၍ လူဦးရေစိစစ်မှုကဏ္ဍ၊ ပြန်လည်လက်ခံရေးဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများကဏ္ဍ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်မှုကဏ္ဍ၊ လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ(HARWC) ၏ ရန်ပုံငွေရှင်းလင်းမှုကဏ္ဍ၊ လုံခြုံရေးကဏ္ဍများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများက ကဏ္ဍများအလိုက်ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးကြသည်။


ထို့နောက် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများကတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)