မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးငွေစက္ကူများထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာအခြေအနေများ ဆွေးနွေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးငွေစက္ကူများထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာအခြေအနေများ ဆွေးနွေးပွဲအခမ်းအနားကျင်းပ



MNP  -  ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးငွေစက္ကူများထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာအခြေအနေများ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘဏ်များမှအမှုဆောင်အရာရှိချုပ်များ၊ အထွေထွေမန်နေဂျာများနှင့် ငွေကြေးဌာနတာဝန်ခံများ တက်ရောက်ကြသည်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသုံးငွေစက္ကူများကို တစ်ဦးတည်းထုတ်ဝေသူအဖြစ်ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကိုဆောင်ရွက်လျက်ရှိရာ ပြည်သူများသန့်ရှင်းကောင်းမွန်ပြီး လုံခြုံမှုအဆင့်အတန်းမြင့်မားသော ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပြည်တွင်းသုံးငွေစက္ကူများနှင့်ပတ်သက်၍ ငွေစက္ကူအတု/အစစ်ခွဲခြားစစ်ဆေးရန်ကိစ္စရပ်များ၊ ဟောင်းနွမ်းငွေစက္ကူများ လျော့နည်းပပျောက်စေရန်ကိစ္စရပ်များ စသည့်အကြောင်းအရာများကို ဆွေးနွေးမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသူများ အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်ပါကြောင်း၊ ဘဏ်များကအများပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆက်ဆံနေရသည့်အတွက် ယနေ့ဆွေးနွေးချက်များကို မိမိတို့၏လက်အောက်ဝန်ထမ်းများကို လက်ဆင့်ကမ်းဖြန့်ဝေပေးပြီးထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ငွေကြေးစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က ပြည်တွင်းသုံးငွေ ထုတ်ဝေခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပါပြဋ္ဌာန်းချက်များ၊ တရားဝင်လှည့်လည်သုံးစွဲလျက်ရှိသော ငွေစက္ကူအမျိုးအစားများ၊ ငွေစက္ကူအတုနှင့်ပတ်သက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပါတားမြစ်ချက်နှင့် ပြစ်ဒဏ်များ၊ ငွေစက္ကူများ၏ သိသာထင်ရှားသော သွင်ပြင်လက္ခဏာများကို အများပြည်သူနှင့်ဘဏ်များသို့ အသိပေးဆောင်ရွက်နေမှု၊ ငွေစက္ကူအတုတွေ့ရှိပါက ဘဏ်များမှလိုက်နာဆောင်ရွက်ရန်အချက်များ၊ ငွေစက္ကူအစစ်နှင့်အတုအား အလွယ်တကူခွဲခြားစစ်ဆေးနိုင်သည့်အချက်များ၊ အများပြည်သူအတွင်း လှည့်လည်သုံးစွဲနေသောငွေစက္ကူများ သစ်လွင်သန့်ရှင်းမှုရှိစေရေးအတွက် ဟောင်းနွမ်း/စုတ်ပြဲ/ချွတ်ယွင်း ငွေစက္ကူများကို လက်ခံလဲလှယ်ပေးရန်ကိစ္စရပ်များကို ဆွေးနွေးသည်။


ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး စိုးနိုင်က ငွေစက္ကူအတုနှင့်ပတ်သက်၍ အတုပြုလုပ်ရောင်းဝယ်ကြသည့်အပေါ် ဖမ်းဆီးရမိမှု၊ ငွေစက္ကူအတုများ ရောင်းဝယ်ဖောက်ကားရန် လိမ်လည်မှုပြုကြသည့်အခြေအနေများ စုံစမ်းစစ်ဆေးအရေးယူမှုကို ရှင်းလင်းဆွေးနွေးတင်ပြသည်။


တက်ရောက်လာသော နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက ပြည်သူများ၏ ပေးသွင်းငွေများအပေါ် စိစစ်ဆောင်ရွက်နေမှု၊ ငွေစက္ကူအတုနှင့်ပတ်သက်၍ အသိပေးဆောင်ရွက်နေမှု၊ ငွေစက္ကူအတုတွေ့ရှိပါက ငွေစက္ကူအတုနှင့်တကွ အချက်အလက်များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့အပ်နှံဆောင်ရွက်နေမှုအခြေအနေများ၊ ဗဟိုဘဏ်၏ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြပြီး ယနေ့ဆွေးနွေးပွဲမှ သိရှိလာသောအချက်အလက်များကို မိမိတို့ဘဏ်များအလိုက်ဝန်ထမ်းများကို အသိပညာဗဟုသုတဖြန့်ဝေခြင်း (Knowledge Sharing)များ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။


ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များက ဘဏ်လုပ်ငန်းဆောင်ရွက်ချက်များအပေါ် လိုအပ်သည် များကို အကြုံပြုဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က ဆွေးနွေးပွဲနှင့်ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)