မြေခွန်တော်များကို နှစ်စဉ်အချိန်မီ ပေးဆောင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြေခွန်တော်များကို နှစ်စဉ်အချိန်မီ ပေးဆောင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်



MNP  -   ဒီဇင်ဘာ ၃၀

ဒေသဝမ်းစာဖူလုံရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး လုပ်ငန်းများထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စိုက်ပျိုးမြေများ ထိခိုက်လျော့ပါးမှုမရှိစေရန် မြေယာမူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိသကဲ့သို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို အကျိုးရှိစွာ အသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူ‌ရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင် ရေးကိုလည်း စနစ်တကျ အားပေးမြှင့်တင်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ (၉)ကြိမ်မြောက် အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် တိရစ္ဆာန် အစာများကို စိုက်ပျိုးရေးလုပ်ငန်းများမှ ထုတ်လုပ်ရရှိသကဲ့သို့ မွေးမြူရေးတိရစ္ဆာန် စွန့်ပစ်ပစ္စည်းများကို စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝမြေဩဇာအဖြစ် ပြန်လည်အသုံးပြုနိုင်သော အပြန်အလှန် ဆက်စပ်အကျိုးပြုနေသည့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စံပြအဖြစ် အောင်မြင်ဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန် ကုန်ကြမ်းများဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်း (MSME)များ၏ ကုန်ထုတ်လုပ် မှုကို မြှင့်တင်ဆောင်ရွက်ပြီး ဒေသတွင်း စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန် တာဝန် ရှိသူအဆင့်ဆင့်က စနစ်တကျ စီမံဆောင်ရွက်ကြရန် လိုကြောင်း၊ ယင်းလုပ်ငန်းများအတွက် မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များကို စနစ်တကျ ဆောင်ရွက်ပေး လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းကို ဖတ်ကြားတင်ပြရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုကော်မတီဝင်များက အကြောင်း အရာတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ကြသည်။


၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲ‌ ရေးဗဟိုကော်မတီမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးလုပ်ငန်း ရပ်အသီးသီးအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ဧက ၁၉၀၀၀၀ ကျော် ခွင့်ပြုထားရှိခဲ့ကာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ စီမံခန့်ခွဲရေး ကော်မတီများမှ ခွင့်ပြုဧရိယာဧက ၂၃၀၀၀၀ ကျော် စုစုပေါင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ခွင့်ပြုဧရိယာဧက ၄၃၀၀၀၀ ကျော် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးခဲ့ပြီး ဖြစ်သည်။


မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမှန် တကယ်စီးပွားဖြစ် လုပ်ကိုင်လိုသူများ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသူများ၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ချထားပေးလျက်ရှိရာ တစ်ဧကလျှင် အာမခံကြေးအား ၁၀၀၀၀ ကျပ် ပေးသွင်းရပြီး အကောင်အထည်ဖော် လုပ်ကိုင်ခွင့် တည်ငြိမ်ပြီးစီးခဲ့ပါက အဆိုပါ ပေးသွင်းထားသည့် အာမခံ‌ကြေးအား ပြန်လည်ထုတ်ပေးခြင်း၊ မြေလွတ်၊ မြေရိုင်းအား တည်ဆဲဥပဒေများနှင့်အညီ ပိုင်ရေးဆိုင်ခွင့်များ ပေးအပ်ခြင်းဖြစ်၍ မြေတန်ဖိုး ကုန်ကြရန်မရှိဘဲ မြေပိုင်ဆိုင်မှု အခွင့်အရေးရရှိနိုင်သဖြင့် နိုင်ငံတော်အစိုးရက အခမဲ့ပေးဝေ ချထားသည့် မြေအပေါ် သတ်မှတ် မြေခွန်တော်ကိုကြွေးကျန်မရှိစေဘဲ အပြည့်အဝပေးသွင်းရန်နှင့် သတ်မှတ်စည်းကမ်းချက်များကို တိကျစွာလိုက်နာအကောင် အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ ဖော်ထုတ်အသုံးပြုခြင်းအတွက် ကောက်ခံသည့် မြေခွန်တော်အနေဖြင့် တစ်ဧကလျှင် နှစ်ရှည်သီးနှံ စိုက်ပျိုးရေးအတွက် ကျပ် ၃၀၀၀၊ ဥယျာဉ်ခြံသီးနှံအတွက် ကျပ် ၂၀၀၀၊ ရာသီသီးနှံအတွက် ကျပ် ၁၀၀၀၊ မွေးမြူရေးလုပ်ငန်းတွင် ငါး၊ ပုစွန်၊ ကဏန်းမွေးမြူခြင်းအတွက် ကျပ် ၃၀၀၀၊ အခြားတိရစ္ဆာန် မွေးမြူပါက ကျပ် ၁၀၀၀၊ ဓာတ် သတ္တုအပါအဝင် အခြားလုပ်ငန်းများအတွက် ကျပ် ၅၀၀၀ မျှသာ သတ်မှတ် ကောက်ခံလျက်ရှိရာ အမှန်တကယ် လုပ်ငန်းဆောင်ရွက်သူများအတွက် အလွယ်တကူ ပေးဆောင်နိုင်သည့် ပမာဏမျှသာဖြစ်၍ မြေခွန်တော်များကို နှစ်စဉ်အချိန်မီ ပေးဆောင်ကြရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းနှင့် မြေခွန်တော်ပေးဆောင်ရန် ပျက်ကွက်သူများကိုလည်း ဖော်ထုတ်အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)