ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ



MNP  -  ဒီဇင်ဘာ ၂၇

ခရီးသွားလုပ်ငန်းသုတေသနစင်တာလက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် သုတေသနနည်းလမ်းများအသုံးချခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ယင်းစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁) ခေါင်းစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာတွင် နေပြည်တော်၌ ကျင်းပခဲ့သော(၁၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေးမှ စတင်ပေါ်ပေါက်လာခဲ့ပြီး ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် ဆန်းယမြို့၌ကျင်းပခဲ့သော ပထမအကြိမ် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေး၌ တရားဝင်စတင်ထူထောင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင်ကျင်းပခဲ့သော ဒုတိယအကြိမ်လန်ချန်း-မဲခေါင် ထိပ်သီးအစည်းအဝေး(၅) နှစ်တာလုပ်ငန်းအစီအစဉ်အရ ခရီးသွားလုပ်ငန်းအပါအဝင်ကဏ္ဍ ၁၀ ခုသတ်မှတ်ခဲ့ကြောင်း။


မြန်မာနိုင်ငံအနေနှင့် မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေကို ၂၀၁၇ ခုနှစ်တွင် စတင်ရရှိခဲ့ပြီး အကောင်အထည်ဖော်သော စီမံကိန်းပေါင်း ၉၂ ခုရှိကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ခရီးသွားလုပ်ငန်းသုတေသနစင်တာစီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းသည် မြန်မာနိုင်ငံရှိခရီးသွားလုပ်ငန်းအတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ခရီးသွားလုပ်ငန်းစျေးကွက်၏ ဝယ်လိုအားနှင့်ရောင်းလိုအားကို အချက်အလက်များနှင့် ကိန်းဂဏန်းများဖြင့်ဖော်ထုတ်ရန်၊ ခရီးသွားလုပ်ငန်းထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစီအစဉ်များနှင့် မဟာဗျူဟာများချမှတ်နိုင်ရန်၊ ခရီးသွားစျေးကွက်ရှာဖွေနိုင်ရေးစဉ်ဆက် မပြတ်သုတေသနလုပ်ငန်းများဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် နှစ်အလိုက် စီမံချက်များကို ပံ့ပိုးကူညီရန်ရည်ရွယ်ပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာသုတေသနလုပ်ငန်းများ ဆောင်ရွက်မည့်စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ယင်းစီမံကိန်းမှ ထွက်ပေါ်လာမည့် အကျိုးရလဒ်များကို ခရီးသွားလုပ်ငန်းနယ်ပယ်တွင် လုပ်ကိုင်ဆောင်ရွက်နေကြသူများသာမက ခရီးသွားလုပ်ငန်းဆိုင်ရာပညာရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူလူထုများအတွက်ပါ အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ကြောင်း။


ခရီးသွားလုပ်ငန်းတွင် ဒေသခံတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆင့်ပွားအကျိုး သက်ရောက်မှုရှိသောလုပ်ငန်းဖြစ်သည့်အတွက် ကိန်းဂဏန်းနှင့်အချက်အလက်များ တိကျခိုင်မာမှုရှိမှသာ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ ထိရောက်သောအစီအမံများ ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတွက် ယခုသုတေသနလက်စွဲ စာအုပ်ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့်ရေးသားပြုစုပြီး ထုတ်ဝေသွားရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။


နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ခုအဖြစ် သုတေသနနည်းလမ်းများအပေါ် အသုံးပြုနည်းသင်တန်းကိုလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနေရာသုံးနေရာ၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား ကျောင်းသူများဖြင့် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအနေဖြင့် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကြိုးစားသင်ယူကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ သုတေသနပညာရှင်အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းက ခရီးသွားလုပ်ငန်း သုတေသနစင်တာလက်စွဲစာအုပ်ကို ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ပြီး လက်စွဲစာအုပ်ပါအကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသူများကို သုတေသနလက်စွဲစာအုပ်များ မိတ်ဆက်လက်ဆောင်ပေးအပ်သည်။


၂၀၁၈ ခုနှစ် မဲခေါင်-လန်ချန်း ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး၏ ဆန်းယကြေညာချက်မှအစပြု၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ ပေါ်ပေါက်လာချိန်တွင် မြန်မာနိုင်ငံအတွက်ထိရောက်သော ကူညီထောက်ပံ့မှုများကို တရုတ်နိုင်ငံမှ ပံ့ပိုးပေးလျက်ရှိရာမဲခေါင်-လန်ချန်းအထူးရန်ပုံငွေ၏ စီမံကိန်းများအနက်တစ်ခုဖြစ်သော ခရီးသွားလုပ်ငန်းသုတေသနစင်တာ ထူထောင်ရေးအစီအစဉ်အရ စီမံကိန်းရည်မှန်းချက်များနှင့်အညီ ခရီးသွားလုပ်ငန်းသုတေသနစင်တာ လက်စွဲစာအုပ် မိတ်ဆက်ထုတ်ဝေခြင်းနှင့် သုတေသနနည်းလမ်းများအသုံးချခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)