(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ




MNP ၊ ဒီဇင်ဘာ ၁၈

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါဆေးရုံ၌ ကျင်းပသည်။


ဆေးရုံ ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကြည်ခိုင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေ၊ တာဝန်ရှိသူများ၊ ဆေးရုံအထောက်အကူပြု အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။


ရှေးဦးစွာ ဆေးကုသဆောင်သစ်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆေးကုသဆောင်သစ် ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည် ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ဆက်လက်၍ အထူးကြပ်မတ် ကုသခန်းများတွင် ခေတ်မီစက်ကိရိယာများ ပြင်ဆင်ထားရှိမှု၊ သွေးဘဏ်နှင့် သွေးလှူခန်း၊ ဓာတ်ခွဲခန်းများတွင် ခေတ်မီစက်ကိရိယာများ အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ ခေတ်မီခွဲစိတ်ခန်းများတွင် ခေတ်မီစက်ကိရိယာများ တပ်ဆင်ထားရှိမှုနှင့် ခန္ဓာကိုယ်တွင်းကြည့် မှန်ပြောင်းများ ပြင်ဆင်ထားရှိမှုများ၊ သားဖွား/မီးယပ် ကုသဆောင်တွင် သားဖွားခန်းများနှင့်မီးဖွားပြီး လူနာခန်းများ ပြင်ဆင်ထားရှိမှုများ၊ ကလေးကုသဆောင်တွင် ကလေးများစိတ်ချမ်းမြေ့ပျော်ရွှင်စွာဖြင့် ဆေးကုသမှုခံယူနိုင်ရန် ကလေးအထူးကုသဆောင်နှင့် မွေးကင်းစကလေး ကြပ်မတ်ကုသဆောင် ပြင်ဆင်ထားရှိမှုများ၊ သီးသန့်လူနာခန်းများ၊ သံဃာတော်များအတွက် သီးသန့်ခန်းများ၊ ကွန်ပျူတာဓာတ်မှန်ခန်း၊ ဒစ်ဂျစ်တယ်ဓာတ်မှန်ခန်း၊ Ultrasound အခန်းများနှင့် အရေးပေါ် ဌာနတို့ကိုလည်းကောင်း၊ မသန်စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။


ထို့နောက် ဒုတိယထပ်ရှိ Multifunction Hall ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ် ကုသဆောင်သစ်ကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ်နိုင်ခြင်းကြောင့် မင်္ဂလာရှိပြီး အမျိုးသားရေးအနှစ်သာရပါ ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက် (၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက် တစ်ရပ်အဖြစ်ချမှတ်ကာ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများတိုးတက်ကောင်း မွန်လာစေရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းနှင့် စတုတ္ထလှိုင်းကာလအတွင်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုမိတ်ဆွေနိုင်ငံများ၏ အကူအညီ များ၊ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများ၏ ပူးပေါင်းစွမ်းအားကြောင့် အခက်အခဲများကြားမှ ကျော်လွှားကာ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည့် အခြေအနေဖြစ်သဖြင့် ‌ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိခြင်းနှင့် နောင်ဖြစ်ပေါ်နိုင်သည့် ကပ်ရောဂါများအတွက် ကြိုတင်ကာကွယ်ခြင်း၊ ကုသရေးလုပ်ငန်းများအတွက် ပြည်သူ့ဆေးရုံများ၌ အသင့်ပြင်ဆင်ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ထားရှိမှသာ လုပ်ငန်းများအရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးတက်အောင် ‌ဆောင်ရွက်ရာတွင် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုများ၊ ကူးစက်နိုင်သောရောဂါများနှင့် မကူးစက်နိုင်သောရောဂါများ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကုသရေးလုပ်ငန်းများကို လူဦးရေလွှမ်းခြုံမှုပိုမိုကောင်းမွန်လာအောင် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ကုသမှုဘာသာရပ်များ တိုးတက်လာအောင် ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကုသမှုအရည်အသွေး ကောင်းမွန်ရေးအတွက် ဆေးနှင့်ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ဆေးရုံအဆောက်အဦများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဆေးရုံအဆောက်အဦသစ်များ ဆောက်လုပ်ပေးခြင်းတို့ကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း။


ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာမှာလူနာများ စိတ်အေးချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရန်နှင့် ကုသမှုအရည်အသွေး မြင့်မားလာစေရေးမှာ အထောက်အကူဖြစ်စေရန် အဆောက်အဦသစ်များ ဖြည့်ဆည်းရာတွင် အဆောက်အဦ အရည်အသွေးကောင်းမွန်စေရေနှင့် နိုင်ငံတကာအဆင့်မီ အဆောက်အဦ ဖြစ်စေရေးတို့ကိုပါ အလေးထားဆောင်ရွက်နေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူဆောင် ရွက်စဉ်ကာလအတွင်း ဟင်္သာတမြို့၊ ဘားအံမြို့၊ မကွေးမြို့၊ မုံရွာမြို့၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကု ဆေးရုံကြီးတို့တွင် တိုးချဲ့အဆောက် အဦများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါကြောင်း။


ယနေ့ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့၌ ဖွင့်လှစ်သည့် ကိုးထပ်ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဘီလီယံ ကျော် (ကျပ် ၂၂၂၉၅ ဒသမ ၇၈ သန်း)ကို အသုံးပြုကာ တည် ဆောက်ခဲ့ပြီး မြေဧရိယာဧက ၂ ဒသမ ၂၃ ဧကပေါ်တွင် တည် ဆောက်ထားသော အဆောက်အဦ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးဖြစ်ပြီး စိုက်ပျိုးရေးအတွက် အဓိကအားထားရာ တိုင်းဒေသကြီးဖြစ်သည့်အပြင် လုပ်ငန်းဆောင်ရွက်မှု နယ်ပယ်အသီးသီးမှာလည်း နိုင်ငံ့ဂုဏ်ဆောင် တိုင်းဒေသကြီးဖြစ်ကာ ပုသိမ်မြို့သည် ပြည်တွင်း/ပြည်ပ ခရီးသွားများအများအပြား လည်ပတ်သွားလာနိုင်သည့် အဓိကကျသည့်နေရာတွင် တည်ရှိနေခြင်းကြောင့် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ကိုအထူးကုဌာနများ တိုးချဲ့ဖွဲ့စည်းနိုင်မည့် ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးအဖြစ် ဖွင့်လှစ်ထားရှိကာ ဆေးကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူနာများ လွှဲပြောင်းကုသရာ ဆေးရုံကြီးဖြစ်သဖြင့် ယခုကဲ့သို့ အဆင့်မြင့် ကုသဆောင်ကြီးဖွင့်လှစ် နိုင်ခြင်းဖြင့် တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် လာရောက် ဆေးကုသမှုခံယူသည့် လူနာများပါ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်အတွက် ရရှိသင့်သည့် လက်တွေ့ သင်ကြားလေ့ကျင့်မှုများ၊ သင်တန်း များ ဆောင်ရွက်နိုင်ရန်လည်း ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း၊


ယခု ကိုးထပ်ကုသဆောင်သစ်ကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လာရောက်ကြည့်ရှု၍ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ အရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန်၊ အရေးပေါ်ကိစ္စရပ်များအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်နှင့် လူနာများစိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်စေရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစား၍ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ရာ မှာကြားချက်များနှင့်အညီ ဆောက်လုပ် ပြီးစီးခဲ့သည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနအသီးသီးမှပံ့ပိုးကူညီကြသူများ အားလုံးနှင့် မြို့မိမြို့ဖများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအကျိုးအတွက် လုပ်ငန်းယန္တရား လည်ပတ်ဆောင်ရွက်ရာတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ပေးကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာမှာ ကျန်းမာရေး ဝန်ထမ်းများအတွက်လည်း ဝန်ထမ်းအိမ်ရာအသစ်များ ဆောက်လုပ်ခြင်း၊ ပြုပြင်ပေးခြင်း၊ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးစေလွှတ်ခြင်း၊ ပညာသင် စေလွှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကျန်းမာရေး ဝန်ထမ်းများနှင့် ပတ်သက်၍ ရရှိသည့်ဘွဲ့အလိုက် ပညာရှင်ဘွဲ့ ချီးမြှင့်ငွေချီးမြှင့်ခြင်း၊ ဝတ်စုံစရိတ် ချီးမြှင့်ခြင်း၊ ညတာဝန်ကျ ဝန်ထမ်းများအတွက် ညစာစားစရိတ် ထောက်ပံ့ခြင်းများ အပါအဝင် အခြားသောထောက်ပံ့မှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့် ဆေးကုသဆောင်သစ်ကြီးကို ဖွင့်လှစ်နိုင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများအတွက်လည်း ဆေးပညာရပ်ဆိုင်ရာ လေ့ကျင့် သင်ကြားမှုများကို ပိုမိုဆောင်ရွက် လာနိုင်မည်ဖြစ်သည့်အတွက် ရရှိလာသည့် အခွင့်အရေးကောင်းများကို အသုံးပြုကာ မိမိတို့၏ဆေးကုသမှု အရည်အသွေး တိုးတက်လာစေရေးနှင့် ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုတိုးတက်လာစေရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကာ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာကျန်းမာကြံ့ခိုင်၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်သည်ထက် တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။


ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းဝေးရေးတို့ကိုအောင်မြင်စေရန် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများနှင့် ကုသရေး လုပ်ငန်းများကို အားဖြည့်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆောက်လုပ်သည့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ်ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ခရီးစဉ် လမ်းညွှန်ချက်နှင့်အညီ လူနာများစိတ်အေးချမ်းသာစွာဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် တည်ဆောက်ထားပါကြောင်း၊ တစ်နိုင်ငံလုံးတွင် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ဆေးရုံပေါင်း ၁၁၇၈ ရုံရှိပြီး ဧရာဝတီတိုင်းဒေသကြီးတွင်ဆေးရုံ ၁၃၃ ရုံ ခွင့်ပြုထားရှိကာ ဆေးရုံများအားလုံး လည်ပတ်ဆောင်ရွက်လျက်ရှိပြီး တစ်နေ့ပျမ်းမျှအတွင်း လူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း။


ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့တွင် ၂၀၂၂ ခုနှစ်အတွင်းအတွင်း လူနာပေါင်း ၇၀၀၀၀ ကျော်နှင့် ပြင်ပလူနာပေါင်း ၆၀၀၀၀ ကျော်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့တွင် အထူးကုသမားတော်ကြီးများ စုံလင်စွာဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် လိုအပ်သည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးခြင်း၊ ကျွမ်းကျင်မှုသင်တန်းများပို့ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီးရေရှည်တွင် ပိုမိုစုံလင်သည့်အထူးကု ဆေးပညာဘာသာရပ်များဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် ဆေးရုံကြီးဖြစ်အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဆေးရုံကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် မြို့မိမြို့ဖများနှင့် ကျန်းမာရေးဝန်ထမ်းများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။


ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ဆောက်ရေးဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အဆောက်အဦဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းစိုးက ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။


ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်က ကျေးဇူးတင်စကား ပြောကြားရာတွင် ယခုတိုးချဲ့ကုသဆောင်သစ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်စေရေး၊ ဆေးရုံသန့်ရှင်းသာယာ လှပစေရေး၊ သံဃာတော်များ စိတ်ချမ်းသာစွာဖြင့် ဆေးကုသမှုခံယူရေးအတွက် အထူးသီးသန့်ခန်းများကို ဘက်စုံထောင့်စုံမှ ထည့်သွင်းဆောက်လုပ်ထားပါကြောင်း ပြောကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်တို့က တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်၍ အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)