ဆရာမဒေါ်အေးမာထွန်းအတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာမဒေါ်အေးမာထွန်းအတွက် ပြန်ပြီးပေးဆပ်ရလိမ့်မယ်



တမူးမြို့က ဆရာမ ဒေါ်အေးမာထွန်း ကို PDF အကြမ်းဖက်သမားတွေက ရက်ရက်စက်စက် သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျော်စိုးဦး နဲ့ ဆုံတွေ့ခိုက်မှာ ပြောလာတော့ ခံစားချက် သိပ်မဖြစ်မိဘူး။ PDF အကြမ်းဖက်သမားတွေရဲ့ ရက်စက်ယုတ်မာ ရိုင်းစိုင်းမှုများစွာကို မြင်ခဲ့ရပြီးဖြစ်လို့ မကြည့်ချင်တော့တာလည်း ပါတယ်။


တခါက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို PDF အကြမ်းဖက်သမားတွေက ခြေဖြတ်၊ လက်ဖြတ်ပြီး ရုပ်သံမှတ်တမ်းတင်ထားတာကို တွေ့ခဲ့ရတယ်။ မြင်ရက်စရာမရှိပါဘူး။ နောက်ထပ် အမျိုးသမီးတစ်ဦးကို ထိုင်ခိုင်းပြီး ဓားနဲ့ပိုင်းတဲ့ ရုပ်သံတစ်ခုကို ဖော်ပြခဲ့တယ်။ မန္တလေးမြို့မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရက်ရက်စက်စက် ဓားနဲ့ ထိုးသတ်ပြီး တာယာနဲ့ပုံမီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်တွေဟာ ပြည်ပြေး ဝရမ်းပြေး CRPH, NUG တို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေ လူစိတ်မရှိတော့ဘူးဆိုတာကို သက်သေခံခဲ့တဲ့ ဖြစ်စဉ်တွေပါပဲ။


NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF အစရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေအပေါ် ရက်စက်ယုတ်မာခဲ့တဲ့ မှတ်တမ်းတွေက ပြောလို့တောင် မဆုံးနိုင်တော့ပါဘူး။ လက်ရှိအချိန်အထိ ဆရာမ ဒေါ်အေးမာထွန်း အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်ကတော့ ယခု အချိန်အထိ နောက်ဆုံးဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပါ။


ဒီလိုဖြစ်စဉ်ဖြစ်ရပ်မျိုးတွေ ဖြစ်မလာစေဖို့ တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတွေက ဥပဒေဘောင်အတွင်းကနေ အစွန်းရောက် အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား နှိမ်နင်းဖို့ တိုက်တွန်းခြင်း၊ တောင်းဆိုခြင်းဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုလုပ်ဆောင်နေတဲ့ အစိုးရလို့ ယုံကြည်ကြတဲ့ အတွက် ဖြစ်ပါတယ်။ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေနဲ့က တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့သူကလည်း ပြည်သူ၊ အကြမ်းဖက် လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာလည်း ပြည်သူဆိုတဲ့ အမြင်နဲ့ ညှာတာထောက်ထားတာ၊ တိတိကျကျ ရှင်းလင်းမှု မရှိတာက ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ရဟန်းရှင်လူပြည်သူတွေ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေတာပါပဲ။


ကျွန်တော်တို့တွေဟာ နစကအစိုးရကို အကြပ်အတည်းတွေ့အောင် ဘေးထိုင် ဘုပြောနေတဲ့သူတွေ မဟုတ်ပါဘူး။ နစက အစိုးရအနေနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်နိုင်ဖို့ တစ်ထောင့်တစ်နေရာက အားဖြည့်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။ နစက အစိုးရအနေနဲ့လည်း NLD အစိုးရ ပြောခဲ့သလိုပဲ အစိုးရမှာသာ တာဝန်ရှိတာ မဟုတ်ဘူး။ ပြည်သူတွေမှာလည်း တာဝန်ရှိတယ်လို့ ပြန်ပြောနိုင်ပါတယ်။ ပြောလို့လည်း ရပါတယ်။ NLD အစွန်းရောက်တွေရဲ့ လုပ်ရပ်တွေကို လက်မခံနိုင်တဲ့ ပြည်သူတွေက နစက ဘယ်လိုတာဝန်ပေးလာမလဲ။ ဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်။


နစက အစိုးရအနေနဲ့ ပြည်သူတွေပူးပေါင်းဆောင်ရွက်ပါလို့ သတင်းစာရှင်းလင်းပွဲတွေကနေ သတင်းစကားပေးခဲ့တာမျိုး ရှိပေမယ့်လည်း တာဝန်ရှိသူအဆင့်ဆင့် အနေနဲ့က ပြည်သူတွေ ပူးပေါင်းဆောင်ရွက်လာအောင် ဘယ်လောက်အထိ အားထုတ်ပါသလဲ။ NLD အစွန်းရောက်တွေက လက်နက်ကိုင် အကြမ်းဖက်နေကြတယ်။ NLD ကို မထောက်ခံတဲ့ ပြည်သူတွေမှာ တုန့်ပြန်စရာ လက်နက်မရှိဘူး။ လက်နက် ရှိတာက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပဲ တရားဝင် လက်နက်ကိုင်ခွင့်ရှိတာလေ။ ပြည်သူတွေအနေနဲ့ လက်နဲ့ တုန့်ပြန်လို့တော့ မရဘူး။ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်ရင် ပြည်သူတွေရဲ့ လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မှ ဖြစ်မယ်။ 


နစကအစိုးရကို ယုံကြည်တယ်။ NLD အစွန်းရောက်တွေကို တုန့်ပြန်ချင်တယ်။ ပြည်သူ့စစ်တွေဖွဲ့တယ်။ လက်နက်ရဖို့က ကြန့်ကြာနေတယ်။ လက်နက်မရမီမှာပဲ PDF အကြမ်းဖက်သမားတွေရဲ့ အညှိုးထားသတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ဒီထက်ဆိုးတာက အကြမ်းဖက်အန္တရာယ် ကာကွယ်ရေးအတွက် ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်အောင် အားကြိုးမာန်တက် လုပ်ဆောင်နေတဲ့သူတွေကိုရော နစက ရဲ့ လက်အောက်မှာ ရှိတယ်ဆိုတဲ့ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးယန္တရားမှာရှိတဲ့ ပုဂ္ဂိုလ်တွေက လိုလိုလားလား ပူးပေါင်းဆောင်ရွက်မှု မရှိပြန်ဘူး။ တချို့သော မြို့နယ်များကိုသာ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဘာတာဝန်မှ မရှိတဲ့ အရပ်ဘက်က လူတွေက အကြမ်းဖက်အန္တရာယ်ကာကွယ်ရေး၊ ပြည်သူ့စစ် ဖွဲ့စည်းနိုင်ရေး လိုက်လုပ်ပေးနေတယ်။ သူတို့တွေ မျက်နှာကောင်းမရဘူး။ လုပ်ပေးတဲ့သူကို မကြည်ဘူး။ ရာထူးအာဏာနဲ့ မျက်နှာလို မျက်နှာရ သိပ်လုပ်လိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ မလိုတမာ အမုန်းထားခြင်းကိုလည်း ခံကြရပြန်တယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ရှေးရှုပြီး နယ်မြေဒေသတွေမှာ ပြတ်ပြတ်သားသားလုပ်လိုပြန်တော့လည်း အမိန့်မရလို့၊ ညွှန်ကြားချက်မရလို့၊ တပ်ကူမရလို့ ဆိုတဲ့ ပြဿနာတွေက ရှိနေပြန်ပါတယ်။


ဒါတွေကို စီကာပတ်ကုန်း ပြောနေလို့လည်း ကိစ္စက မပြီးပါဘူး။ တပ်မတော်သား ဆိုတာ အနည်းဆုံး မတရားမှုတွေကို တားဆီးနိုင်တယ်။ တားဆီးခွင့်လည်း ရှိတယ်။ ဒါကြောင့် ပြည်သူတစ်ယောက်အနေနဲ့ နစက အစိုးရကို တောင်းဆိုနေတာထက် မြေပြင်မှာ လက်တွေ့ကျကျ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေကြတဲ့ တပ်မတော်သား ညီအစ်ကိုများကို အလေးအနက် တောင်းဆိုလိုပါတယ်။ ညီအစ်ကိုတို့ အနေနဲ့ ကိုယ့်ဘာသာ သာသနာအပေါ်လည်း အလေးထားကြလိမ့်မယ်လို့ ယုံကြည်တယ်။ အန္တဂိုဏ်းဝင် ဆရာ/ဆရာမများအပေါ်မှာလည်း တန်ဖိုးထားကြလိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။


NLD အစွန်းရောက် ပြည်ပြေး ဝရမ်းပြေး CRPH, NUG တို့ရဲ့ သြဇာခံ PDF အကြမ်းဖက်သမားတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို တပ်မတော်သား ညီအစ်ကိုများ အနေနဲ့လည်း ကြားသိ မြင်တွေ့နေရမှာပဲ ဖြစ်ပါတယ်။ တပ်မတော်သား ညီအစ်ကိုများကို အားကိုးအားထားပြုပြီး ဥပဒေဘောင်အတွင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေအပေါ် လူမဆန်စွာ ယုတ်မာရိုင်းစိုင်းနေတဲ့ ပြည်ဖျက်မိစ္ဆာ PDF အကြမ်းဖက်သမားများကို အမြစ်ပြတ်အောင် ရှင်းလင်းဖယ်ရှားပေးပါ။ ယုံကြည် အားကိုးလွန်းလို့ အကူအညီ တောင်းခံခြင်းဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)