PDF အကြမ်းဖက်သမားများ သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများကို ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော် စစ်ကြောင်းများက ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများ သယ်ဆောင်လာသည့် လက်နက်၊ ခဲယမ်းများကို ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီး တပ်မတော် စစ်ကြောင်းများက ဖမ်းဆီးရမိ






နေပြည်တော်၊ ဒီဇင်ဘာ ၁၇

နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက် လုပ်ဆောင်မှုကို ဆန့်ကျင်လိုကြသည့် ဒေသခံတောင်ပေါ် တိုင်းရင်းသား အချို့၏ လျှို့ဝှက်ဆက်သွယ် သတင်းပေးပို့မှုအရ NUG၊ CRPH တို့၏ ဆက်သွယ်ညွှန်ကြားမှုဖြင့် လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာသည့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ရောက်ရှိနေကြောင်း တပ်မတော်မှ သိရှိရ၍ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကျောက်မဲခရိုင်၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာအနီးသို့ တပ်မတော်စစ်ကြောင်း များက လေကြောင်းချီစစ်ဆင်ကာ အချိန်မီ တိုက်ခိုက်၍ လက်နက်၊ ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့သည်။


ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဂန့်ဂေါမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား တောတွင်းပုန်းအောင်း၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ကာ အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများအား ပြန်ပေးဆွဲ၊ ဖမ်းဆီးသတ်ဖြတ်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် NUG၊ CRPH တို့နှင့် ဆက်သွယ်၍ ပလောင် ဒေသမှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လက်နက်၊ ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သယ်ဆောင်လာကြောင်းနှင့် ၎င်းအဖွဲ့များသည် နမ့်ဆန်မြို့နယ်၊ ကုန်းသာရွာတစ်ဝိုက် ရောက်ရှိခိုအောင်းနေကြောင်း အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံတောင်ပေါ်ကျေးရွာ တိုင်းရင်းသားအချို့၏ သတင်းပေးပို့ချက်အရ  ဒီဇင်ဘာ ၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများမှ လေကြောင်းချီ စစ်ဆင်လျက် ဝိုင်းပတ် ပိတ်ဆို့၍ အဆိုပါပစ္စည်းများ သိမ်းဆည်းရမိရေး ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ တို့ထံမှ အလောင်းများနှင့် လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး ပစ္စည်းအချို့အား သိမ်းဆည်းရမိခဲ့သည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့သည်။


အကြမ်းဖက်အဖွဲ့များအား ဝင်ရောက်တိုက်ခိုက်ရာတွင် အစောပိုင်း၌ TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှ ပလောင်ဒေသအတွင်း ဖြစ်ပွားမှုအပေါ် နားလည်မှုလွဲမှားပြီး ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့သော်လည်း ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ပြည်သူအပေါ်အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်နေသည့် NUG၊ CRPH၊ PDF တို့နှင့်သာ သက်ဆိုင်ကြောင်း ရှင်းလင်းအသိပေးခဲ့သဖြင့် နောက်ပိုင်းတွင် TNLA အနေဖြင့် အသိပေးရှင်းလင်းမှုအပေါ် သဘောပေါက်နားလည် လက်ခံခဲ့ကြောင်း သိရှိရသည်။


အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် လက်ခံမှုမရှိဘဲ ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်လျက်ရှိကာ ၎င်းတို့၏ လှုပ်ရှားမှု သတင်းများအား အချိန်မီ ပေးပို့ခဲ့မှုကြောင့်သာ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်မည့် လက်နက်၊ ခဲယမ်းများကို ယခုကဲ့သို့ အချိန်မီ ဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ် အေးချမ်းအတွက် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)