ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်



MNP  -  ဒီဇင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက်အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီးခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ဟောပြောခြင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာမှူး ဒေါ်တင်ဇာနည်မျိုးက လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်း၊ မြို့မဈေး ဈေးအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးအေးတင့်က မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများအား တင်ပြခြင်း၊  မြို့နယ်စည်ပင် သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဉာဏ်ဦးက မြို့မဈေးမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ရေကန်များ၊ ရေငုတ်များနှင့် မီးသတ်ရေပိုက်များ သွယ်တန်းထားရှိမှု၊ မီးဘေးလုံခြုံရေးဆိုင်ရာ ပစ္စည်းများဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်မီးသုံးစွဲမှု၊ လျှပ်စစ်ဝါယာ ကြိုးများသွယ်တန်းထားရှိမှုနှင့် ကြံ့ခိုင်မှုအခြေအနေများနှင့် မြို့မဈေးအတွင်းရှိ ဈေးသူဈေးသားများ လိုက်နာရမည့်အချက်များအား ရှင်းလင်း ဆွေးနွေးဟောပြောခဲ့သည်။


ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ပူးပေါင်းအဖွဲ့မှ မြို့မဈေးဆိုင်ခန်းများတွင် လုံခြုံရေးမီးလိုင်းများ သွယ်တန်းထားရှိမှု၊ မီးလောင်လွယ်စေသော လောင်စာများစုပုံထားရှိမှု မရှိစေရေးနှင့် မီးသတ်ဆေးဘူးများ ထားရှိမှုအခြေအနေ များကို လိုက်လံစစ်ဆေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးလောင်မှုအပါအဝင် မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဗူး အသုံးပြုနည်းများကို လက်တွေ့သရုပ်ပြသကာ မြို့နယ်မီးသတ်ဦးစီးဌာန၏ မီးသတ်ယာဉ်(၃)စီး၊ ရေသယ် ယာဉ် (၁)စီးတို့ဖြင့် မီးငြိမ်းသတ်မှု ဇာတ်တိုက် လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်မှု ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ရာသို့ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးရဲရန်ပိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးခိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


မောင်မျိုးမင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)