(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)ဖြင့် စက်မှုဇုန်များရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများသို့ ကွင်းဆင်ဆေးကုသမှုဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)ဖြင့် စက်မှုဇုန်များရှိ လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများသို့ ကွင်းဆင်ဆေးကုသမှုဆောင်ရွက်


MNP ၊ ဒီဇင်ဘာ ၂၀

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ၂ စီးဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန်နှင့် ရွှေလင်ပန်းစက်မှုဇုန်တို့မှ လူမှုဖူလုံရေးအကျုံးဝင် အလုပ်သမားများအား အလုပ်ဌာန အရောက် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးသည်။


ထိုသို့ဆောင်ရွက်ပေးမှုကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် တာဝန်ရှိသူ များက ကြည့်ရှုအားပေးကာ အာမခံအလုပ် သမားများအတွက် ကျန်းမာရေးသုံးပစ္စည်းဖြစ်သော တစ်ခါသုံး နှာခေါင်းစည်း (Disposable Mask) နှင့် အားဆေးများကို ပေးအပ်သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ်(၂၁)၊ သောင်ကြီးမြောက်၊ ရန်ကုန် ပုသိမ်လမ်းမကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်)သို့ သွားရောက်ပြီး ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်း ဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုသည် လူမှုဖူလုံရေးအဖွဲ့၏ အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်၍ အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့်လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း။


ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းအောင်မြင်‌စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခု ဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမို ထိရောက်အောင်ဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးကာ ဆေးဝါးကုသပေးနေမှုများကိုလည်းကောင်း၊ အတွင်းလူနာကုသပေးသည့် လူနာဆောင်များ ကိုလည်းကောင်း၊ Oxygen Plant ဖြင့် Oxygen ထုတ်လွှတ်နေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၁၉) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား ၁.၂၃ သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေး အဖွဲ့ပိုင် ဆေးရုံကြီး (၃) ရုံ၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၈) ခန်း၊ စာချုပ်ဆေးခန်း (၃၇) ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှုဆောင်ရွက်နေသော ဆေးခန်း (၈) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းအပြင် ရွေ့လျားဆေးကုသယာဉ် (၂) စီးဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။


ရန်ကုန်တိုင်းဒေသကြီးအတွင်း အာမခံအလုပ်သမား (၈၈၄၁၈၇) ဉီး အကျုံးဝင်ထားရှိပြီး အဓိကလုပ်သား အင်အားနှင့် စက်ရုံ၊ အလုပ်ရုံ များပြားသည့်အတွက် ရွေ့လျားကုသယာဉ်ဖြင့် ကုသမှုကို စက်မှုဇုန်ကြီးများသို့ ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ပြီး ကျန်စက်မှုဇုန်များကိုလည်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)