တာမွေမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်တန်းဖွင့်လှစ်






MNP  -   ဒီဇင်ဘာ      ၂၇

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ စီစဉ်ဖွင့်လှစ်သော  မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင် ဒုတိယရဲမှူးကြီးလှသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ နိုင်ငံတော်၏ တိကျမှန်ကန်သော လူဦးရေစာရင်းများအပေါ် အခြေခံပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ အနာဂတ် ရေတိုရေရှည်စီမံကိန်းများကို ထိထိရောက်ရောက် အောင်အောင်မြင်မြင်နှင့် အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်သောကြောင့် လူတစ်ဦးချင်း၏ အချက်အလက်များ၊ တိကျ၊ပြည့်စုံ၊မှန်ကန်စေရန်နှင့် လူဦးရေစာရင်းများ တိကျမှန်ကန်စေရေးဟာ နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်း ဆောင်ရွက်တဲ့လုပ်ငန်းကို ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် Talk Show များ၊ ရေဒီယိုများနှင့် သတင်းစာများမှ အသိပညာပေး ဆောင်ရွက်သွားရမှာဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး လုပ်ငန်းကို ဆောင်ရွက် တဲ့နေရာမှာ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ ၊ လူမှုရေးအသင်းအဖွဲ့များက တတ်နိုင်သမျှ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါကြောင်း၊ မြေပြင်စာရင်းကောက်ယူတဲ့နေရာမှာ အချက်အလက်များ လိုအပ်ပါက ကျွမ်းကျင်ဝန်ထမ်းများ ပါဝင်တဲ့  (Working Group)တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်ဟာ အဓိကကျတဲ့ လုပ်ငန်းစဉ်ဖြစ်လို့ မြေပြင်မှာ မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မြို့နယ်အလိုက် သင်တန်းများကို ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး သင်တန်းနှစ်ကြိမ်ဖွင့်လှစ်ရန် လိုအပ်တဲ့ မြို့နယ်များမှာ တော့ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ထပ်မံပို့ချပေးသွားမှာဖြစ်ပါကြောင်း ၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူကြမည့် (Working Group) အဖွဲ့များသည် မြေပြင်မှာ အမှန်တကယ် ကွင်းဆင်းပြီး လုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အဓိကတာဝန်ရှိသူများ ဖြစ်တာကြောင့် ဒီကနေ့ သင်ကြားပို့ချမှုများကို စိတ်ပါဝင်စားစွာ သင်ယူပြီး အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူကာ နိုင်ငံတော်အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီး ပြီးမြောက်အောင်မြင်စေရန် ပံ့ပိုးကူညီဆောင်ရွက်ပေးကြဖို့ အထူးမှာကြားလိုပါကြောင်း ” စသည်ဖြင့် ပြောကြားခဲ့ပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မြေပြင်ကွင်းဆင်း စာရင်း ကောက်ယူရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော သင်တန်းသား/သူများအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ သင်ခန်းစာများကို အကျယ် တဝင့် ရှင်းလင်းဆွေး‌‌နွေးပို့ချပေးခဲ့ကြပြီး သင်တန်းသား/သူများက မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။


အဆိုပါ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး သင်တန်းတွင် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်းနှင့် စာရင်းကောက်ကျင့်ဝတ် ရှင်းလင်းခြင်း၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လက်စွဲစာစောင်အား အသေးစိတ်ရှင်းလင်းခြင်း၊ အိမ်ထောင်စုပုံစံအလွတ် ရေးသွင်းခြင်း၊ ရေးသွင်းကောက်ယူရမည့်သူများနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ မသန်စွမ်း(၅)မျိုး ကောက်ယူမှုနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ ပုံံစံများ ဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းပြုစုခြင်း၊ စာရင်းကောက်ပြီးချိန်တွင် စာရင်းချုပ်ပြုစုခြင်း၊ ပုံံစံများ ပြန်လည်အပ်နှံရမည့် ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းခြင်း စသည့်တို့ကို အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)