“နိုင်ငံတော် သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“နိုင်ငံတော် သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား






MNP ၊ ဒီဇင်ဘာ - ၂၁

မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အဆိုပါရုံးနေရာ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။


အခမ်းအနားသို့ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စု ဝန်ကြီးများ၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားသို့ ရောက်ရှိကြရာ ဒေသခံတိုင်းရင်းသားများနှင့် ဥပဒေရေးရာဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြသည်။ ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးညီညီစိုးတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြပြီး မွန်ပြည်နယ်တရား လွှတ်တော် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်အတွင်း လှည့် လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများကရှင်းလင်းတင်ပြကြသည်။


ယင်းနောက် တရားလွှတ်တော် အစည်းအဝေးခန်းမအတွင်း၌ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တရားလွှတ်တော်ရုံး အဆောက်အဦနှင့် ပတ်သက်သည့် အချက်အလက် များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦဆောက်လုပ်ခဲ့ရခြင်း နှင့်ပတ်သက်သည့် Video Clip ကိုပြသသည်။ ယင်းနောက် တရားလွှတ်တော်အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စု တရားသူကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံ သို့ ပြည်ထောင်စုတရားသူကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော် ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အဆောက်အဦပုံစံငယ် ကျောက်စီပန်းချီကားကို ပေးအပ်သည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉) ရပ်တို့ကိုချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက် တွင်လည်း ခေတ်ကာလနှင့် မလျော်ညီသည့်ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်း တို့ကို ဆောင်ရွက် လျက်ရှိကြောင်း။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် နိုင်ငံတော်၏ အာဏာကြီး (၃)ရပ်တွင် တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကျင့်သုံး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး အခန်းကဏ္ဍဟူသည် အရေး ကြီးသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝ လုံခြုံရေး အတွက်လည်း မရှိမဖြစ်သည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း။


နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု၏ဆန္ဒနှင့်အညီ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့အားလုံး မျှော်မှန်းတည်ဆောက်နေသည့် ဒီမိုကရေစီ ခိုင်မာရေး ဆောင်ရွက်ရာတွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတ ခြင်းစသည့် အခြေခံလိုအပ်ချက်များကို ဖြစ်ပေါ်စေရေးအတွက် တရားရေးကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော် သည်မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရှိစေရမည်၊ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် “ဥပဒေအထက်တွင် မည်သူမျှ မရှိစေရ” ဟူသည့်အတိုင်း အဘက်ဘက်က မှန်ကန်တိကျပြီး တရားမျှတမှုရှိသည့် စီရင်ဆုံးဖြတ်ချက်များနှင့် နိုင်ငံနှင့် ပြည်သူလူထု အကျိုးကို ဆောင်ရွက်နိုင်ကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်း။


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏အောက်တွင် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ခရိုင်တရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ မြို့နယ်တရားရုံးများ၊ ဥပဒေအရ တည်ထောင်သည့် အခြားတရားရုံးများဟူ၍ တရားရုံး အဆင့်ဆင့်ဖွဲ့စည်းပြီး မှုခင်းများကို မှန်မှန်ကန်ကန်နှင့် ကြန့်ကြာမှုမရှိစေရန် ကြိုးပမ်း ဆောင်ရွက်‌နေကြသကဲ့သို့ တစ်ဖက်တွင်လည်း တရားရုံးများ၏ ဥပဓိရုပ်ကောင်းမွန် တိုးတက်စေရေး၊ အများပြည်သူတို့ စိတ်ချမ်းသာစွာ လာရောက်နိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။


နိုင်ငံတော်အနေဖြင့် တရားရုံးများကို အဆင့်နှင့်လျော်ညီပြီး ဂုဏ်အင်္ဂါရပ်နှင့် ညီ အောင် ရင်းနှီးတည်ဆောက်ပေးထားသည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့် တရား စီရင်ရေးကဏ္ဍတွင် ထိရောက်အကျိုးရှိသည့် တရားရုံးများ ဖြစ်လာကြလိမ့်မည်ဟု လည်း မျှော်လင့်မိကြောင်း။


တရားစီရင်ရေးဆိုရာတွင် ပြည်သူလူထုက ယုံကြည်အားကိုးရသည့် တရားစီရင် ရေးဖြစ်ရန် အရေးကြီးသည်ကို အထူးပြောရန်မလိုကြောင်း၊ ထိုကဲ့သို့ ယုံကြည်ကိုးစား မှုရှိနိုင်ရေး တရားရုံးများက ဥပဒေနှင့်အညီ လွတ်လပ်မှန်ကန်စွာ ဆုံးဖြတ်နိုင်ခြင်း၊ အဂတိတရား ကင်းစင်ခြင်း၊ မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ အဆုံးအဖြတ်ပြုနိုင်ခြင်း များသည် အရေးပါသည်ဖြစ်သကဲ့သို့ တရားရုံးများ၏ အသွင်အပြင်တင့်တယ်မှု၊ ခန့်ညားထည်ဝါမှု၊ တရားရုံးဝန်ဆောင်မှုများကို ပြည်သူများ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင် မှုရှိရန်လည်း လိုအပ်ကြောင်း။


တရားစီရင်ရေးသည် အမှားအယွင်းမခံသည့်ကိစ္စဖြစ်ပြီး အပြစ်ရှိသူတစ်ယောက် ကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်လိုပြီး အပြစ်မရှိသူတစ်ယောက်ကို အပြစ်ပေးမိ ခြင်းမျိုး မဖြစ်ရန်လိုအပ်ကြောင်း၊ ကျူးလွန်သည့်ပြစ်မှုနှင့် သင့်တော်သည့်ပြစ်ဒဏ် မျိုးကို မှန်မှန်ကန်ကန် ချမှတ်နိုင်ခြင်းသည် တရားစီရင်ရေး၏ အဓိကလိုအပ်ချက် ဖြစ်ရာ တရားသူကြီးများအနေဖြင့် ဥပဒေရေးရာတွင် နှံ့စပ်ကျွမ်းကျင်ပြီး စီရင်ထုံးများ ကို သိရှိနားလည်အောင် အစဉ်ကြိုးစားလေ့လာနေရန် လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန် သူကို နောင်တွင် နောက်ထပ်ပြစ်မှု မကျူးလွန်စေရေး ဟန့်တားနိုင်သည့် ပြစ်ဒဏ်စီရင် ချမှတ်နိုင်ရေးအတွက် တရားသူကြီးများ၏ အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားများ သည် တရားရေးမဏ္ဍိုင်တွင် အလွန်အရေးကြီးသည်ကို အသိပေးမှာကြားလိုကြောင်း။


ယခုအချိန်အခါ၌ကမ္ဘာ့နိုင်ငံအများအပြားတွင်ရှိသည့် တရားရုံးများတွင် နည်း ပညာကိုအသုံးပြုပြီး တရားစီရင်ရေးဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်ပါ ကြောင်း၊ ကွန်ပျူတာ၊ အင်တာနက်နှင့် ဆက်စပ်ပစ္စည်းများကိုလည်း တရားစီရင်ရာ တွင် အသုံးပြုလာကြသကဲ့သို့ ဉာဏ်ရည်တု (AI) နည်းပညာကိုပါ အသုံးပြုလာသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း တရားရုံးများ၌ ICT နည်းပညာများ တဖြည်းဖြည်းနှင့် စတင်အသုံးပြုလာပြီ ဖြစ်ပါကြောင်း၊ သက်သေစစ်ဆေးရာတွင် လည်း Video Conferencing စနစ်ကိုသုံးပြီး အဝေးရောက်နေသည့် သက်သေများကို စစ်ဆေးခြင်းများကိုလည်း လုပ်လာကြပြီဖြစ်ကြောင်း၊ တရားစီရင်ရေးတွင် ခေတ် နောက်မကျစေရေး ကြိုးပမ်းဆောင်ရွက်လာသည်ကို တွေ့ရသဖြင့် ဝမ်းသာအားရဖြစ် သည်ကို ပြောကြားလိုပါကြောင်း။


နိုင်ငံတော်အနေဖြင့် တရားစီရင်ရေးကဏ္ဍတွင် တိုးတက်ပြောင်းလဲမှုများဖြစ်စေ ရန် စဉ်ဆက်မပြတ် အလေးထား ဆောင်ရွက်နေခြင်းဖြစ်ပြီး လိုအပ်သည့်တရားရုံး အဆောက်အဦအသစ်များ ဆောက်နိုင်ရန်နှင့် နည်းပညာပိုင်းဆိုင်ရာပစ္စည်းများ ဝယ်ယူ နိုင်ရန်အတွက်လည်း စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း။


နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဖြစ်သည့် မန္တလေးတိုင်း ဒေသကြီးတရားလွှတ်တော်၊ ချင်းပြည်နယ်တရားလွှတ်တော်၊ မွန်ပြည်နယ်တရား လွှတ်တော်တို့ကို ဆောက်လုပ်ခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၂၂ ရက်က ဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် မွန်ပြည်နယ်တရား လွှတ်တော်ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။


ဒီမိုကရေစီစနစ်၏ အခြေခံဖြစ်သည့် တရားဥပဒေစိုးမိုးရေးကို အကောင်အထည် ဖော်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း တာဝန်ရှိသူများအနေဖြင့် တရားရုံးအဆောက်အဦများ စဉ်ဆက်မပြတ် သန့်ရှင်းကောင်းမွန်စေရေး၊ တရားရုံး အဆောက်အဦ ပရိဘောဂ၊ မှတ်တမ်းများ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး၊ အဂတိ တရား ကင်းကင်းဖြင့် ဥပဒေနှင့်အညီ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုး စီးပွားကို ဖော်ဆောင်ပေးနိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ကြပါဟု မှာကြားလိုပါ ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်က မွန်ပြည်နယ်တရားလွှတ်တော် အဆောက်အဦသစ်ကြီးကို တရားလွှတ်တော် အင်္ဂါရပ်နှင့်အညီ ခန့်ညား ထည်ဝါစွာ ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့သဖြင့် ကျေးဇူးတင်ရှိကြောင်းနှင့် ရေရှည် တည်တံ့ခိုင်မြဲရေး၊ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးတို့အတွက် တာဝန်ရှိသူများက ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုအပ်သည့် အခြေအနေတို့အား ပြောကြားသည်။

 

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)