မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT)၏ COMMIT Regional Task Force (COMMIT RTF) အစည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း (COMMIT)၏ COMMIT Regional Task Force (COMMIT RTF) အစည်းအဝေးကျင်းပပြုလုပ်


MNP ၊ ဒီဇင်ဘာ ၁၈        

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း(COMMIT)၏ COMMIT Regional Task Force (COMMIT RTF)အစည်းအဝေးကို ယမန်နေ့က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး၊ အစည်းအဝေးခန်းမ၌ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ COMMIT အဖွဲ့ဝင် နိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ COMMIT အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

      

အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်သည့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးရေးနှင့် လူသား လုံခြုံရေးဝန်ကြီးဌာန(MSDHS)၊ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြင့်ထူးက လွန်ခဲ့သော(၂)နှစ်အတွင်း ပေါ်ပေါက် လာသော လူကုန်ကူးမှုလမ်းကြောင်းသစ်များ၊ မဲခေါင်ဒေသခွဲအတွင်း လုပ်ငန်းစီမံချက်(SPA IV) အကောင်အထည်ဖော်ခြင်း၏ သက်ရောက်မှုနှင့်ရရှိခဲ့သော သင်ခန်းစာများနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးရာတွင် ဒေသတွင်းလူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းများမှာ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိပညာနည်းပါးခြင်း၊ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက် အပြည်အစုံမရရှိခြင်း၊ ယုံကြည်လွယ်ခြင်း၊ နိုင်ငံများအကြားကျင့်သုံးသော ဥပဒေစနစ်မတူညီခြင်း၊ ဆိုက်ရောက်နိုင်ငံများ၏ တရားမဝင်လုပ်သား လိုအပ်ချက်များပြားခြင်းနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်မှု အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း ဆွေးနွေးတင်ပြသွားသည်။

     

မြန်မာနိုင်ငံတွင်းဖြစ်ပွားလေ့ရှိသည့် လူကုန်ကူးမှုပုံစံများမှာ အဓမ္မထိမ်းမြားလက်ထပ်မှု၊ အဓမ္မ ပြည့်တန်ဆာပြုမှု၊ အဓမ္မစေခိုင်းမှု၊ ကြွေးမြီဖြင့်နှောင်ဖွဲ့ခိုင်းစေမှု၊ အဓမ္မမွေးစားမှု၊ အငှားကိုယ်ဝန် ဆောင်မှု၊ ကလေးရောင်းစားမှုနှင့် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတို့ဖြစ်ကြောင်း၊ လူကုန်ကူးမှုကို ဦးတည်နေပြီး အွန်လိုင်းမှတစ်ဆင့် အဓမ္မလိမ်လည်စေရန် လူစုဆောင်းသည့် ဖြစ်စဉ်များလည်း ဖြစ်ပွား လျက်ရှိကြောင်း၊ အဆိုပါဖြစ်စဉ်များတွင် အနည်းဆုံး နိုင်ငံ(၃)နိုင်ငံပါဝင်ပတ်သက်နေကြောင်း၊ COMMIT အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ဒေသတွင်း တည်ငြိမ်မှု၊ လုံခြုံမှု၊ ဂုဏ်သိက္ခာတရားများကို ကာကွယ် နိုင်ရန် ယခုလိုဖြစ်စဉ်မျိုးကို အလေးထားပူးပေါင်းကာကွယ်သွားကြရန် တိုက်တွန်းပါကြောင်းပြော ကြားသည်။

       

ထို့နောက် COMMIT အဖွဲ့ဝင်နိုင်ငံများက လွန်ခဲ့သော(၂)နှစ်အတွင်း ပေါ်ပေါက်လာသော လူကုန်ကူးမှုလမ်းကြောင်းသစ်များ၊ မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက်(SPA IV)အကောင်အထည် ဖော်ခြင်း၏ သက်ရောက်မှုနှင့်ရရှိခဲ့သော သင်ခန်းစာများ၊ နိုင်ငံဖြတ်ကျော်လွှဲပြောင်းညွှန်းပို့မှု ယန္တရား (Transnational Referral Mechanism-TRM) ဖွံ့ဖြိုးမှုတိုးတက်မှု၊ မဲခေါင်ဒေသခွဲတွင်း လုပ်ငန်းစီမံချက် (SPA IV)ရေးဆွဲဖော်ထုတ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)