လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် သူနာပြုတက္ကသိုလ်(ရန်ကုန်)၌ လူငယ်စကားဝိုင်းကျင်းပ


MNP  -   ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊‌ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်ရှိ သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သူနာပြုတက္ကသိုလ်(ရန်ကုန်)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်) ပင်မခန်းမ၌ ကျင်းပပြုလုပ်သည်။


ဦးစွာသူနာပြုတက္ကသိုလ်(ရန်ကုန်)မှ ပါမောက္ခချုပ်‌ပါမောက္ခ ဒေါက်တာ တင်တင်ကျော်က အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း ကလူငယ်စကား ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းရင်နှီးချစ်ခင်မှုများ တိုးပွားလာပြီး ယဉ်ကျေးလိမ္မာစွာပြောဆို ဆက်ဆံတတ်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် သူနာပြုတက္ကသိုလ် (ရန်ကုန်)မှ ကထိက ဒေါ်အိအိ‌ဆွေတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်သူ(၆)ဦးတို့က လူငယ်နှင့် ပညာရေး၊  လူငယ်နှင့် အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အလုပ်အကိုင်၊ အစရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။


ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင် ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။


ထိုနောက် သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်‌ပါမောက္ခဒေါက်တာ တင်တင်ကျော်နှင့် ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းတို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများ ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။


အဆိုပါ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစု‌‌ပေါင်း(၅၀၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ် စာစောင်နှင့် စာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု‌‌လေ့လာကြ‌ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)