လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်တက်ရောက်

 


MNP - ဒီဇင်ဘာ  ၁၇


လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်းသတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ် တင်ပို့နိုင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က မကွေးမြို့၊ နန်းထိုက်သူဟိုတယ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်ဦး၊တိုင်းဒေသကြီးအတွင်းရှိ ကုန်သည်အသင်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဆွေးနွေးပွဲအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးအသိပညာပေး ဆွေးနွေးပွဲသည် ကျင်းပဆောင်ရွက်သင့်သည် ကိစ္စတစ်ရပ်ဖြစ်ပြီး မိမိတို့မကွေးတိုင်းဒေသကြီး၏ လူဦးရေ(၈၀)ရာခိုင်နှုန်း သည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်လျက်ရှိကြသော ကျေးလက်နေ ပြည်သူများဖြစ်ပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲနှင့်ပဲအမျိုးမျိုးတို့အား အဓိကထား စိုက်ပျိုးလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ(MSME)နှင့်တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး အား စားသုံဆီးများ အများဆုံးထုတ်လုပ်နိုင်သည့်တိုင်းဒေသကြီးဖြစ်စေရန်နှင့် ဆီထွက်သီးနှံစိုက်ပျိုးမှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သလို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ပြည်တွင်းစားသုံးဆီလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်သည့် တိုင်းဒေသကြီးဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပသို့တင်ပို့လျက်ရှိသည့် နှမ်း၊ ပဲတီစိမ်း၊ ထောပတ်ပဲများအား အရည်အသွေးပြည့်မီပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ဒါ့အပြင် အစိုးရမဟုတ်သောအဖွဲ့အစည်းဖြစ်သည့် ပေါင်းစုလုပ်အားအကူအညီပေးရေးအဖွဲ့(NAG) တောင်သူများအား (GAP)စနစ်ဖြင့် သီးနှံများစိုက်ပျိုးပြီး ခိုင်မာသောဈေးကွက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။


ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါက လယ်ယာထွက်ကုန်သီးနှံများ ပိုးသတ်ဆေး ဓာတ်ကြွင်းသုံးစွဲမှုပမာဏ လျှော့ချရေး၊ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့တင်ပို့သည့် နှမ်း၊ ပဲတီစိမ်းနှင့် ထောပတ်ပဲများတွင် Cyanide ဓာတ်ပါဝင်မှုသည် သတ်မှတ်ချက်ထက်ကျော်လွန်နေသည့် အကြောင်းအရာများ၊ သက်ဆိုင်ရာနိုင်ငံများအလိုက် လယ်ယာထွက်ကုန်များ စနစ်တကျတင်ပို့ရာတွင် အရည်အသွေးကောင်းပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးလုပ်ငန်းစဉ်များနှင့် ထုတ်လုပ်တင်ပို့ရာတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များအနေဖြင့် အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက စားသုံဆီများ အောင်မြင်စွာ ထုတ်လုပ်ရောင်းချနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါ လယ်ယာထွက်ကုန်သီးနှံများကို ပိုးသတ်ဆေးဓာတ်ကြွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်လုပ်တင်ပို့နိုင်ရေးဆွေးနွေးပွဲကို လယ်ယာထွက်ကုန်သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်း သုံးစွဲမှုပမာဏလျှော့ချရေး၊ မြန်မာ့လယ်ယာထွက်ကုန်များ၏ တန်ဖိုးနှင့်ဂုဏ်သတင်းကို ထိန်းသိမ်းနိုင်ရေးနှင့် အရည်အသွေးမြင့် လယ်ယာထွက်ကုန်သီးနှံများတင်ပို့နိုင်ရေးစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် သက်ဆိုင်ရာဌာနအသီးသီးမှ ပညာရှင်များမှ အသိပညာပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)